← Chapters

အခန်း (၅၇၃)

Vol. 41 Ch. 573

အခန်း (၅၇၃)

Vol. 41 Ch. 573

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ အကြီးအကဲရဲ့နာမည်က မိုးခြိမ်းသံလို ဟိန်းနေအောင်ကျော်ကြားတာပါ!” ကျိပါရှောင်သည် ချွေးပြန်နေသော လက်ဖဝါးများကို တင်းနေအောင်ဆုပ်ထားပြီး ရိုးသားစွာခေါင်းညိတ်သည်။

“မင်းငါ့အကြောင်းကြားဖူးနေမှတော့ ဒီလောက်ယဉ်ကျေးဖို့ မလိုပါဘူး။ နာမည်ရင်းပဲခေါ်ပါ ရပါတယ်" မှိုဘုရင်က ကျိပါရှောင်ကို လူကောင်းအဖြစ် ခံစားလိုက်ရကာ ရိုးရိုးရှင်းရှင်းပင် တုံ့ပြန်သည်။

သူငယ်ချင်းကောင်းတစ်ဦးရလိုက်သော ခံစားချက်ပင်။

သို့သော် လေထုမှာ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။

ကျိပါရှောင်၏ နှုတ်ခမ်းထောင့်လည်း တတွန့်တွန့်လှုပ်သွားသည်။

မင်းနာမည်ကို ငါဘယ်လိုလုပ် သိမှာလဲကွ။

ခုနက ယဥ်ကျေးသမှု နှုတ်ဆက်စကားသက်သက်ပဲလေ၊ တကယ်ကြီး အတည်ယူလိုက်တာ မဟုတ်ဘူးမလား?

“မင်း… ငါ့အကြောင်း တကယ်မကြားဖူးဘူးမလား?" မှိုဘုရင်သည် အရိပ်အမြွက်ကို သတိပြုမိလိုက်ပြီး စိတ်ပျက်သောအမူအရာဖြင့်မေးလာသည်။

“ဟာ၊ အကြီးအကဲရဲ့နာမည်က ကျွန်တော့်နားထဲမှာ မိုးခြိမ်းသံလို တားမရအောင်ကြားနေရတာ။ ဘယ်လိုမသိဘဲ နေပါ့မလဲ? ကျွန်တော့်နှလုံးသားထဲမှာထိ ထွင်းထုထားပါတယ်!" ဟန်မပျက်ပြောရင်း ကျိပါရှောင်၏ နဖူးပေါ်မှ ချွေးအေးများစီးကျလာသည်။

“ဒါဆိုပြောလေ ငါ့နာမည်ဘာလဲ?"

“အာ…”

ကျိပါရှောင်သည် သူ့ကိုကယ်တင်နိုင်ရန် မျှော်လင့်ချက်ဖြင့် လင်တုရှိုဆီသို့ အသည်းအသန် မျက်စပစ်ပြလိုက်သည်။

လင်တုရှိသည် တမင်တကာ တစ်ဖက်သို့လှည့်လိုက်သည်။ နှုတ်ခမ်းထက်တွင် ခပ်စစအပြုံးဖြင့်။

“တကယ်ပဲ၊ ဒါတွေအားလုံးက အတုအယောင်တွေပါပဲ” မှိုဘုရင်သည် ဝမ်းနည်းစွာခေါင်းငုံ့လိုက်ပြီး စိတ်လှုပ်ရှားမိသွားသည့်အတွက်လည်း အရှက်ရမိသည်။

လူသားမျိုးနွယ်တို့၏ ပါးစပ်သည်ကား လှည့်စားတတ်သော မကောင်းဆိုးဝါးနှင့်တူသည်။

“အိုး ဒါလောက်ကတော့ အရေးကြီးကိစ္စမဟုတ်ပါဘူးလေ!” ကျိပါရှောင်သည် မနေတတ်မထိုင်တတ်ဖြင့် သူ့ခြေချောင်းများကို မြေကြီးထဲသို့ ထိုးဆွနေလိုက်ပြီး အခြေအနေကိုပေါ့ပါးအောင် ပေါက်ပန်းလေးဆယ် လျှောက်ပြောသည်။

“ဟုတ်တယ်၊ ငါကအရေးပါဘူး။ ငါအရင်ပြန်လိုက်ပါ့မယ်၊ နှုတ်ဆက်ပါတယ်” မှိုဘုရင်မှာ ပို၍ပင်စိတ်ပျက်သွားပြီး လှည့်ပြန်ဖို့ပြင်လိုက်တော့သည်။

ကျိပါရှောင်: “…”

လင်တုရှိုသည် စိတ်ကောက်သွားသောကောင်လေး၏ လက်ကို လျင်မြန်စွာဆွဲကိုင်ပြီး ခပ်ခြောက်ခြောက်ရယ်မောရင်း ပြောသည်။ “မှိုဘုရင်၊ အစ်ကိုကျိက ခင်ဗျားကိုနောက်နေတာပါ၊ ကျေးဇူးပြုပြီး သိပ်အလေးအနက်မထားပါနဲ့”

ဘုရားရေ၊ နတ်ဆိုးဘုရင်?!

(မှိုဘုရင်နဲ့ နတ်ဆိုးဘုရင် အသံထွက်တွေ ဆင်နေတာပါ)

ကျိပါရှောင်သည် သေမတတ် ထိတ်လန့်သွားပြီး သူ့စိတ်ထဲတွင် ဤနာမည်သည် အမှန်တကယ် သြဇာကြီးလှကြောင်း တွေးမိလိုက်၏။

ဒါပေမဲ့ လူပုံစံနဲ့တော့ သိပ်မကိုက်ညီဘူးနော်။

“နတ်ဆိုးဘုရင်အကြီးအကဲ၊ ကျေးဇူးပြုပြီး ကျွန်တော်တို့သူတော်စင်သခင်ကို ကယ်တင်ပေးပါ! ကျွန်တော် တောင်းပန်ပါတယ်!”

ကျိပါရှောင်သည် အချိန်မဆွဲရဲတော့ဘဲ လျင်မြန်စွာအကူအညီတောင်းခံသည်။

မှိုဘုရင်သည်လည်း လူကယ်ဖို့က ပိုအရေးကြီးကောင်း နားလည်ပါသည်။ ထို့ကြောင့် သူသည် ကွပ်မျက်စင်မြင့်ပေါ် ချည်နှောက်ထားသောကြိုးအား ဖြည်ချလိုက်ပြီး ကိုယ်တစ်ဝက်ဖြတ်ခံထားရသော ယင်းယန်သူတော်စင်သခင်ကို မြေပြင်ပေါ်တွင် အသာချလိုက်သည်။

ယင်းယန်သူတော်စင်သခင်၏ မျက်နှာမှာ နာကျင်မှုများဖြင့်ပြည့်နှက်နေသည်။ ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒက သူ့အသွေးအသားများကို စိမ့်ဝင်တိုက်စားနေပြီး သူ့ဒဏ်ရာများ မကျက်နိုင်အောင် ထိန်းချုပ်ထားသည်။

“အသုံးမဝင်ပါဘူး၊ အသုံးမဝင်တော့ပါဘူး။ ဒီအခြေအနေမှတော့ ကျွန်တော့်ကို စွန့်ပစ်လိုက်ကြပါတော့…” ယင်းယန်သူတော်စင်သခင်သည် မျှော်လင့်ချက်မရှိ‌တော့ဟန်ဖြင့် ခါးသီးစွာပြုံးရင်းပြောသည်။

“ငါဒီမှာရှိနေသရွေ့ မင်းမသေနိုင်ဘူး!”

မှိုဘုရင်က ယုံကြည်မှုအပြည့်ဖြင့် ဆိုသည်။

ထို့နောက် ရုတ်တရတ် လက်သင်္ကေတ အမှတ်အသားများအား ပုံဖော်လိုက်သည်။ ယှက်နွယ်ဖွဲ့စည်းထားသော လက်ချောင်းဆယ်ချောင်းပေါ်တွင် စိမ်းပြာရောင်အလင်းတန်းများပေါ်လာပြီး တက်ကြွသောအသက်စွမ်းအားဖြင့် ပြည့်ဝစိုပြေလျက်။

ထို့နောက် လူတိုင်း၏ အံ့အားတသင့် အကြည့်များအောက်တွင် ထိုလက်ချောင်းဆယ်ချောင်းသည် အလွန်တရာ ပျော့ပျောင်းကျင်လည်စွာ လှုပ်ရှားကာ စိမ်းပြာရောင်အလင်းတန်းများသည် ဖြတ်တောက်ခံထားရသော ခါးပိုင်းဆီသို့ စီးဆင်းဝင်ရောက်သွားပြီး ဓားဒဏ်ရာမှ စွဲထင်ကျန်ရစ်နေသော ဓားစိတ်ဆန္ဒတို့ကို ဖယ်ရှားသန့်စင်ပေးသည်။

မှိုဘုရင်၏နဖူးပေါ်မှ ချွေးများ စီးကျလာသည်။ မျက်မှောင် တင်းတင်းကြုတ်ထားဟန်မှာ အ‌တော်လေး အခက်တွေ့နေရဟန်ပင်။

မည်သို့ပင်ဆိုစေ ဓားချက်၏ပိုင်ရှင်ကား မသေမျိုးဘုရင်အဆင့် ကျင့်ကြံသူဖြစ်သည်။ ဤကဲ့သို့သော ဒဏ်ရာမျိုးကို အပြင်လောကတွင် ဆေးပညာအရာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သော မသေမျိုးဘုရင်အနည်းငယ်မျှသာ ကုသပေးနိုင်ပြီး ကျန်နည်းလမ်းမှာတော့ သေဖို့စောင့်ဆိုင်းရုံသာ ရှိပေမည်။

သို့သော် မှိုဘုရင်သည် ယဲ့ကျွင်းလင်ပေးအပ်သော သက်ရှည်စွမ်းအင်ပညာကို ကျင့်ကြံခဲ့ပြီး သူကိုယ်တိုင် ထိပ်တန်းအဆင့် မသေမျိုးဆေးပင်တစ်ပင် ဖြစ်သောကြောင့် အကျိုးသက်ရောက်မှုသည် သာမန်လူများထက် အဆတစ်ရာ အစွမ်းပိုထက်သည်ဟု ဆို၏။

သူ့နည်းလမ်းများက လူသားမျိုးနွယ်တို့နှင့် မတူထူးခြားသည်။

မှိုဘုရင်သည် အံတင်းတင်းကြိတ်ကာ အင်အားကို ထပ်မံတိုးမြှင့်လိုက်သည်။

သူ့နောက်တွင် စွမ်းအင်စီးကြောင်းများ ရှုပ်ထွေးနေသော စိမ်းပြာရောင်ကြာပန်းတစ်ပွင့် ထွက်ပေါ်လာပြီး ရှေးဟောင်းဆန်ကာ ထာဝရတည်မြဲနိုင်သော အရှိန်အဝါတစ်ခုအား ထုတ်လွှတ်လေသည်။

မကြာမီပင် ဖြတ်တောက်ခံထားရသော ခါးဒဏ်ရာရှိ ကျန်ရှိသောဓားစိတ်ဆန္ဒများ ဖယ်ရှားခံရပြီး အသားများသည် မိုးရေစိုပြီး ဝါးပင်များ အစို့ထွက်လာသကဲ့သို့ ပေါများပေါ်ပေါက်လာကာ သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာများအားလုံးလည်း တဖြည်းဖြည်းပျောက်ပြယ်သွားတော့၏။ ယင်းယန်သူတော်စင်သခင်၏ ဖြူဖျော့သောမျက်နှာသည် လျင်မြန်စွာ သွေးရောင်ပြန်လွှမ်းလာပြီး သူ့ခန္ဓာကိုယ်မှ ဆုံးရှုံးသွားသော မူလချီများ ပြန်လည်ပြည့်ဝလာသည်။

“ဟူး~”

မှိုဘုရင်သည် ချွေးစက်များကို သုတ်ဖယ်လိုက်ကာ ဝမ်းသာအားရဆိုသည်။ "အောင်မြင်ပြီ"

ယင်းယန်သူတော်စင်သခင်သည် ပြန်လည်ဖွံ့ဖြိုးလာသော သူ့ခန္ဓာကိုယ်သူ မယုံနိုင်စွာ ငုံ့ကြည့်နေမိသည်။ ထို့နောက် ရုတ်တရက်ခုန်ထလာပြီး ကွပ်မျက်ရေးစင်မြင့် ပတ်ပတ်လည်တွင် ဖျတ်လတ်စွာလှည့်လျှောက်ရင်း စိတ်လှုပ်ရှားစွာ အော်ရယ်တော့သည်။ “ဟားဟား၊ ငါအဆင်ပြေပြီ၊ ငါအဆင်ပြေသွားပြီ!”

ဤမြင်ကွင်းမှာ ပုံဖော်စရာ စကားလုံးမရှိလောက်အောင် ရယ်စရာကောင်းသည်။

“ဂုဏ်ယူပါတယ်၊ သူတော်စင်သခင်! ဒီ့ထက်မက တိုးတက်ကျန်းမာပါစေ! ကျားတစ်ကောင်ရဲ့ အင်အားနဲ့ လျှောက်လှမ်းပါစေ! ဘဝတစ်လျှောက်လုံး အခက်အခဲအားလုံးကို ကျော်ဖြတ်နိုင်ပါစေ!”

ကျိပါရှောင်က လက်ခုပ်လက်ဝါးတီးလျက် အောင်ပွဲခံပေးသည်။

“မှိုဘုရင်၊ ခင်ဗျားတကယ် အံ့သြစရာကောင်းလိုက်တာ!” လင်တုရှိက တလေးတစား ချီးကျူးထောပနာပြုသည်။

“ဟုတ်တယ်၊ ဟုတ်တယ်၊ နတ်ဆိုးဘုရင်အကြီးအကဲ၊ ခင်ဗျားဟာ ဒီခေတ်ရဲ့ နတ်ဆေးသမားတော်ပဲ!” ကျိပါရှောင်က လက်မထောင်ပြသည်။

နတ်ဆိုးဘုရင် ဟူသော နာမည်ဖြင့်ပင် ကောင်းမှုကုသိုလ်ပြုနိုင်ခြင်းကား တကယ်လေးစားဖို့ကောင်းသည်။

“ကျေးဇူးတင်ပါတယ်၊ တာအိုရောင်းရင်း"

ယင်းယန်သူတော်စင်သခင်သည် မြူးကြွလှုပ်ရှားနေသော စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး အကြီးအကဲယဲ့၏ တပည့်များတွင် တစ်ဦးချင်းစီ မတူညီထူးခြားသော စွမ်းရည်များရှိကြောင်း တွေးလိုက်မိသည်။

အထင်မကြီးဘဲ မနေနိုင်တော့။

ကောင်းကင်တွင်။

ဓားသမားနှစ်ဦးသည် မဆုတ်မနစ် လက်ရည်ယှဥ်နေဆဲပင်။

ရွှစ် ရွှစ် ရွှစ်၊

ကြောက်မက်ဖွယ် ဓားချီလှိုင်းများ တုန်ခါနေပြီး တိုက်ပွဲလမ်းကြောတစ်လျှောက်ရှိ လေဟာနယ်မှာ လှိုင်းများဖြင့် တွ့န်ခေါက်လျက်ရှိသည်။

ထိုစဥ် ဝရုန်းသုန်းကား လေတိုက်သံများဖြင့် ဓားချီများ တိုးထွက်ပျံ့နှံ့သွားပြီး နှစ်ဖက်စလုံး တစ်ပြိုင်နက်တည်း ဆုတ်ခွာလိုက်ရသည်။

ပိန်ပိန်ရှည်ရှည်လူ၏မျက်နှာသည် ကြောက်မက်ဖွယ် ရှုံ့မဲ့နေကာ ဤငြင်းဆန်မရသော အချက်ကို လက်မခံနိုင်သကဲ့သို့ရှိ၏။

နှစ်ဖက်စလုံး ဓားသမားများဖြင်ပြီး အဆင့်ခြင်း ဤမျှကွာခြားနေသော်လည်း သူ့ဘက်က အသာစီးမရနိုင်သေး။

ထို့အပြင် ပြိုင်ဘက်၏ ဓားရေးနည်းနာများက တစ်မျိုးတစ်မည် သိမ်မွေ့ကျင်လည်စွာ အသာစီးရနေသကဲ့သို့ပင် ရှိသေး၏။

အကြီးအကျယ်ကို အရှက်ရစရာပဲ!

လီဝူကျယ်သည် သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ကာ စိတ်ခံစားမှုအပြည့်ဖြင့် ရေရွတ်သည်။ “ဒါကတကယ် စိတ်လှုပ်ရှားစရာကောင်းလွန်းတယ်!”

“မင်းကို ဓားနတ်ဆိုးလို့ခေါ်ကြတယ် မဟုတ်လား?” ပိန်ပိန်ရှည်ရှည်လူက အေးစက်စွာပြောသည်။

လီဝူကျယ်ကလည်း မဆိုင်းမတွဝန်ခံသည်။ “မှန်တယ်၊ ဘာပြဿနာရှိလို့လဲ?”

“ဟဲဟဲ"

ပိန်ပိန်ရှည်ရှည်လူက လှောင်ရယ်သည်။ “ငါဒီတာအိုလောကမှာ နှစ်ပေါင်းများစွာ လှည့်လည်ခဲ့ဖူးတယ်။ ငါ့ဓားသွားက မြန်ဆန်ပြီး တစ္ဆေတစ်ကောင်လို အရိပ်တောင်မမြင်ရနိုင်တဲ့အတွက် စွမ်းအားရှင်များစွာက ငါ့ကို ဘွဲ့နာမည်တစ်ခုပေးခဲ့တယ်၊ အဲဒါက…”

“ဓားတစ္ဆေ!”

“ဪ"

လီဝူကျယ်သည် သူ့ဓားကို ပခုံးပေါ်ထမ်းထားပြီး တည်ငြိမ်စွာ ပြန်မေးသည်။ "အဲ့တော့ဘာဖြစ်လဲ?"

တစ်ဖက်လူ၏ ထူးမခြားနား သဘောထားကိုမြင်သောအခါ ပိန်ပိန်ရှည်ရှည်လူ၏ နဖူးပေါ်မှ သွေးကြောများ တလှုပ်လှုပ်ခုန်လာပြီး သွားဖြူဖြူများကိုဖြဲလျက် အော်သည်။ “အဲ့တော့ မင်းငရဲကို ဆင်းရတော့မှာပေါ့!”

သူအော်ဟစ်ပြီးသည်နှင့် တစ်ပြိုင်နက်၊

မမျှော်လင့်ထားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။

ပိန်ပိန်ရှည်ရှည်လူ၏ မျက်လုံးများသည် မျက်သားဖြူပင်မကျန်လောက်အောင် မည်းနက်သွားပြီး သူ့ကိုယ်ပတ်ပတ်လည်တွင် ယင်စွမ်းအင်ချီများ လှည့်လည်နေသည်။ သူ့ခါးနှစ်ဖက်စလုံးမှ အနက်ရောင်လက်မောင်းများစွာ ထွက်ပေါ်လာကာ လက်ခြောက်ဖက်ပါသော နတ်ဆိုးတစ္ဆေတစ်ကောင်၏ ပုံပန်းသဏ္ဌာန်ဖြင့် လွန်စွာရုပ်ပျက်ဆင်းပျက်နိုင်ကာ ကြောက်စရာကောင်းလှသည်။

ရွှစ် ရွှစ် ရွှစ်~!

တခြားတစ္ဆေဓား ခုနှစ်လက်သည်လည်း ဓားအိမ်မှထွက်လာပြီး တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြပြီး သူ့လက်ထဲတွင် အစီအရီရောက်ရှိလာကြသည်။ ကျန်ရှိသော နောက်ထပ်တစ္ဆေဓားတစ်လက်ကို ပါးစပ်ဖြင့်ကိုက်ထားကာ ထိုဓားသွားခုနှစ်လက်မှ မည်းနက်သောစွမ်းအင်ငွေ့များကား မြင်သာစွာ ထွက်ပေါ်နေခဲ့သည်။

အေးစက်သောလေပြင်းများ တဝီဝီတိုက်ခတ်လာပြီး သရဲတစ္ဆေများ ငိုယိုနေသကဲ့သို့ ထင်မှတ်မှားစေသည်။

ပိန်ပိန်ရှည်ရှည်လူ၏ အရှိန်အဝါသည် အမြင့်ဆုံးအဆင့်သို့ မြင့်တက်သွားပြီး သူ့မျက်နှာသည် တွန့်လိမ်ပုံပျက်နေကာ အဝီစိငရဲမှတွားတက်လာသော နတ်ဆိုးတစ္ဆေတစ်ကောင်နှင့်တူသည်။

အေးစက်ပြီး သတ်ဖြတ်လိုစိတ် အပြည့်ပါဝင်သော စကားသံတစ်ခုက ယင်းယန်သူတော်စင်နယ်မြေအပေါ်တွင် ပဲ့တင်ထပ်သွားသည်။

“အသိဉာဏ်မရှိတဲ့ စောက်ကလေး၊ ဒီနေ့ငါမင်းကို ဓားခုနှစ်လက် တိုက်ကွက်ဆိုတာ ဘာလဲသိအောင် သင်ပြပေးမယ်!”

All Chapters