← Chapters

ထူးဆန်းသော အလှည့်အပြောင်းများ

Vol. 41 Ch. 574

ထူးဆန်းသော အလှည့်အပြောင်းများ

Vol. 41 Ch. 574

“ဓားခုနစ်လက်ကျင့်စဥ် တိုက်ကွက်?”

လီဝူကျယ် မျက်ခုံးပင့်လိုက်ပြီး မထီမဲ့မြင် လှောင်ပြောင်သည်။ “အလကား အသုံးမကျတဲ့ အပိုတွေ၊ ငါ့အတွက်တော့ ဓားတစ်လက်ရှိရုံနဲ့တင် လုံလောက်တယ်။”

“ပြောထားစမ်းပါ၊ မင်းမကြာခင် နောင်တရစေရမယ်။”

ဓားတစ္ဆေ၏မျက်နှာသည် သတ်ဖြတ်လိုစိတ်များဖြင့်ပြည့်နှက်နေပြီး သူ့ခန္ဓာကိုယ်က လျှပ်စီးကဲ့သို့ လျင်မြန်သည်။ တစ္ဆေဓားခုနစ်ချောင်းအား တစ်ပြိုင်နက်တည်း လှည့်ပတ် ခုတ်ပိုင်းလိုက်ရာ ဓားသွားများမှ အဆုံးမဲ့ ယင်စွမ်းအင်ချီများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော သရဲတစ္ဆေများ အော်ဟစ်ငိုယိုနေသကဲ့သို့ အသံပေါင်းစုံ စီစီညံထွက်ပေါ်လာသည်။

ရွှီး~

အနက်ရောင်ဓားချီက မုန်တိုင်းကဲ့သို့ တိုက်ခတ်သွားပြီး အနီရောင် လျှပ်စီးများလည်း ဓားသွားများထက် ကူးလူးယှက်နွယ်နေသည်။

မြင်ကွင်းက ကြောက်မက်ဖွယ် ကောင်းလှ၏။

လီဝူကျယ် မျက်မှောင်တင်းတင်းကြုတ်ကာ သူ့ဓားကို လျင်မြန်စွာဝှေ့ယမ်းပြီး တန်ပြန်တိုက်ခိုက်သည်။

ချွမ် ချွမ် ချွမ်~

သတ္တုချင်း ရိုက်ခတ်သံများက ပြင်းထန်ပြီး နားမခံသာစရာ။

ပြိုင်ဘက်၏ တိုက်စစ်က မိုးသီးမုန်တိုင်းကဲ့သို့ သိပ်သည်းပြီး ရှောင်တိမ်းစရာ ဟာကွက်မရှိ၊ လူကို အသက်ရှူဖို့ပင် ခက်ခဲစေသည်။

အသက်နှစ်ချက်ရှူစာမျှ ကြာချိန်အတွင်း လီဝူကျယ် ဖိနှိပ်ခံနေရလေပြီ။

ရွှစ် ရွှစ် ရွှစ်…

သူ့အသားအရည်များမှာ ဓားချီ၏ရိုက်ခတ်မှုဖြင့်ဖြင့် အစိတ်စိတ်အမြွှာမြွှာ ပြတ်တောက်ပြီး သွေးများ ပွက်ပွက်ဆူ ထွက်ကျလာသည်။

အခြေအနေသည် ချက်ချင်းဆိုသလို တစ်ဖက်သတ်ဆန်သွားရ၏။

ဓားတစ္ဆေက ယုတ်မာစွာ အော်ဟစ်ရယ်မောသည်။ “ဒါက ငါ့ရဲ့ အစွမ်းအစအမှန်ပဲ။ ကွာဟမှု ဆိုတာကို အခု နားလည်ပြီလား?”

တစ္ဆေဓားခုနစ်ချောင်းကို ဝှေ့ယမ်းလိုက်သည်နှင့် ပြင်းထန်သော ဓားချီများက အရှိန်အဟုန်ဖြင့် တိုးပွားလာပြီး ဖျက်ဆီးနိုင်စွမ်းက ကြောက်မက်ဖွယ်ကောင်းသည်။

ပြောရလျှင် ထိုသူသည် ဓားခုနစ်လက် ကျင့်စဥ်တိုက်ကွက်ကို ထုတ်သုံးလိုက်သည်နှင့် သူ့ခွန်အား၊ အမြန်နှုန်းနှင့် တုံ့ပြန်နိုင်စွမ်းများမှာ ကြောက်ခမန်းလိလိ အဆင့်တက်လာခြင်းပင်။

သူ့ခွန်အားက ယခင်ကကြုံတွေ့ခဲ့ဖူးသော ကူကျန်းရန်လောက် မပြင်းထန်သော်လည်း ပန်းခြွေမသေမျိုး ထက်တော့ အများကြီးပို၍ အားကောင်းသည်။

ကျင့်ကြံဆင့်ပိုင်းတွင် အားနည်းချက် ရှိနေသော လီဝူကျယ်သည် တစ်ကိုယ်လုံး သွေးများဖြင့် ပြည့်လွှမ်းနေပြီး သေကွင်းသေကွက် မမိစေဖို့ပင် အသည်းအသန် ရုန်းကန်ရှောင်တိမ်းနေရသည်၊ ပင်လယ်လှိုင်းကြမ်းများကြား လူးလွန့်ရှင်သန်နေရသော လှေငယ်လေးတစ်စင်းကဲ့သို့ မည်သည့်အချိန်တွင်မဆို မျိုချခံလိုက်ရမည့်အနေအထားတွင် ရှိနေ၏။

သူ၏ သွက်လက်သော ဓားကျင့်စဥ်များနှင့် သန့်စင်သော ပဉ္စမအဆင့် မသေမျိုး ချီစွမ်းအင်သာ မရှိခဲ့ပါက တစ္ဆေဓားခုနစ်ချောင်းဖြင့် ချက်ချင်း အစိတ်စိတ်အမွှာမွှာဖြစ်အောင် အခုတ်ခံရလောက်ပြီး ဖြစ်မည်။

သို့သော် တိုက်ပွဲသာ ဤအတိုင်းဆက်သွားနေပါက လက်ဖက်ရည်တစ်ခွက်စာမျှ အချိန်အတွင်း လီဝူကျယ်သည် ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုအောက် သေဆုံးသွားလိမ့်မည်။ ။

ကြည့်ရှုသူများမှာလည်း နှလုံးသားက လည်ပင်းတွင်တစ်ဆို့နေသ‌ယောင် ခံစားရသည်။

ကျိပါရှောင်မှာ အလွန်အမင်း စိတ်ပူနေပြီး ဆံပင်ကို လက်နှစ်ဖက်ဖြင့်ဆွဲဆုတ်ကာ အရူးတစ်ယောက်လို လျှောက်အော်နေသည်။ “ဘာလုပ်ရမလဲ? ငါဘာလုပ်ရမလဲ?”

လီဝူကျယ်သာ ဤတိုက်ပွဲတွင် အသက်ပေးလိုက်ရမည်ဆိုပါက နဂိုကတည်းက ရောက်မလာဖို့ကိုသာ သူအလိုရှိသည်။

“မှိုဘုရင်၊ မင်းနဲ့ တာအိုရောင်းရင်းလီက ဆရာတူညီအစ်ကိုတွေ မဟုတ်ဘူးလား? ဒီအချိန်မှာ ဘာလို့ မကူညီတာလဲ?” လင်တုရှိုသည် ဘေးနားရှိ ပန်းကန်လုံးဆံပင်နှင့်ကောင်လေးကို စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။

“ဟုတ်တယ်၊ ဟုတ်တယ်၊ အနည်းဆုံးတော့ ကုသရေးမှော်ပညာတစ်ခုလောက် ထုတ်သုံးဦးလေ! ငါ့အစ်ကိုကြီး ဘယ်လောက်ဒဏ်ရာရနေလဲ ကြည့်ပါဦး!” ကျိပါရှောင်ကလည်း အားတက်သရောထောက်ခံသည်။

မှိုဘုရင်သည် စိတ်မကောင်းဖြစ်ဟန်ဖြင့် ပြန်ဖြေလာ၏။ “ဒီမလာခင် အစ်ကိုကြီးလီက သူဘယ်လောက်ပဲ အရိုက်ခံရပါစေ ဝင်မကူညီဖို့ သေသေချာချာ မှာကြားခဲ့တယ်၊ ဘာလို့လဲဆိုတော့ သူဒီလို ရှားရှားပါးပါး အရိုက်ခံရတဲ့ ခံစားချက်မျိုးကို ခံစားကြည့်ချင်လို့ပါတဲ့…”

“ဘာ?”

လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ချက်ချင်းဆိုသလို သူတို့၏အကြည့်များသည် ဒဏ်ရာများဖုံးလွှမ်းကာ သွေးအလူးလူးဖြစ်နေသော ပုံရိပ်ဆီသို့ ပြန်ရောက်သွားပြီး သူတို့၏မျက်နှာထားများလည်း ထူးဆန်းသွားရသည်။

“တာအိုရောင်းရင်းလီမှာ ဒီလိုဝါသနာမျိုး ရှိမယ်လို့ မထင်ထားဘူး! ဘယ်လောက် ကြောက်စရာကောင်းလိုက်သလဲ!” လင်တုရှိုမှာ ထိတ်လန့်တုန်လှုပ်စွာ ရေရွတ်မိသည်။

ယင်းယန်သူတော်စင်သခင်ကတော့ အလိုအလျောက် လေးစားမိပြန်၏။ “ဒါက လိုက်မမီတဲ့ အတွေးနယ်ပယ်တစ်ခုပဲ။ ငါတို့ဦးနှောက်လောက်နဲ့ ယှဥ်တွေးမရဘူး"

ကျိပါရှောင်က ကပျာကယာဝင်ပြောသည်။ “ဟေး၊ ဟေး၊ မင်းတို့ လမ်းလွဲနေကြပြီမဟုတ်ဘူးလား? အဓိကအချက်က ငါ့အစ်ကိုကြီး သေတော့မယ်ကွ!”

ထိုအချိန်တွင်၊

ကောင်းကင်ရှိ ပြင်းထန်သောတိုက်ပွဲက ဆက်လက်ဖြစ်ပွားနေသည်။

ဓားတစ္ဆေသည် အားကုန် ထုတ်သုံးနေလေပြီ။ သူ၏ တစ္ဆေဓားခုနစ်ချောင်းက မာန်ဖီသံမျိုးစုံဖြင့် မြည်ဟည်းနေပြီး သတ်ဖြတ်လိုစိတ်နှင့် အရှိန်အဝါများက ဓားသွားများပေါ်တွင် စုစည်းဖွဲ့တည်နေသည်။ ဓားခုနှစ်ချောင်းပေါင်း စွမ်းအားက အကန့်အသတ်မဲ့လောက်အောင် အားကောင်းပြီး လီဝူကျယ်အား ရှောင်တိမ်းစရာမကျန်တော့အောင် ပိတ်ဆို့နေသည်။

“မင်းက ငါတွေ့ဆုံဖူးတဲ့ ဉာဏ်အလင်းမသေမျိုးတွေထဲ အကောင်းဆုံးဖြစ်ကြောင်းကိုတော့ ဝန်ခံရမယ်၊ ဒါပေမဲ့ မင်းက ယောင်ကွမ်းသူတော်စင်နယ်မြေက ချင်ရူရန်မဟုတ်ဘူး၊ မသေမျိုးဘုရင်တစ်ပါးကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ စွမ်းရည် မင်းမှာမရှိဘူး!”

“ဒါကြောင့် မင်းမာနကို ပြန်သိမ်းသွားပြီး နာနာခံခံနဲ့ သေပေးလိုက်တော့!”

ဓားတစ္ဆေသည် ရက်စက်စွာပြုံးလိုက်ကာ မနာလိုမှုနှင့် မုန်းတီးမှုများ‌ ရောထွေးလျက် လီဝူကျယ်ကို အဆုံးသတ်ဖို့ပြင်လိုက်သည်။

ရှေးဟောင်းခေတ်တစ်ချိန် သူ ဉာဏ်အလင်းမသေမျိုး အဆင့်တွင် ရှိစဉ်က ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဓားကျင့်စဥ်များနှင့် ခွန်အားပမာဏအား မပိုင်ဆိုင်ခဲ့ဖူးပေ။ ရှင်းရှင်းလင်းလင်း ပြောရလျှင် လီဝူကျယ်၏ ပါရမီက သူ့ထက် အပြတ်အသတ်သာသည်။ ကောင်းကင်နှင့် မြေကြီးတမျှ ကွာခြားသည်ဟုပင် ဆိုနိုင်မည်။

မနာလိုစိတ်ကြောင့် ဓားတစ္ဆေသည် ဤဓားတာအို ပါရမီရှင်ကို အမြစ်ဖြုတ် ဖျက်ဆီးပစ်ရန် အသည်းအသန်ဖြစ်နေသည်။ ဤမျှ အလားအလာကောင်းသော လူငယ်ကို အသက်ဆက်ရှင်ခွင့် လုံးဝမပေးသင့်။

ထူးဆန်းစွာပင်၊

သေခြင်း၏အန္တရာယ်နှင့် ရင်ဆိုင်နေရသော သွေးအလူးလူးမျက်နှာဖြင့် လီဝူကျယ်သည် ကြောက်ရွံ့မှု သို့မဟုတ် စိတ်ပျက်အားငယ်မှု အရိပ်အယောင်လေးပင်မပြဘဲ လွန်စွာ စိတ်လှုပ်ရှားတက်ကြွနေဟန်ပင် ရှိသေး၏။

သူ့တစ်ကိုယ်လုံးမှာ အံ့သြဖွယ် ပျော်ရွှင်သာယာမှုတစ်ခုကို ခံစားနေရသည်။ သေခြင်းတရားကို ပွေ့ဖက်ဆီးကြိုကာ လွတ်လပ်စွာ အစွမ်းကုန်တိုက်ခိုက်နေရသော ခံစားချက်က သူ့ကို မယုံနိုင်လောက်အောင် ပျော်ရွှင်စေသည်။ အရသာရှိသော ပျားရည်ဆိပ်ကို မြည်းစမ်းနေရသည့်အလား။

သေခြင်းမှ ပြန်လည်မွေးဖွားခြင်း!

သေခြင်းသည် အဆုံးသတ်မဟုတ်ဘဲ ဘဝသစ်တစ်ခု၏ အစသာဖြစ်သည်။

လီဝူကျယ်၏ ခိုင်မာကြည်လင်သော ဓားနှလုံးသားသည် ထိုခံယူချက်ဖြင့် မြှင့်တင်ခံလိုက်ရပြီး သူကိုင်စွဲသော ဓားစိတ်ဆန္ဒ၏ အရှိန်အဟုန်သည်လည်း လျင်မြန်စွာ ပြောင်းလဲသွားကာ အဆင့်သစ်တစ်ခုသို့ တက်လှမ်းသွားခဲ့သည်။ သဘာဝနှင့် တစ်သားတည်းဖြစ်ကာ မိမိကိုယ်ကို မခံစားမိတော့သော ကမ္ဘာသစ်တစ်ခုဆီသို့။

“ဒါ၊ ဒါက ဒဏ္ဍာရီလာ ကောင်းကင်အဆင့် ဓားစိတ်ဆန္ဒလား?!!!”

ဓားတစ္ဆေမှာ ကြီးစွာမျက်နှာပျက်သွားပြီး ဆောက်တည်ရာမရ အော်ဟစ်လိုက်သည်။

ဓားစိတ်ဆန္ဒများတွင် အဆင့်အမျိုးမျိုးပါရှိသည်။

ကျင့်ကြံသူ အသစ်လေးများအတွက် ပထမအဆင့်အဖြစ် အဆင့်တစ်မှကိုးအထိ ခွဲခြားပေးထားပြီး အမြင့်ဆုံးဖြစ်သော အဆင့်ကိုးအထက်တွင် ဝိညာဉ်အဆင့်၊ ကမ္ဘာမြေအဆင့်၊ ကောင်းကင်အဆင့်နှင့် တာအိုအဆင့်တို့ ရှိသည်။

တာအိုကျင့်ကြံသူ အများစုသည် တစ်သက်တာလုံး ကျင့်ကြံအားထုတ်ပါမှ အဆင့်ကိုးအထိသာ မြှင့်တင်နိုင်ကြသည်။ ပါရမီရှင်အချို့ကသာ ဝိညာဉ်အဆင့် ဓားစိတ်ဆန္ဒကို ရရှိနိုင်ပြီး ကမ္ဘာမြေအဆင့် ဓားစိတ်ဆန္ဒမှာ အလွန်ရှားပါးတွေ့ခဲလှ၏။

အဆုံးသတ်အနေဖြင့် မည်သည့်ခေတ်တွင်မဆို ထိုမျှ သန့်စင်ထူးခြားသော တာအိုကျင့်ကြံသူ အများကြီး မရှိနိုင်ပါ။ ထို့ကြောင့် ကမ္ဘာမြေအဆင့် ဓားစိတ်ဆန္ဒကိုပင် ယေဘုယျအားဖြင့် အမြင့်ဆုံးအဆင့်အဖြစ် သတ်မှတ်ထားရလေသည်။

ကောင်းကင်အဆင့် ဓားစိတ်ဆန္ဒ ဆိုရင်ကော?

အခြေခံအားဖြင့် ဒဏ္ဍာရီများတွင်သာ ရှိလေသည်။

ဓားတစ္ဆေ ကိုယ်တိုင်သည်ပင် ဝိညာဉ်အဆင့် ဓားစိတ်ဆန္ဒအထိသာရှိပြီး တစ်သက်တာ ကန့်သတ်ပိတ်ပင်ခံလိုက်ရသကဲ့သို့ ထပ်မတက်လှမ်းနိုင်ဘဲရှိ၏။ ဓားစိတ်ဆန္ဒမှာ ကျင့်ကြံဆင့်နယ်ပယ်နှင့်လည်း မသက်ဆိုင်သောကြောင့်ပင်။

လီဝူကျယ်သည်လည်း ယခင်က ဝိညာဉ်အဆင့် ဓားစိတ်ဆန္ဒတွင်သာ ရှိခဲ့သည်။

လက်ရှိတွင် သူသည် ချက်ချင်းပင် တစ်ဆင့်ကျော်ခုန်တက်ပြီး ကောင်းကင်အဆင့် ဓားစိတ်ဆန္ဒအား အပိုင်စီးရယူလိုက်နိုင်လေပြီ။

ဆိုလိုသည်မှာ၊

နဂါးတံခါးကို ခုန်ကျော်လိုက်နိုင်သော ငါးတစ်ကောင်အလား!

“ထူးခြားလိုက်တဲ့ အရည်အချင်း၊ နှစ်တစ်ထောင်မှာ တစ်ယောက်မရှိတဲ့ ရှားပါးလိုက်တဲ့ ဓားတာအို ပါရမီရှင်…” ဓားတစ္ဆေသည် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားကာ ခေါင်းထဲတွင် အသံမျိုးစုံ ဆူညံလာသည်။

ဒါပေမဲ့ မကြာခင်မှာပဲ ဒေါသအလိပ်လိုက်ထွက်လာသည်။ ထို ပြိုင်ဘက်ကင်းလူသားကို သူ့လက်ဖြင့် ဆုပ်ချေဖျက်ဆီးလိုက်ချင်စိတ်က တဖွားဖွား ပေါ်ပေါက်လာ၏။

ဘာလို့လဲ?

ငါ့လို မသေမျိုးဘုရင်တစ်ပါးတောင်မှ ဒီလိုရှားပါးအခွင့်အရေးကို မရနိုင်ဘူး။ ဒါပေမဲ့ မင်းလို ဉာဏ်အလင်းမသေမျိုးအဆင့်လောက်က ကောင်းကင်အဆင့် ဓားစိတ်ဆန္ဒကို နားလည်သွားတယ်တဲ့လား!

ဒါမတရားဘူး!

မနာလိုမှုဖြင့် ရူးသွပ်သွားခဲ့လေပြီ…

ဓားတစ္ဆေက ဟိန်းဟောက်ကြွေးကြော်သည်။ “ကောင်းကင်အဆင့် ဓားစိတ်ဆန္ဒ ဖြစ်နေရင်ကော ဘာဖြစ်လဲ? ငါက မသေမျိုးဘုရင်ပဲ၊ မင်းငါ့ကို အနိုင်မယူနိုင်ဘူး!”

သူ့အသံ မဆုံးမီပင် တစ္ဆေဓားခုနစ်ချောင်း၏ စွမ်းအားက ချက်ချင်း မြင့်တက်လာသည်။ မရေမတွက်နိုင်သော ရန်လိုရိုင်းစိုင်းသည့် ဝိညာဉ်များက တစ္ဆေဓားများအတွင်း ငိုယိုနေကာ ဓားအရှိန်အဝါက အဆုံးမဲ့ လေပွေတစ်ခုကဲ့သို့ ကြမ်းတမ်းမွှေနှောက်နေသည်။ လီဝူကျယ်ကို ရှောင်တိမ်းစရာမရှိအောင် ရစ်ပတ်ပိတ်ဆို့ချင်ပုံပင်။

ဓားတစ္ဆေသည် လီဝူကျယ်ကိုသတ်ဖို့ သူ၏ နောက်ဆုံးသောဝှက်ဖဲကို လောင်းကြေးထပ်လိုက်ခြင်းပင်။

တကယ်တော့ လီဝူကျယ်သည် ကောင်းကင်အဆင့် ဓားစိတ်ဆန္ဒကို အသုံးပြုနိုင်နေပြီ ဖြစ်သော်ငြား ကျွမ်းကျင်အောင် လေ့ကျင့်ထားရခြင်း မရှိသေးသောကြောင့် အားနည်းနေဆဲဖြစ်သည်အမှန်ပင်။

သို့သော်၊

သူလိုချင်သောပန်းတိုင်ကို အောင်မြင်သွားပြီဖြစ်သောကြောင့် စွမ်းအားကုန် ထုတ်သုံးချိန်တန်လေပြီ။

ဒုန်း ဒုန်း ဒုန်း…

ကောင်းကင်တွင် လျှပ်စီးများလက်ပြီး မိုးချုန်းသံများ မြည်ဟီးလာသည်။ တိမ်များက သွေးနီရောင်လွှမ်းကာ ကျယ်ပြန့်သော သွေးပင်လယ်တစ်ခုဖြင့် ကမ္ဘာမြေအား အုပ်မိုးထားသကဲ့သို့။

စိတ်နှလုံးကို တုန်လှုပ်စေသော နတ်ဆိုးအရှိန်အဝါတစ်ခုက လီဝူကျယ်ဆီမှ ထွက်ပေါ်လာသည်။

သူ့မျက်လုံးများက ကြောက်မက်ဖွယ် အနီရောင်သမ်းနေသည်။ ဆံပင်အနက်များက ရိုင်းစိုင်းစွာ လွင့်ပျံနေကာ ဒဏ်ရာများက မယုံနိုင်လောက်သောအရှိန်ဖြင့် သက်သာပျောက်ကင်းနေသည်။

သူ့လည်ပင်းနှင့် မျက်နှာရှိ သွေးကြောများက ဖောင်းပွရုန်းကြွလာကာ မျက်နှာထားသည် တဖြည်းဖြည်း ရုပ်ဆိုးအကျည်းတန်လာပြီး သွားဖြူဖြူများပင် ချွန်ထက်လာသည်။

“အား~~~~!!!”

ရှေးဟောင်းသားရဲတစ်ကောင်၏ ဟိန်းဟောက်သံအလား ထင်မှတ်ရသော အော်သံတစ်ချက်က သူ့ပါးစပ်မှ ထွက်ပေါ်လာသည်။

နောက်ဆုံးအချိန်တွင် လီဝူကျယ်သည် သူ၏ ရူးသွပ်သောနတ်ဆိုးသွေးဆက်ကို အသက်သွင်းလိုက်ခြင်းပင်။

နတ်ဆိုးသွေးဆက် အသက်ဝင်လာသော တစ်ဆင့်ချင်းစီတွင် သူ့စိတ်ထဲမှ သတ်ဖြတ်လိုစိတ်ကလည်း တစ်ထစ်ချင်း တိုးမြင့်လာသည်။ မျက်လုံးများက သွေးရောင်ချင်းချင်းနီကာ ခန္ဓာကိုယ်တွင်းရှိ သွေးစီးကြောင်းများ မနားမနေ ဆူပွက်လာသည်။

အဆုံးမဲ့သော နတ်ဆိုးချီစွမ်းအင်က သူ့ပတ်ပတ်လည်တွင် လှည့်ပတ်နေသည်မှာ လူကိုယ်တိုင် နတ်ဆိုးဘုရင်တစ်ပါးအဖြစ် ပြောင်းလဲသွားသည့်အလား။

သူ မှင်ရောင်ဓားကို ကိုင်ဆုပ်ထားပြီး တစ်ချက်တိုက်ခိုက်လိုက်သည်။ ထိုဓားချက်၏ စွမ်းအားက အရင်ဓားချက်များနှင့် သိသိသာသာ ကွာဟနေခဲ့သည်။

အနက်ရောင် ဓားသွားရောင်ခြည်တစ်ခုက ကောင်းကင်နှင့်မြေကြီးကို ခုတ်ပိုင်းတော့မည့်အဟုန်ဖြင့် ထွက်ပေါ်လာခဲ့သည်။

“မကောင်းတော့ဘူး!”

ဓားတစ္ဆေ၏ မျက်ဆံများ ကျဉ်းမြောင်းသွားသည်။ သူ၏ မူလက ပြိုင်ဘက်မရှိ ပြင်းထန်သော ဓားအရှိန်အဝါမှာ တစ်ဖက်လူ၏ဓားချက်ကြောင့် ပြိုလဲလုနီးပါး ဖြစ်သွားပြီး သူ့ခန္ဓာကိုယ်မှာ ပေတစ်ရာလောက်အထိ မထိန်းနိုင်စွာ လွင့်ထွက်သွားရ၏။

တစ္ဆေဓားခုနစ်ချောင်းလုံးမှာ ကြောက်ချီးပန်းကာ တုန်ခါနေလေပြီ။

“သေ! သေ! သေစမ်း!”

လီဝူကျယ်၏ သွေးနီရောင်မျက်လုံးများက အရှေ့မှ ပိန်ပိန်ရှည်ရှည်ပုံရိပ်ကိုသာ အာရုံစိုက်ထားကာ ဒီလူကို ရှင်းလင်းဖယ်ရှားဖို့အတွေးတစ်ခု သူ့ခေါင်းထဲ ကျန်ရှိတော့သည်ပင်။

ရွှစ်~

အနက်ရောင် အလင်းတန်းတစ်ခုက လေထုကိုဖြတ်တောက်ရောက်ရှိလာကာ ဓားတစ္ဆေအား အသက်ရှူခွင့်ပင်မပေးတော့ဘဲ အပြင်းအထန် တိုက်ခိုက်တော့သည်။

ရုတ်တရက်။

ခမ်းနားသော သတ်ဖြတ်လိုစိတ်က ဓားတစ္ဆေ၏ ကျောရိုးတစ်လျှောက် စိမ့်တက်အေးခဲသွားအောင် ခြိမ်းခြောက်လာသည်။

အရှေ့ရှိ နတ်ဆိုးကဲ့သို့ ရူးသွပ်သောင်းကျန်းနေသောလူသားအား တစ်ချက်ကြည့်လိုက်မိချိန်တွင် ဓားတစ္ဆေ၏ နှလုံးသားအတွင်းပိုင်းမှ ထိတ်လန့်တုန်လှုပ်မှုတစ်ခု ဖြစ်ပေါ်လာသည်။

“ဘုရားရေ! ဒါဘယ်လို နတ်ဆိုးအမျိုးအစားများလဲ?!”

စာစဉ်ပြီး၏

All Chapters