အခန်း (၅၇၀)
Vol. 41 Ch. 570
ပန်းခြွေမသေမျိုးမှာ လိုက်မမီနိုင်စွာ ကြောင်အနေစဥ် နောက်ထပ်လက်ဖဝါးတစ်ချက်က အကာအကွယ်မရှိတော့သော သူ့ဆီသို့ တည့်တည့်ကျရောက်လာသည်။
ဤတစ်ခါကား ချင်ရူရန် အံ့အားသင့်ရမည့်အလှည့်ပင်။ အဘယ့်ကြောင့်ဆိုသော သူမ၏ မျက်လုံးများရှေ့တွင် ပန်းခြွေမသေမျိုး၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရေတွက်မရနိုင်သော ပန်းပွင့်ဖတ်များအဖြစ် ပြောင်းလဲသွားရုံသာမက သူမ၏ လက်ဖဝါးအားကို လိမ္မာပါးနပ်စွာ ရှောင်ရှားနိုင်ခဲ့ပြီး အဝေးတစ်နေရာသို့ လှစ်ခနဲကူးပြောင်းသွားခဲ့သည်။
ထိုပန်းဖတ်များသည် ပေတစ်ရာအကွာသို့ လွင့်ထွက်သွားပြီးမှ ပြန်လည်စုပေါင်းကာ ပန်းခြွေမသေမျိုးအဖြစ် ပြန်လည်ဖွဲ့စည်းသွားပြီး ထိုသူမှာ ချွေးများဖြင့် ဖုံးလွှမ်းနေကာ ဖြူဖျော့နေသောမျက်နှာဖြင့် အားအင်တော်တော်လေး ကုန်ခမ်းနေပုံရသည်။
"သေစမ်းကွာ၊ ဒီ ခေတ်မှာ ဒီလိုပါရမီရှင်တွေက ရှိနေသေးတာပဲလား?"
“ဒီတစ်ယောက်နဲ့မှ တည့်တည့်တိုးမိတာ ကံဆိုးတာပဲ!"
“ဘယ်လောက် ဆိုးရွားလိုက်တဲ့ ကံကြမ္မာလဲ!"
ပန်းခြွေမသေမျိုးသည် ချွေးအေးများကို သုတ်ချလိုက်ပြီး ကြောက်ရွံ့မှုကို ခံစားနေရဆဲဖြစ်ကာ ထွက်ပြေးရမလား ပြန်တိုက်ရမလား ဝေခွဲမရဖြစ်နေခဲ့သည်။
ချင်ရူရန်သာ မသေမျိုးဘုရင်တစ်ပါးဖြစ်ပါက သူ ချက်ချင်းလှည့်ပြီး နောက်မကြည့်စတမ်း ထွက်ပြေးလိမ့်မည်။ သို့သော် သူမသည် မသေမျိုးအရှင်သခင်တစ်ဦးသာ ဖြစ်သည်။ သူရဲဘောကြောင်စွာ ထွက်ပြေးခြင်းက အတော်ပင် ရှက်ဖွယ်ကောင်းပေမည်။
“ထွက်ပြေးဖို့ စဥ်းတောင်မစဉ်းစားနဲ့!"
ချင်ရူရန်၏ အေးစက်သောအသံသည် နောက်ကျောဘက်မှထွက်ပေါ်လာခဲ့ပြီး တစ်စထက်တစ်စ နီးကပ်လာကာ သူ့နားကပ်၍ တီးတိုးပြောနေဟန်ပင်ရှိ၏။
“မင်း၊ မင်း တကယ်ပဲ မဖြစ်မနေ တစ်ပွဲနွှဲချင်တာပေါ့လေ?!"
“ငါက အမျိုးသမီးတွေကို မထိခိုက်စေချင်တဲ့ လူကြီးလူကောင်းတစ်ဦးပါ၊ ဒီလောက်နဲ့ပဲရပ်လိုက်ဖို့ စဥ်းစားထားပေမဲ့ မင်းဘက်က မလျှော့စတမ်းဖြစ်နေမှတော့ သေတဲ့အထိ တိုက်ကြတာပေါ့ကွာ!"
ပန်းခြွေမသေမျိုးသည် ဒေါသတလူလူထွက်ကာ သူ့ခန္ဓာကိုယ်အတွင်းရှိ မသေမျိုးချီကို အရူးအမူး လောင်ကျွမ်းစေလျက် အစွမ်းထက်ဆုံးကျင့်စဥ်အား ထုတ်သုံးဖို့ပြင်ဆင်လိုက်သည်။
ချက်ချင်းဆိုသလို လေဟာနယ်သည် အလွှာအထပ်ထပ်ကွဲသွားပြီး အလွှာတိုင်းတွင် ကျယ်ပြန့်သော ပန်းပင်လယ်တစ်ခုစီဖြင့် ပြည့်နှက်နေကာ အရောင်အသွေးစုံလင်စွာဖြင့် အလှပြိုင်နေကြသည့်နှယ် ရှိ၏။ သို့သော် ထူးဆန်းသည်မှာ ပန်းတစ်ပွင့်စီ၏ ဝတ်ဆံဖူးတွင် လူ့မျက်နှာတစ်ခု ပါဝင်နေသည်။ အမျိုးသားနှင့် အမျိုးသမီးများ၊ ငယ်ရွယ်နုပျိုသူများနှင့် ကြီးရင့်အိုမင်းသူများ၊ စသည်ဖြင့် အသက်အရွယ် ကျားမမရွေးသော လူအပေါင်းသည် ပုံပျက်ပန်းပျက် အမူအရာများဖြင့် အော်ဟစ်နေကြပြီး သူတို့၏ နတ်ဆိုးကဲ့သို့အသံများက နားကွဲမတတ်ဆူညံနေကာ ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုကို ဖန်တီးလျက်ရှိ၏။
“ပန်းမျက်နှာကမ္ဘာ!!"
ပန်းခြွေမသေမျိုးသည် လက်များကိုဖြန့်ကာ စိတ်လွတ်လက်လွတ် အော်ဟစ်လိုက်သည်။
အုံး~
ယောင်ကွမ်း သူတော်စင်နယ်မြေသည် ပြင်းထန်စွာတုန်ခါသွားပြီး အမျိုးသမီး ကျင့်ကြံသူအပေါင်းမှာ မြေပြင်ပေါ်တွင် ပျော့ခွေလဲကျကာ ကောင်းကင်ရှိ လူမျက်နှာနှင့်ပန်းများ၏ ကမ္ဘာငယ်သည် သူတို့ဆီသို့ ဖြည်းညှင်းစွာ ဆင်းသက်လာသည်ကို အထိတ်တလန့် မော့ကြည့်နေမိကြ၏။
ပန်းခြွေမသေမျိုး၏ တိုက်ကွက်မှ ဖြစ်ပေါ်စေသော ဆူညံသံသည် အလွန်ကြီးမားကျယ်ပြန့်လှသဖြင့် ထန်တိုင်းပြည်နယ်ရှိ ကျင့်ကြံသူအပေါင်းမှာလည်း ဆောက်တည်ရာမရ ထိတ်လန့်ကုန်ကြသည်။
တိုက်ပွဲမြင်ကွင်းတွင် ချင်ရူရန်၏ မိုးတိမ်ကဲ့သို့ ပျော့စင်းရှည်လျားသော ဆံပင်များသည် လေပြင်းနှင့်အတူ အရူးအမူး လွင့်ခါနေပြီး သူမ၏ မျက်နှာမှာတော့ ယခင်အတိုင်း မပြောင်းမလဲ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူမသည် လက်သင်္ကေတတစ်ခုဖွဲ့စည်းပြီး ကောင်းကင်သို့မော့ကာ ပစ်လွှတ်လိုက်သည်။
“ကောင်းကင်ဖုံးလွှမ်းလက်ဝါး!"
ချက်ချင်းဆိုသလို ပန်းမျက်နှာကမ္ဘာသည် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံကြီးတစ်ခုဖြင့် ကွဲအက်သွားသည်မှာ မမြင်နိုင်သော ဧရာမလက်ကြီးတစ်ခုဖြင့် ထုချေခံလိုက်ရသည့်အလား။
“ဖွတ်!"
တန်ပြန်သက်ရောက်မှုကြောင့် ပန်းခြွေမသေမျိုးသည် သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး သူ့ မျက်လုံးများတွင် မယုံနိုင်ခြင်းများဖြင့် ပြည့်နှက်နေကာ တီးတိုးရေရွတ်မိသည်။ “ဒါလုံးဝမဖြစ်နိုင်ဘူး..."
ရှေးဟောင်းခေတ်ကတည်းက ပျောက်ဆုံးတိမ်မြုပ်သွားသော ကောင်းကင်ဖုံးလွှမ်းလက်ဝါး။
ကောင်းကင်ဖုံးလွှမ်းလက်ဝါးသည် သူနုငယ်စဥ်အခါက မော်ကြည့်ခဲ့ရဖူးသော ထိုပုဂ္ဂိုလ်ထူး၏ ကိုယ်စားပြုကျင့်စဥ်များထဲမှ တစ်ခုပင်။
ဒီအမျိုးသမီးက အဲ့ကျင့်စဥ်ကို ဘယ်လိုတတ်မြောက်နေတာလဲ?
“မင်း၊ မင်း တကယ်ပဲ ဘယ်သူလဲ?!"** ပန်းခြွေမသေမျိုး အထိတ်တလန့်မေးလိုက်သည်။
“မင်းကို သတ်မယ့်သူ!"
ချင်ရူရန်၏ မျက်နှာသည် အမူအရာကင်းမဲ့နေပြီး စကားလုံးတစ်လုံးချင်းစီတိုင်းက အေးစက်ခဲသက်ကာ ဓားသွားကဲ့သို့ ချွန်မြသည်။
ထို့နောက် လျင်မြန်စွာ ခြေတစ်လှမ်းလှမ်းလိုက်ပြီး သူမသည် ပန်းခြွေမသေမျိုးရှေ့တွင် တမုဟုတ်ချင်းပေါ်လာကာ လက်ဖဝါးရာများကား တားဆီးမရနိုင်အောင် အထပ်ထပ် ကျဆင်းလာပြီး ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းစွမ်းအားတစ်ခုက ရုတ်တရတ် ပေါက်ကွဲဖိချလာခဲ့သည်။
“အား!!!"
ပန်းခြွေမသေမျိုးသည် စိတ်ပျက်အားလျော့ခြင်းနှင့် နောင်တတရားများ ပြည့်နှက်နေသော ကြေကွဲဖွယ် အော်ဟစ်သံ တစ်ခုကို ထုတ်လွှတ်လိုက်သည်။
အချိန်တွေ ဒီလောက်ကြာတဲ့အထိ ကြိုးစားရှင်သန်လာပြီးမှ ခေတ်သစ်နောက်တက်လေးတစ်ဦးလက်ထဲ ဤသို့သေဆုံးသွားရမည်ဟု သူတစ်ခါမှ မမျှော်လင့်ခဲ့ဖူး။
ထို့နောက် ပန်းခြွေမသေမျိုးသည် ခန္ဓာကိုယ်သာမက စိတ်ဝိညာဥ်အရင်းအမြစ်ပါ ပျက်စီးလွင့်ပြယ်ကာ လေဟာနယ်ထဲတွင် အစအနမကျန် ပျောက်ကွယ်သွားခဲ့လေသည်။
တိုက်ပွဲပြီးဆုံးသွားချိန်၌ ချင်ရူရန်၏ ပုံရိပ်သည် ကောင်းကင်ထက်မှ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့ပြီး ဝတ်ရုံစများ လွင့်မျောနေပုံက ပန်းချီကားထက်မှ နတ်သမီးလေးအလား ထင်မှတ်ရစေ၏။
မသေမျိုးဘုရင်တစ်ပါးကို လက်ဗလာဖြင့်သတ်ဖြတ်ခဲ့သော မသေမျိုးအရှင်သခင်တစ်ပါး။
“ကောင်းတယ်ဟေ့၊ ငါတို့ အန္တရာယ်ကင်းပြီ!" ပတ်ဝန်းကျင်ရှိ အမျိုးသမီး ကျင့်ကြံသူတို့သည် ဝမ်းသာအားရ ငိုကြွေးကုန်ကြပြီး တစ်ဦးကိုတစ်ဦး ပွေ့ဖက်ထားလိုက်ကြသည်။
သူတော်စင်သခင်မ၏ အမူအရာသည် ရှုပ်ထွေးနေပြီး သူမသည် အေးစက်ပြီး ကျက်သရေရှိသော ပုံရိပ်ကို သတိထားစွာ စူးစိုက်ကြည့်နေသည်။
ချင်ရူရန် ပြသခဲ့သော နတ်ဘုရားစွမ်းရည်များသည် ယောင်ကွမ်း သူတော်စင်နယ်မြေ၏ လျှို့ဝှက်ကျင့်စဥ်များပင် မဟုတ်သည်ကို မြင်သောအခါ သူမသည် တစ်ဖက်လူ၏ ပုံစံအစစ်အမှန်ကို တော်တော်လေး စိုးရိမ်သွားခဲ့ပြီး ရှေးဟောင်းစွမ်းအားရှင် တစ်ဦးကများ သူမကို လွှမ်းမိုးထိန်းချုပ်ထားလေသလားဟု အတွေးဝင်မိရ၏။
“မင်း... မင်း ရူရန် ကိုယ်တိုင်ရော ဟုတ်ရဲ့လား?" သူတော်စင်သခင်မသည် အကြာကြီး တွန့်ဆုတ်နေပြီးမှ စိုးရိမ်တကြီး မေးလိုက်သည်။
ဒီနေရာတွင် အရာအားလုံးကို အမှန်အတိုင်းရှင်းလင်းထားတာ အကောင်းဆုံးဖြစ်မည်။ တစ်ဖက်အမျိုးသမီးမှ ဤနယ်မြေကို သိမ်းပိုက်ဖို့ကြံရွယ်ထားလျှင်လည်း သူမတတ်နိုင်တာမရှိတော့ပေ။
ချင်ရူရန် ခေတ္တတုံ့ဆိုင်းသွားပြီး ခေါင်းငုံ့ကာ တစ်ချက်စဉ်းစားပြီးနောက် သူတော်စင်သခင်မကို ကြည့်လိုက်သည်။ သူမ၏ အကြည့်သည် အနည်းငယ် ပျော့ပြောင်းသွားဟန်တူ၏။ “မပူပါနဲ့၊ ကျွန်မ မပြောင်းလဲသွားပါဘူး"
အပြုသဘောဆောင်သော အဖြေစကားကို ရရှိသောအခါ သူတော်စင်သခင်မ၏ နှလုံးသားလည်း တည်ငြိမ်သွားခဲ့သည်။ သူမ၏ တော်တော်လေး ကြွရွထင်ရှားသော ရင်ဘတ်ကို ဖိညှစ်ဆုပ်ကိုင်ထားပြီး စိတ်သက်သာရာရစွာပြောလာသည်။ “မင်းကတော့ငါ့ကို တကယ်လန့်အောင်လုပ်လိုက်တာပဲ"
တစ်ဖက်လူက လွှမ်းမိုးခြင်းခံမထားရသည်နှင့်ပင် လုံလောက်လေပြီ။ ဤမျှအစွမ်းထက်လာရခြင်း၏ အကြောင်းရင်းမှာတော့ ချင်ရူရန်၏ ပုဂ္ဂိုလ်ရေးလျှို့ဝှက်ချက်သာ ဖြစ်သဖြင့် သူတော်စင်သခင်မအနေနှင့် ဆက်မေးဖို့ အစီအစဥ်မရှိတော့ပါချေ။
အမှန်မှာ ကမ္ဘာပေါ်တွင် လက်ရှိဖြစ်ပွားနေသော ပရမ်းပတာ အခြေအနေများကြား ယောင်ကွမ်း သူတော်စင်နယ်မြေအတွက် မသေမျိုးဘုရင်ကို သတ်နိုင်သော စွမ်းအားရှင်တစ်ပါး ပိုင်ဆိုင်ထားခြင်းကား ယုံကြည်စိတ်ချရသော အကာအကွယ်တစ်ခုသာပင်။
“သူတော်စင်သခင်မ၊ ကျွန်မ ကျင့်ကြံရေးဆက်ဝင်ပါဦးမယ်။ ကျန်တဲ့ ကိစ္စတွေကို သခင်မဆီ အပ်နှံပါတယ်" ချင်ရူရန် ပြန်လည်လျှောက်တင်ပြီးနောက် သူမ၏ မသေမျိုးဂူဆီသို့ ပြတ်ပြတ်သားသား ပြန်ဝင်သွားခဲ့သည်။
မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် သူမလည်း အားအင်အတော်လေး ကုန်ခမ်းသွားခဲ့သည်။ လက်ရှိအချိန်တွင် လုပ်စရာရှိသည်များမှာ သူမ၏ စွမ်းအင်ပမာဏကို ပြန်လည်ဖြည့်ဆည်းရန်၊ မှတ်ဉာဏ်ဟောင်းထဲမှ ကျင့်စဥ်နည်းစနစ်များကို ပြန်လည်တူးဖော်ကျင့်ကြံရန်၊ ပြီးပြည့်စုံသော အနေအထားတစ်ခုကို ပိုမိုတက်လှမ်းရန်နှင့် အနာဂတ်အတွက် ရည်မှန်းချက်အသစ်များ ချမှတ်ဖို့ပင်ဖြစ်၏။
သူမ ပျောက်ကွယ်သွားသော ဦးတည်ရာကို လှမ်းမျှော်ကြည့်ရင်း သူတော်စင်သခင်မသည် ခါးသီးစွာ ပြုံးလိုက်သည်။ “တကယ်တော့ သူတော်စင်သခင်မရာထူးကို မင်းပဲယူလိုက်သင့်တာ မဟုတ်ဘူးလား? သူတော်စင်နတ်သမီးက ဒီနေရာနဲ့ ကျွန်မထက် ပိုသင့်တော်ပါတယ်လေ..."