ဓားနတ်ဆိုးနှင့် ဓားတစ္ဆေ
Vol. 41 Ch. 572
ပိန်ပိန်ရှည်ရှည်လူသည် ထိုစကားကိုကြားသောအခါ မျက်လုံးများကျဉ်းမြောင်းသွားကာ လှောင်ပြောင်သရော်သည့် ဟန်ဖြင့် မေးသည်။ “ဒါဆို မင်းကဒီကောင်လေးတိုင်တည်နေတဲ့ အစ်ကိုကြီးပေါ့လေ?”
သူ ခံစားသိရှိရသလောက်တော့ လီဝူကျယ်သည် ဉာဏ်အလင်းမသေမျိုး နဝမကောင်းကင်အဆင့်သာရှိပြီး ထိုကဲ့သို့သော ပုဂ္ဂိုလ်သည် သူ့အတွက်တော့ အရွယ်အစား နည်းနည်းပိုကြီးသော ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။
လီဝူကျယ်သည် သူ့လက်ထဲရှိ မှင်ရောင်ဓားကိုမြှောက်လိုက်ပြီး ပိန်ပိန်ရှည်ရှည်လူကို တိုက်ရိုက်ချိန်ရွယ်ကာ မာန်အပြည့်ဖြင့် ဆိုသည်။ “မင်းက ငါ့ညီလေးကိုထိရဲတာလား? သေလမ်းရှာနေတာပဲ!”
ဝါးဦးထုပ်နှင့်လူ၏ အားကောင်းသောဝင်ရောက်လာမှုကို မြင်သောအခါ ယင်းယန်နယ်မြေမှ ကျင့်ကြံသူအားလုံး၏ နှလုံးသားတွင် မျှော်လင့်ချက်များ ပွင့်လန်းလာသည်။
ဤလူကား အခြေအနေကို ပြောင်းပြန်လှန်လိုက်နိုင်မည်လေလား?
“အကြီးအကဲယဲ့မလာဘူးပဲ…” ယင်းယန်သူတော်စင်သခင်သည် အားနည်းစွာရေရွတ်လိုက်သည်။ သူ့မျက်လုံးများတွင် စိတ်ပျက်လက်ပျက် အရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားလျက်။
သူ ကျိပါရှောင် အစ်ကိုကြီးတစ်ယောက်ကောက်ရလာခြင်းအား ပျော်ရွှင်ဝမ်းသာပေးနေသည့် အဓိကအကြောင်းရင်းမှာ လီဝူကျယ်သည် အကြီးအကဲယဲ့၏ တပည့်ရင်းဖြစ်နေသောကြောင့်ဖြစ်ပြီး ၎င်းဆက်ဆံရေးသည် သွယ်ဝိုက်သောနည်းဖြင့် ယင်းယန်သူတော်စင်နယ်မြေကို အကြီးအကဲယဲ့ကို အဆက်အစပ်ရှိစေမည်ဖြစ်၏။
မည်သို့ပင်ဆိုစေ အလယ်ပိုင်းဒေသတွင် အကြီးအကဲယဲ့သည် ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းအားရှိသည့် မသေမျိုးဘုရင်ဖြစ်သည်ကို မည်သူကမသိဘဲ ရှိမည်နည်း။
လီဝူကျယ်၏အကူအညီကို သူအလွန်ကျေးဇူးတင်မိသော်လည်း အနိုင်အရှုံးကိုတော့ စိတ်မချဖြစ်နေဆဲ ဖြစ်သည်။
ဘယ်လောက်ပဲ အားကောင်းကြမ်းတမ်းနေပါစေ ဉာဏ်အလင်းမသေမျိုးတစ်ပါးက မသေမျိုးဘုရင်တစ်ပါးနဲ့ ဘယ်လိုယှဥ်တိုက်နိုင်မှာတဲ့လဲ?
တစ်ဖက်လူတွင် တစ္ဆေဓားခုနှစ်ချောင်းကလည်း လက်ဝယ်ရှိနေသေးသည်။
မင်းမှာက ဓားတစ်ချောင်းပဲရှိတာလေ၊ ဘယ်လိုနိုင်မှာလဲ?
အခြေအနေကစိုးရိမ်စရာကောင်းသည်။
အလွန်အန္တရာယ်များသည် မဟုတ်လော။
ယင်းယန်သူတော်စင်သခင်၏ စိုးရိမ်စိတ်ကို ကြားလိုက်ရသကဲ့သို့ လီဝူကျယ်သည် သူ့ရင်ဘတ်ကိုပုတ်ပြီး စိတ်ရင်းမှန်ဖြင့် အာမခံသည်။
“မပူပါနဲ့၊ ဒီလိုအမှိုက်မျိုးကိုရှင်းဖို့ ဆရာသခင်ကိုယ်တိုင် ဝင်ပါစရာမလိုဘူး။ တပည့်တစ်ယောက်အနေနဲ့ ဆရာ့ရဲ့တာဝန်တွေကို မျှဝေပေးရတာ ထုံးစံပါပဲ!”
“ဒါ့အပြင်၊ ငါ့ညီလေးမတရားအနိုင်ကျင့်ခံရရင် သူ့အစ်ကိုကြီးအနေနဲ့ ငါသူ့ဘက်က ရပ်တည်ပေးရမယ်!”
“ညီအစ်ကိုဆက်ဆံရေးမှာ တစ်သားတည်းဖြစ်ခြင်းက ပထမပဲ!”
သူ၏အားကောင်းသော စကားလုံးများတွင် ပြင်းပြသောစိတ်ခံစားမှုများ အပြည့်ပါဝင်နေသည်။
ကျိပါရှောင်သည် မျက်ရည်များဝဲတက်လာကာ အသံတုန်တုန်ဖြင့် ငိုရှိုက်လာသည်။ “အစ်ကိုကြီးက တကယ်ကိုစိတ်ထားကောင်းတာပဲ၊ ကျွန်တော်တစ်သက်လုံး အစ်ကိုကြီးရဲ့ညီလေးလုပ်ပါ့မယ်!” ဟု
ဖြောင်း ဖြောင်း ဖြောင်း
ပီပြင်သောလက်ခုပ်သံများ မြည်ဟီးလာသည်။
ပိန်ပိန်ရှည်ရှည်လူက လေတစ်ချက်ချွန်ကာ ဆိုသည်။ “ဒီလို ရင်ထဲထိမိတဲ့ မြင်ကွင်းမျိုးကို မမြင်ရတာကြာပြီ။ ကျေးဇူးဆပ်တဲ့အနေနဲ့ ငါကိုယ်တိုင် မင်းအစ်ကိုကြီးခေါင်းကိုဖြတ်ပြီး ဘောလုံးလိုကန်ပေးမယ်!”
“အကောင်းအဆိုးမခွဲခြားတတ်တဲ့ အရူးကောင်၊ အဲ့ဒီစကားကို ကိုယ့်ကိုယ်ကိုယ်အတွက်သိမ်းထားလိုက်” လီဝူကျယ်က ပြန်လည်လှောင်ပြောင်သည်။
တစ်ခွန်းမကျန် ပြန်ပက်ခံရသည့်အတွက် ပိန်ပိန်ရှည်ရှည်လူလည်း ဒေါသထွက်သွားသည်။
ဒီခေတ်လူငယ်တွေက ဒီလောက်တောင်မာနကြီးတာလား? ရှေးခေတ်က မသေမျိုးဘုရင်တစ်ပါးကို ဒီလိုစော်ကားရဲရသလား!
“သေစမ်း!”
ရွှစ်~
သူ့ကျောနောက်မှ တစ္ဆေဓားတစ်ချောင်းထိုးထွက်လာပြီး သူ့လက်ထဲတွင် ခိုင်မြဲစွာ နေရာယူလိုက်သည်။
တစ္ဆေဓားမှ လှိုင်းလုံးများလို ပွက်လောရိုက်နေသော ချီစွမ်းအင်များ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် တစ္ဆေမျက်နှာအမျိုးမျိုးအဖြစ် ပြောင်းလဲသွားကာ လူများကို ကိုက်ဖြဲဝါးစားရန် အသင့်ဖြစ်နေသကဲ့သို့ ရှိ၏။
ပြင်းထန်သော ယင်စွမ်းအင်လေတိုက်ခတ်လာပြီး ပတ်ဝန်းကျင်ရှိ လူအများအား ရိုးတွင်းခြင်ဆီအထိ အေးခဲစေသည်။
ပိန်ပိန်ရှည်ရှည်လူ၏ လှုပ်ရှားမှုများသည် ပုံမှန်မဟုတ်စွာ ထူးဆန်းပြီး သူသည် လက်ထဲမှ တစ္ဆေဓားဖြင့်ပြင်းထန်စွာ စတင်ခုတ်ပိုင်းတော့၏။ ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒသည်ကား ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းသွားတော့မတတ် ကျယ်ပြန့်အားကောင်းလျက်။
“အချိန်ကောင်းလေးပဲ!”
လီဝူကျယ်သည် အေးစက်စက်ကြိမ်းဝါးလိုက်ပြီး သူ့ခွန်အားအားလုံးကို ဓားထဲသို့ထည့်သွင်းစီးဆင်းစေလိုက်သည်။ မှင်ရောင်ဓားသည် ချီစွမ်းအင်တိုးမြှင့်မှုဖြင့် ရုတ်တရတ်ပူလောင်လာပြီး ကြောက်မက်ဖွယ်ချီမီးလျှံများ ဟုန်းဟုန်းတောက်လာသည်။
ချွမ်…
သတ္တုချင်း ထိခတ်မိသံ စူးရှစွာထွက်ပေါ်လာပြီး ကျင့်ကြံသူတို့၏ နားစည်များသို့တိုင် ရိုက်ခတ်သွားသည်။
“ဟင်?”
ပိန်ပိန်ရှည်ရှည်လူသည်လည်း ထိတ်လန့်သွားသည်။
မျှော်လင့်ထားသလို ဓားတစ်ချက်ဖြင့် ခုတ်လှဲနိုင်ရမည့်မြင်ကွင်းမျိုး မဖြစ်ပေါ်ခဲ့ဘဲ ပြိုင်ဘက်က သူ့ဓားချက်ကို အမှန်တကယ် တားဆီးပိတ်ပင်နိုင်ခဲ့လေသည်။
ယုတ္တိရှိရှိပြောရလျှင် ဉာဏ်အလင်းမသေမျိုးအဆင့်သည် ထိုဓားချက်ကို တားဆီးနိုင်မည် မဟုတ်ပေ။
“ဟမ့်!”
ပိန်ပိန်ရှည်ရှည်လူသည် ဓားကျင့်စဥ်နည်းစနစ်များကို စတင်၍ အပီအပြင်ထုတ်သုံးလာသည်။ သူ့မျက်လုံးများတွင် လူသတ်လိုသော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေပြီး လက်ထဲရှိ တစ္ဆေဓားသည် ရူးသွပ်စွာ လည်ပတ်အော်မြည်လျက် လီဝူကျယ်ကို အားအပြည့်ဖြင့် နောက်တစ်ကြိမ်ခုတ်ပိုင်းလိုက်သည်။
“လာခဲ့၊ လာခဲ့စမ်း!”
လီဝူကျယ်သည်ကား အလွန်စိတ်လှုပ်ရှားနေသည်။ သူရှာဖွေနေခဲ့သည့် လက်ရည်ချင်းယှဥ်နိုင်သော အကောင်းဆုံးပြိုင်ဘက်ကို ရှာဖွေတွေ့ရှိလေပြီ။
ချက်ချင်းဆိုသလို တစ်ဖက်လူ၏ ဓားကျင့်စဥ်များမှာ ခန့်မှန်းရခက်လာသည်၊ တစ်ခါတစ်ရံအစစ်အမှန်ဖြစ်သလို တစ်ခါတစ်ရံအယောင်ပြ ထောင်ဖမ်းသည်။ ရုတ်တရတ်ကြီး ပွင့်ပွင့်လင်းလင်း တိုက်စစ်ထိုးလာတတ်သလို တစ်ချိန်တည်းမှာပင် ကာကွယ်ခုခံသည့်နည်းလမ်းမျိုးကို ထုတ်သုံးလာပြန်သည်။
ချွမ် ချွမ် ချွမ်~!
သတ္တုချင်း ထိခတ်မိသံများ အဆက်မပြတ်ထွက်ပေါ်လာပြီး ကျယ်ပြန့်သောကောင်းကင်မှာ ဓားစစ်ထိုးရာမှာ ရိုက်ခတ်ထွက်ပေါ်လာသော လှိုင်းတွန့်များဖြင့် ဝဲလည်ပြည့်နှက်လို့နေတော့၏။
နှစ်ဦးသား ပြင်းထန်စွာ အသေအကျေ တိုက်ခိုက်ခဲ့ကြသည်။ ဓားချက်တိုင်းက တစ်ဖက်လူ၏ အသက်စွမ်းအင်တည်ရာကို ဦးတည့်ချိန်ရွယ်လျက်။ ဓားချီသည် လှိုင်းများကဲ့သို့ မြင့်မားတိုးထွက်ကာ အမျိုးအစား လုံးဝမတူညီသော ဓားစိတ်ဆန္ဒနှစ်ခု ထိပ်တိုက်တွေ့သည့် မြင်ကွင်းမှာ နဂါးနှင့်ကျားတိုက်ပွဲကဲ့သို့ ခမ်းနားလျက်။
တိုက်ပွဲတစ်လျှောက်လုံး သူတို့၏ပုံရိပ်များသည် လျင်မြန်စွာရွေ့လျားလျက် ကောင်းကင်ထက်ပျံသန်းနေသော တောက်ပသည့် ကြယ်တံခွန်နှစ်စင်းကဲ့သို့ ထင်ရသည်။
“သူ့ကိုခုတ်သတ်! ခုတ်သတ်ပစ်လိုက်!”
ကောင်းကင်ရှိတိုက်ပွဲကို အားရပါးရမော့ကြည့်ရင်း ကျိပါရှောင်သည် စိတ်လှုပ်ရှားစွာ အားပေးအားမြှောက်ပြုလျက်ရှိသည်။
“အစ်ကိုကျိ၊ အဆင်ပြေရဲ့လား?”
တိုက်ပွဲနှင့်ဝေးသွားသည်ကို အခွင့်ကောင်းယူကာ လင်တုရှိုက သူ့ထံသို့ လျင်မြန်စွာပြေးလာသည်၊ သူ့နောက်တွင် ပန်းကန်လုံးပုံဆံပင်နှင့် အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော ကောင်လေးတစ်ဦးလည်း ထပ်ကြပ်မကွာလိုက်လာသည်။
“ဪ၊ ညီလေးလင်၊ မင်းလည်းရောက်လာတာလား?”
ကျိပါရှောင်သည် အလွန်အံ့အားသင့်သွားသည်။
လင်တုရှိုက ခါးသီးစွာပြုံးသည်။ “အစ်ကိုဒုက္ခရောက်နေတာကြားတော့ ကျွန်တော်ရမှာပေါ့။ အားလုံးကို ဒဏ်ရာတွေကုသပေးဖို့အတွက် အကြီးအကဲယဲ့ရဲ့ စတုတ္ထတပည့်ကိုတောင်ခေါ်လာခဲ့တယ်”
“စတုတ္ထတပည့်? သူဘယ်မှာလဲ?”
ကျိပါရှောင်ထရပ်ပြီး ပတ်ပတ်လည်ကြည့်လိုက်သည်။
“ကျွန်တော်၊ ကျွန်တော်ဒီမှာ” ပန်းကန်လုံးပုံစံ ဆံပင်ရှိသော ကောင်လေးသည် ခေါင်းလေးအသာလျှိုထွက်လာကာ ရှက်ရွံ့စွာဖြင့် “မင်္ဂလာပါ…” ဟုနှုတ်ဆက်လာသည်။
ကျိပါရှောင်သည် လျင်မြန်စွာရှေ့တက်လာပြီး သူ့လက်ကိုဆွဲကိုင်ကာ စိတ်လှုပ်ရှားစွာပြောသည်။ “ကျွန်တော် ခင်ဗျားနာမည်ကို ကြားဖူးခဲ့တာကြာပါပြီ။ အရမ်းလဲ လေးစားခဲ့တာပါ! ဒီနေ့ကတော့ ကျွန်တော့်ဘဝအတွက် အထူးခြားဆုံးနေ့ပဲဖြစ်ပါလိမ့်မယ်။ အကြီးအကဲဟာ နတ်သက်ကြွေလာတဲ့ ကောင်းကင်လူသားတစ်ဦးနဲ့ မခြားပါဘူး၊ မသေမျိုးဧကရာဇ်တစ်ပါးလို့တောင် ထင်မှတ်ရပါတယ်!”
ချီးမွမ်းစကားဖြင့် နှုတ်ဆက်ခြင်းသည် ကျိပါရှောင်၏ ဘဝနေထိုင်မှုပုံစံတစ်ခုပင်။
မှိုဘုရင်မှာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ သူ့ကိုတွေ့ရဖို့ ဒီလိုစိတ်အားထက်သန်သောသူကို တစ်ခါမှမတွေ့ဖူးသောကြောင့် ဤမျှ တက်တက်ကြွကြွ ချဥ်းကပ်နှုတ်ဆက်ခံရတာကို လူကို စိတ်လှုပ်ရှားပြီး ရှက်ရွံ့စေသည်။
“ငါက အဲ့ဒီလောက်နာမည်ကြီးတာလား…”**
မှိုဘုရင် ရှက်ရှက်ဖြင့် ခေါင်းကိုအသာကုတ်လိုက်သည်။
ဤကာလတစ်လျှောက်လုံး ဆရာတူအစ်ကိုအစ်မများရော ဆရာသခင်ကပါ သူ၏ လူမှုရေးအရ စိုးရိမ်ပူပန်မှုများတတ်သော ပုံစံကို ကောင်းကောင်းသိထားကြသောကြောင့် သူ့တည်ရှိမှုကို မသိသာဆုံးဖြစ်အောင် လျှော့ချဖုံးကွယ်ပေးထားခဲ့ကြသည်။ သို့သော် ထိုသို့မသိသာအောင် နေသည့်ကြားထဲကမှ သူ၏ထူးခြားသော အရည်အသွေးများကို ဤသို့အထင်ကြီးလေးစားသူ ရှိလိမ့်မည်ဟု ထင်မထားခဲ့။
ထူးဆန်းသောအတွေ့အကြုံကြောင့် နည်းနည်းလည်း အံ့အားသင့်မိရသည်။