← Chapters

ပြန်လည်နိုးထရှင်သန်ချိန်

Vol. 41 Ch. 565

ပြန်လည်နိုးထရှင်သန်ချိန်

Vol. 41 Ch. 565

ယဲ့ကျွင်းလင်သည် ခေါင်းကိုအသာခါလိုက်ပြီး နှိမ့်ချသလို ပြောလာသည်။ "ဘယ်သူက ပို အားကောင်းတယ်ဆိုတာ တိုက်ခိုက်ပြီးမှ သိရမှာပေါ့"

“ဒါပေမဲ့ သေချာတာကတော့ နောက်ဆုံးမှာ နိုင်မယ့်သူက ငါပဲ ဖြစ်လိမ့်မယ်" ချက်ချင်းဆိုသလိုပင် ယဲ့ကျွင်းလင်က မည်သည့် နှိမ့်ချမှုမှမရှိဘဲ ထပ်ပြောလိုက်သည်။

အားလုံး: “..."

ဟုတ်ပါပြီ၊ ခင်ဗျားက သေအောင် အံ့သြစရာကောင်းတယ်၊ ခင်ဗျား ပြောသမျှ အားလုံးမှန်တယ်!

“အဟမ်း”

ကောင်းပုလီသည် တမင်တကာ ချောင်းအနည်းငယ် ဟန့်လိုက်ပြီးမှ ဝင်ပြောသည်။ “ကျွန်တော်လည်း အဲ့ဒီတုန်းက လုံအော်ထျန်းအကြောင်း ကြားဖူးတယ်၊ သူက ရှေးခေတ်အဆုံးပိုင်းမှာ ထွန်းလင်းတောက်ပခဲ့တဲ့ နဂါးမျိုးနွယ် ထူးချွန်သူပဲ၊ မသေမျိုးဧကရာဇ်ဆိုပေမဲ့ အဲ့ထက်သာလွန်တဲ့ အရည်အချင်းရှိတယ်"

“ဒါပေမဲ့ သူဒီလောက် အားကောင်းနေရတဲ့ အကြောင်းရင်းကို ခင်ဗျားတို့ သိကြလား?"

ထိုစကားကို ကြားသောအခါ၊

လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြသည်။

“အကြီးအကဲကောင်း၊ ကျေးဇူးပြုပြီး မျှဝေပါဦး!" စန်းလန်ကျွင်းက ရိုရိုကျိုးကျိုးတောင်းဆိုပြီး အာရုံစိုက်နားထောင်သည်။

ဤသူသည် ဧကရီဖူယောင်၏ အစောင့်ခွေးတစ်ကောင်အနေဖြင့် မသေမျိုးဘုရင်အဆင့်အတန်းနှင့် မညီမျှသော ဗဟုသုတများစွာ သိရှိနှံ့စပ်ဖူးသူ တစ်ဦးဖြစ်သည်။

“လုံအော်ထျန်းရဲ့ နောက်ခံအကြောင်း ပြောရရင် သူက ရွှေနဂါးမျိုးနွယ်နဲ့ နဂါးနက်မျိုးနွယ်တို့ ပေါင်းစပ်မှုကနေ ဖြစ်ပေါ်လာတဲ့ နဂါးသားတော်၊ စစ်မှန်တဲ့ နဂါးမျိုးနွယ်မှာ တစ်ခါမျှ မမြင်ဖူးတဲ့ ထူးခြားတဲ့ မျိုးစပ်ကပြားပေါ့!"

ကောင်းပုလီသည် ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်နေသကဲ့သို့ အလေးအနက်ပြောသည်။

ယဲ့ကျွင်းလင်နှင့် အခြားသူများကတော့ အဓိပ္ပာယ်ကို စိုးစဥ်းမျှ နားမလည်ကြဘဲ အနည်းငယ် ကြောင်အနေသော်လည်း ထိုစကားလုံးတို့၏ အရေးပါမှုကို သိနားလည်သော စန်းလန်ကျွင်းက တုန်လှုပ်သွားပြီး ထအော်လိုက်သည်။

“ဘယ်လိုများဖြစ်နိုင်မှာလဲ?! ရွှေနဂါးမျိုးနွယ်နဲ့ နဂါးနက်မျိုးနွယ်က အမြဲတမ်း ရန်သူတွေ ဖြစ်နေတာ မဟုတ်ဘူးလား?"

“ဒါ့အပြင် မတူညီတဲ့ မျိုးနွယ်စုက နဂါးမျိုးနွယ်ဝင်တွေ သား ဖောက်ရင် သားသမီးက ချက်ချင်းသေဆုံးနိုင်ချေ အလွန်မြင့်မားတယ်လို့ ကြားဖူးထားတယ်။ မျိုးစပ်တဲ့ နဂါးမျိုးနွယ်နှစ်ခုရဲ့ သွေးသားက ပိုပြီး မြင့်မြတ်လေလေ၊ သားဖောက်ရာကနေ သေဆုံးနိုင်ချေက ပိုများလေလေပဲ!"

“လုံအော်ထျန်းရဲ့ ကံတရားက ကောင်းကင်ကို စိန်ခေါ်လောက်အောင် ကောင်းလွန်းနေလို့ သူက အခွင့်အရေးရပြီး ရှင်သန်နိုင်ခဲ့တာလို့များ ခေါ်မလား"

ထိုစကားကို ကြားသောအခါမှ လူတိုင်းသည် လုံအော်ထျန်း၏ ဇာစ်မြစ် မည်မျှထူးခြားကြောင်းကို နားလည်သွားခဲ့ကြ၏။

“ဟုတ်တယ်”

ကောင်းပုလီက လေးနက်သော အမူအရာဖြင့် စကားဆက်သည်။ “စစ်မှန်တဲ့ နဂါးမျိုးနွယ်က မျိုးနွယ်စု များစွာအဖြစ် ထပ်မံခွဲထုတ်ထားပြီး ရွှေနဂါးမျိုးနွယ်က အစွမ်းအထက်ဆုံးနဲ့ နဂါးနက်မျိုးနွယ်က ဒုတိယလိုက်တယ်။ မျိုးနွယ်စုနှစ်ခုကြား ဆက်ဆံရေးက အမြဲတမ်း မီးနဲ့ရေလိုပဲ ဆန့်ကျင်ဘက်ဖြစ်နေခဲ့တာကြောင့် ယုတ္တိရှိရှိ တွေးကြည့်ရရင် ပေါင်းဖက်လက်ထပ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး၊ ဒါပေမဲ့ အဲ့ဒီ မဖြစ်နိုင်လောက်တဲ့ မတော်တဆဖြစ်ရပ် တစ်ခု ပေါ်ပေါက်လာခဲ့တယ်!"

“အဲ့ဒါက ကျွန်တော် အစောင့်ခွေးဖြစ်တုန်းက မသေမျိုး ဧကရာဇ်တွေဆီကနေ ကိုယ်တိုင်ကြားသိခဲ့ရတဲ့ အတွင်းသတင်းပဲ။ ရွှေနဂါးမျိုးနွယ် မဟာအကြီးအကဲရဲ့ သမီးက နဂါးနက်မျိုးနွယ် မျိုးနွယ်ခေါင်းဆောင်ရဲ့ တရားဝင်သားနဲ့ တွေ့ဆုံခဲ့ကြတယ်လို့ ပြောကြတယ်။ ပထမတော့ နှစ်ယောက်စလုံးက မျိုးနွယ်အလိုက် ရန်သူတွေလို ဖြစ်ခဲ့ပေမယ့် နောက်ပိုင်း လူငယ်သဘာဝ ချစ်ကျွမ်းဝင်မိခဲ့ကြတယ်"

“အဲ့ဒီ နဂါးမလေး ကိုယ်ဝန်ဆောင်လာတဲ့အထိ ခရီးပေါက်သွားခဲ့တာပေါ့၊ သန္ဓေသားက ရှင်သန်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သိတဲ့အတွက် သူမက အသက်စွမ်းအင်ကို သုံးပြီး သန္ဓေသားကို အာဟာရ ဖြည့်တင်းဖို့ ကိုယ်တိုင်က အန္တရာယ်ကျခံခဲ့တယ်။ မျိုးနွယ်စုရဲ့ သတိပေးချက်တွေ ပြစ်ဒဏ်တွေ အားလုံးကို ပယ်ချပြီး လုံအော်ထျန်းကို လျှို့ဝှက်မွေးဖွားခဲ့တယ်။ ခင်ပွန်းဖြစ်သူက သတင်းကြားကြားချင်း ပြေးလာခဲ့ပေမယ့် ဇနီးသည်က အသက်ဆုံးရှုံးသွားခဲ့ပြီးပြီ။ ဒီလိုနဲ့ ခင်ပွန်းဖြစ်သူလည်း စိတ်နှလုံးကြေကွဲစွာနဲ့ လုံအော်ထျန်းကို သူ့ မျိုးနွယ်စုဆီ ပြန်ခေါ်သွားဖို့သာ တတ်နိုင်ခဲ့တယ်"

“ဒီ သတင်းကို သိရတဲ့အခါ မျိုးနွယ်စု နှစ်ခုစလုံးက ဒေါသတကြီး ပေါက်ကွဲခဲ့ကြပြီး အရှက်ရစရာတစ်ခုအဖြစ်သာ သတ်မှတ်ခဲ့ကြတယ်။ ရွှေနဂါးမျိုးနွယ် မဟာအကြီးအကဲရဲ့ မျိုးဆက်တစ်ဆက်လုံးကိုပါ အတင်းအကျပ် နေရာရွှေ့ပြောင်းစေခဲ့သလို နဂါးနက်မျိုးနွယ်ရဲ့ လူငယ်ခေါင်းဆောင် ဖြစ်ခဲ့သင့်တဲ့ ကလေးအဖေကိုလည်း ဒီကိစ္စကြောင့် အကျဉ်းချခဲ့ကြတယ်။ သူ့ရဲ့ဆင်းရဲဒုက္ခတွေက အဆုံးမရှိပါဘူး"

“လုံအော်ထျန်းကတော့ သူ့ရဲ့ မွေးရာပါ နောက်ခံအခြေအနေကြောင့် နဂါးနက်မျိုးနွယ်မှာ အကြီးအကျယ် ဝိုင်းပယ်ခံခဲ့ရပြီး ခွဲခြားဆက်ဆံခံခဲ့ရတယ်။ သူ ငယ်ရွယ်စဥ်က ဒီနှိပ်စက်မှုဒဏ်ကို ဆက်မခံနိုင်တော့ဘဲ သူ့ကို အနိုင်ကျင့်ခဲ့တဲ့ မျိုးနွယ်စုဝင် အတော်များများကို ပြန်တိုက်ခိုက်ရာကနေ ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့ပြီး ညတွင်းချင်းပဲ နဂါးနက်မျိုးနွယ်ရဲ့ နယ်မြေကနေ ထွက်ပြေးလာခဲ့တယ်။ အဲ့ဒီကစပြီး တစ်ယောက်တည်း ခွင်းလွင်ကမ္ဘာကို စွန့်စား ဝင်ရောက်လာခဲ့တာပေါ့"

“သူ့ရဲ့ မွေးရာပါ အရည်အချင်းနဲ့ အစွမ်းထက်တဲ့ သွေးနှောရောယှက်မှုကို အားကိုးပြီး လုံအော်ထျန်းဟာ မရပ်မနား တိုးတက်လာခဲ့တယ်။ ဒီ ကာလအတွင်း နဂါးနက်မျိုးနွယ်က သူ့ကို ဖမ်းဆီးဖို့ လျှို့ဝှက် လုပ်ကြံရေးသမားတွေ စေလွှတ်ခဲ့ပေမယ့် သူက အမြဲတမ်း အန္တရာယ်ကို ရှောင်ရှားနိုင်ခဲ့ရုံသာမက တိုက်ပွဲတိုင်းမှာ ပိုလို့တောင် အားကောင်းလာခဲ့တယ်"

“သူ့ရဲ့ ဇာစ်မြစ်ကို မျိုးနွယ်စု နှစ်ခုစလုံးက ထုတ်ဖော်ပြောဆိုခြင်း မပြုရတဲ့ တားမြစ်ချက်အဖြစ် စာရင်းသွင်းခဲ့ကြတာကြောင့် အပြင်လောကမှာ ကျင့်ကြံသူများစွာက သူအရမ်းထူးခြားတယ်လို့ ခံစားခဲ့ရပေမယ့် တိကျတဲ့ အကြောင်းရင်းကိုတော့ မသိခဲ့ကြဘူး၊ ဒါကြောင့် နဂါးမျိုးနွယ်က လေ့ကျင့်ဖို့ သက်သက်စေလွှတ်လိုက်တဲ့ ပြိုင်ဘက်ကင်း ထူးချွန်သူလို့သာ မှန်းဆခဲ့ကြတယ်"

ကောင်းပုလီ၏ မျက်လုံးများ ဖျတ်ခနဲတစ်ချက်လက်သွားပြီး ဝေဖန်သုံးသပ်လိုက်သည်။ “ဒါဆို ကျွန်တော် ထင်တာက သူ နောက်ဆုံးအထိ မသေမျိုးဘုံကို မသွားခဲ့တာက ပြန်လည်ရှင်သန်နိုးထလာတဲ့ ခွင်းလွင်ကမ္ဘာမှာ မသေမျိုးဧကရာဇ် ရာထူးကို တစ်ပါးတည်းရယူဖို့ ဖြစ်နိုင်တယ်!"

“ဒါကြောင့်ကိုး၊ မယုံနိုင်စရာပဲ" စန်းလန်ကျွင်းသည် တီးတိုးရေရွတ်ကာ ကောင်းပုလီကို လေးစားသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ဧကရီဖူယောင်ရဲ့ အစောင့်ခွေး ဖြစ်ခဲ့ဖူးတော့ တကယ်ကို အများကြီး သိထားတာပဲ!

“အရမ်း မာနကြီးပုံရတဲ့ အဲ့ဒီလူလည်း ဒီလိုခက်ခဲတဲ့ နောက်ခံဘဝ ရှိခဲ့လိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ခဲ့ဘူး" ဟုန်ချန်ယဲ့ကလည်း ခပ်တိုးတိုးရေရွတ်သည်။

ရိုးရိုးသားသား ပြောရလျှင် လုံအော်ထျန်း သူ့ကို မည်မျှနူးညံ့ချစ်ခင်သော ကြက်သီးထဖွယ်အကြည့်ကြီးများဖြင့် တမ်းတမ်းမက်မက်ကြည့်ကာ ချန်ယဲ့ဟု တယုတယခေါ်ဆိုခဲ့ပုံအား ယခုထိ မေ့ဖျောက်မရသေး။

တွေးလိုက်တိုင်း သူ့ စိတ်ထဲဝယ် နတ်ဆိုး၏ကျိန်စာသံလိုမျိုး ပဲ့တင်ထပ်နေကာ ဖယ်ရှားဖို့ အတော်ပင်ခက်ခဲလေသည်။

“ရွှေနဂါးမျိုးနွယ် ပေါ့လေ..."

ထိုနာမည်ကို ကြားသောအခါ ယဲ့ကျွင်းလင်သည် အဓိကအချက်တစ်ခုကို သတိပြုမိလိုက်သည်။ ယွင်ရှန်းမသေမျိုးကျွန်းရဲ့ ခြံဝန်းထဲက ရေကန်ထဲမှာနေတဲ့ ဟိုရွှေငါးကလည်း အဲ့ဒီတုန်းက ရွှေ့ပြောင်းဖို့ အတင်းအကြပ် စေခိုင်းခံခဲ့ရတဲ့ ရွှေနဂါးမျိုးနွယ်ရဲ့ မျိုးနွယ်ခွဲတစ်ခု ဖြစ်နိုင်မလား?

ယွင်ရှန်းမသေမျိုးကျွန်းကို ရွှယ်ထျန်းဂိုဏ်းတွင် ထားခဲ့မိခြင်းက နှမြောစရာပင်။ မဟုတ်ပါက ထိုရွှေငါးများကို အစာကျွေးရင်း နေ့တွင်းချင်းမေးလို့ရလောက်မည်ဖြစ်၏။

ဤသို့တွေးမိရာတွင် ယဲ့ကျွင်းလင်သည် သူ၏ ခြံဝင်းငယ်လေးထဲ အေးအေးလူလူ ကြက်တိုက်ပွဲလေးကြည့်လိုက် ငါးစာလေးကျွေးလိုက်နှင့် အေးချမ်းသည့် ဘဝလေးကို မလွမ်းဆွတ်ဘဲ မနေနိုင်ခဲ့ပေ။

“နောက်ဆုံး ခြုံပြောရရင် လုံအော်ထျန်းဟာ မတော်တဆဖြစ်ရပ် များစွာကနေ မွေးဖွားလာတဲ့ နဂါးမျိုးနွယ်ရဲ့ ထူးခြားချက်တစ်ခုပဲ။ ပါရမီရှင်တွေထဲမှာမှ ထိပ်ဆုံးမှာထိုင်နေတဲ့သူပေါ့။ ကြောက်စရာအကောင်းဆုံးက သူဟာ နဂါးမျိုးနွယ်ရဲ့ ရှားပါး မွေးရာပါ နတ်ဘုရားစွမ်းရည် နှစ်ခုလုံးကို တစ်ပြိုင်နက် ပိုင်ဆိုင်ထားတာပဲ! တိုက်ပွဲဝင်ရတာကိုလည်း အရမ်းရူးသွပ်တဲ့ကောင်!"

ကောင်းပုလီ၏ ကြည်လင်သော ခွေးမျက်လုံးလေးများ တောက်ပလာပြီး လုံအော်ထျန်းနှင့်ပက်သက်သော နောက်ထပ်လျှို့ဝှက်ချက်များကို အားပါးတရ ထုတ်ဖော်လာပြန်လေသည်။

“ဘာ မွေးရာပါ နတ်ဘုရားစွမ်းရည် နှစ်ခု?!” စန်းလန်ကျွင်း အံ့အားသင့်စွာ ထအော်လိုက်သည်။

နဂါးမျိုးနွယ်အကြောင်း အခြေခံမျှသာ နားလည်သူများပင် နဂါးမျိုးနွယ်ဝင်တိုင်း မွေးဖွားလာစဥ်တွင် မွေးရာပါ နတ်ဘုရားစွမ်းရည်တစ်ခုကို ပိုင်ဆိုင်ရန် အခွင့်အရေး ရှိကြောင်း သိထားကြ၏။ သူတို့၏ သွေးသားဆက်ခံမှုက ပိုမြင့်မြတ်လေလေ မွေးရာပါစွမ်းရည် ပါလာနိုင်ချေ ပိုများလေဖြစ်သည်။ မွေးရာပါ နတ်ဘုရားစွမ်းရည်များ၏ အစွမ်းသတ္တိက ကွာခြားသော်လည်း ဘာတစ်ခုမှပါမလာခြင်းထက် တစ်ခုခုပါလာခြင်းက အမြဲတမ်းပိုကောင်းသည် မဟုတ်လော။

သို့သော် ကြိုတင်သတ်မှတ်ချက် တစ်ခုရှိသည်။ မည်သည့်အဆင့်အတန်း၊ အနေအထားမှဖြစ်စေ နဂါးမျိုးနွယ်ဝင်တိုင်း မွေးရာပါ နတ်ဘုရားစွမ်းရည် တစ်ခုသာ ပိုင်ဆိုင်ရမည်။ ဤသည်မှာ တစ်လျှောက်လုံးက တင်းကျပ်စွာသတ်မှတ်ထားသော စည်းမျဥ်းတစ်ခု ဖြစ်၏။

လုံအော်ထျန်းကတော့ တစ်ပြိုင်နက်တည်း နှစ်ခုကို ပိုင်ဆိုင်ထားလေသည်။ အံ့သြဘနန်း ထအော်ချင်လည်း အော်စရာပင်။

“အဲ့နှစ်ခုကရော ဘာတွေလဲဆိုတာ ခင်ဗျားတို့အားလုံး သိကြလား?" ကောင်းပုလီသည် သူ၏မုတ်ဆိတ်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး မိမိကိုယ်ကို ကျေနပ်အားရနေသောမျက်နှာဖြင့် မိန့်မိန့်ကြီးပြုံးနေသည်။

“မြန်မြန်ပြော! သိချင်အောင် တမင်လုပ်မနေနဲ့!" ဟုန်ချန်ယဲ့ ဒေါသဖြင့် တစ်ချက်ထဟောက်လိုက်သည်။ သူလည်း သူမတူသော ထိုစွမ်းအားရှင်အကြောင်း သိနိုင်သမျှ များများသိလိုသည်။

ကောင်းပုလီ အ‌အော်ခံရ၍ နည်းနည်းလန့်သွားပြီးမှ ‌တဟဲဟဲရယ်ကာ ဆက်ပြောလာသည်။ ။

“လုံအော်ထျန်းရဲ့ပါရမီကို စိတ်ဝင်စားတဲ့ မသေမျိုးဧကရာဇ်အချို့ဟာ တစ်ချိန်က သူ့ရဲ့ တိုက်ပွဲတွေကို လျှို့ဝှက်စောင့်ကြည့်ခဲ့ကြတယ်။ နတ်ဘုရားစွမ်းရည် ပထမတစ်ခုက နဂါးသွေးဆူပွက်ခြင်းလို့ ခေါ်ပြီး တိုက်ခိုက်ရေးစွမ်းအားကို အဆရာနဲ့ချီ တိုးလာ‌စေတယ်လို့ ကောက်ချက်ချထားကြတာပဲ။ ဒုတိယက နဂါးဒေါသမီး၊ သူ ပိုဒေါသထွက်လေလေ ထုတ်လွှတ်တဲ့ စွမ်းအားက ပိုကြီးလေပဲ!"

ကောင်းပုလီ ရှင်းပြလိုက်ကာမှ လူတိုင်းသည် လုံအော်ထျန်း၏ စွမ်းရည်များကို ရှင်းလင်းစွာ နားလည်သွားကြ၏။

“ခဏနေပါဦး၊ အဲ့ဒီ လုံအော်ထျန်းက ဒီလောက် ပါရမီတွေပါနေရင် ဘာကြောင့် နဂါးနက်မျိုးနွယ်က အဲ့လာက်ခါးခါးသီးသီး ဆက်ဆံနေရတာလဲ? သူက မျိုးစပ်နဂါးဖြစ်နေတော့ရော ဘာဖြစ်လဲ? နဂါးမျိုးနွယ်ကလည်း အမြင်ကျဥ်းလိုက်ပုံများ!" လျိုချင်းမင်က ရုတ်တရက် လက်ထောင်ကာ မေးခွန်းထုတ်လိုက်သည်။

“မှန်တယ်၊ ရှားပါး မွေးရာပါ နတ်ဘုရားစွမ်းရည် နှစ်ခု ရှိနေတာတောင် နဂါးနက်မျိုးနွယ်က ဘာကြောင့် သူ့ကို နေရာကောင်းကောင်းမပေးတာလဲ?" စန်းလန်ကျွင်းကလည်း အံ့အားသင့်စွာ ထောက်ခံသည်။

သူ နဂါးနက်မျိုးနွယ်ခေါင်းဆောင်နှင့် တွေ့လျှင် အမြင်ကျယ်စေဖို့ စာအုပ်များများဖတ်သင့်ကြောင့် အကြံပေးရမည်။

“ခင်ဗျားတို့ မသိကြတာ ရှိသေးတာပေါ့"

ကောင်းပုလီက ပြုံး၍ ပြောပြသည်။“လုံအော်ထျန်း ပထမဆုံး မွေးဖွားစဥ်က ဘယ်မွေးရာပါ နတ်ဘုရားစွမ်းရည်ကိုမှ မပြနိုင်ခဲ့ဘူးလေ။ နဂါးနက်မျိုးနွယ်အားလုံးက ဒီကလေးဟာ မျိုးနွယ်နှစ်ခုရဲ့ ပေါင်းစပ်မှုကြောင့် ပျက်စီးသွားတဲ့ မျိုးစပ်နဂါးလို့ ထင်ခဲ့ကြတယ်။ နောက်ပိုင်း လုံအော်ထျန်းကို အကြီးအကဲအချို့ရဲ့ ကလေးတွေက ဝိုင်းအနိုင်ကျင့်ကြရင်း သူ့ကိုယ်သူ ခုခံကာကွယ်ရာကနေ မွေးရာပါ နတ်ဘုရားစွမ်းရည် နှစ်ခုကို အသက်သွင်းနိုင်ခဲ့တာ။ ဒီလိုနဲ့ အဲ့ကလေးတစ်အုပ်ကို သူပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့ပြီး တစ်ညတည်းနဲ့ နဂါးနက်မျိုးနွယ်ရဲ့ နယ်မြေကနေ ထွက်ပြေးခဲ့ရတယ်"

"ဒါကြောင့်ကိုး..." လူတိုင်း နားလည်သွားကြသည်။

“အားရတယ်၊ သူတို့ ခံရသင့်တာပဲ! လူတော်ကိုမမြင်တတ်တဲ့ မျက်ကန်းတွေ! ကျွန်တော်သာ လုံအော်ထျန်းဖြစ်ရင်လည်း နဂါးနက်မျိုးနွယ်အပေါ် ဘယ်လိုမှအကောင်းမြင်နိုင်မှာမဟုတ်ဘူး!" လျိုချင်းမင်က ဒေါသတကြီး ပြောလိုက်သည်။

ကောင်းပုလီ၏ ပါးစပ်မှာ တတွန့်တွန့်လှုပ်သွားပြီး ခွေးမျက်လုံးများက လျိုချင်းမင်ကို ဝေဖန်သလို လှမ်းစွေကြည့်သည်။

တရားမျှတမှုအတွက် ရပ်တည်ပေးချင်တဲ့စိတ်ကိုတော့ ချီးကျူးပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အဲံလို အစားထိုးနှိုင်းယှဥ်ပြဖို့ လိုလို့လား?

လျိုချင်းမင်သည်လည်း စကားမကျွံသင့်သည့်သူကို ကျွံမိသွားမှန်း သဘောပေါက်သွားပြီး ချက်ချင်း တောင်းပန်သည်၊ “တောင်းပန်ပါတယ်၊ အကြီးအကဲကောင်း၊ ကျွန်တော် ဒီလို ရည်ရွယ်တာ မဟုတ်ပါဘူး..."

“ဟူး၊ နောက်ဆို ပို သတိထားပေါ့" ကောင်းပုလီက ထိုကိစ္စကို အာရုံသိပ်မစိုက်ပါပေ။

“စကားမစပ် ရှောင်ဟုန်၊ လုံအော်ထျန်း ဘယ်လိုဆက်သွားမယ်လို့ ‌ပြောသွားလဲ?" ယဲ့ကျွင်းလင် သိချင်စိတ်ဖြင့် မေးလိုက်သည်။

ဟုန်ချန်ယဲ့က ခေါင်းခါသည်။ “မပြောသွားဘူး၊ ဒါပေမဲ့ သူ တစ်ခုခု ကြီးကြီးမားမား လုပ်တော့မယ့်ပုံ ပေါ်တယ်"

ကောင်းပုလီက တွေးဆဆပြောသည်။ “ဒီ အဘိုးအိုရဲ့ အမြင်မှာ သူဟာ ကျင့်ကြံမှုကို အမြန်ပြန်လည်ကောင်းမွန်ဖို့ သင့်တော်တဲ့ နေရာကို ရှာဖွေနေတာ ဖြစ်နိုင်ချေအများဆုံးပဲ။ ဒီ အဘိုးအို မှတ်မိသလောက်သာဆိုရင် သူ့အမြင့်ဆုံးရောက်ခဲ့တဲ့ နယ်ပယ်အဆင့်က မသေမျိုးဧကရာဇ် ပဉ္စမကောင်းကင်လားပဲ"

ထိုစကားကို ကြားသောအခါ ယဲ့ကျွင်းလင်၏ မျက်လုံးများ တဖျတ်ဖျတ်လက်သွားပြီး အဓိပ္ပာယ်ပါပါပြောသည်။ “သူ မြန်မြန် ပြန်ကောင်းမွန်စေဖို့ ကျွန်တော် တကယ်မျှော်လင့်ပါတယ်"

အဲ့ဒီအခါကျမှ သူများကြိုးစားကျင့်ကြံထားတဲ့ အသီးအပွင့်လေးကို သူခူးစားလို့ရနိုင်မှာပေါ့!

သို့သော် ထိုစကားများသည် အခြားသူများ၏ နားတွင် နောက်ထပ် နက်နဲသောအဓိပ္ပာယ်တစ်ခုကို ‌ဆောင်နေသကဲ့သို့ရှိ၏။

ထို့နောက် သူတို့အားလုံး ယဲ့ကျွင်းလင်ကို တလေးတစားဝိုင်းကြည့်လိုက်ကြပြီး ယဲ့ကျွင်းလင်၏ တွေးခေါ်ပုံတွေးခေါ်နည်းမှာ လွန်စွာအတုယူစရာပင်ဟု အတွေးဝင်မိကြသည်။

ပြိုင်ဘက်က အားကောင်းနေတော့ရော ဘာဖြစ်လဲ? ကျင့်ကြံသူတစ်ယောက်ဟာ ဒီလိုစိတ်ဓာတ်မျိုး ရှိနေရမယ်။

စစ်မှန်သော အားကောင်းသူတစ်ဦးသည် အမြဲတမ်း မရှုံးနိမ့်နိုင်သော စိတ်နှလုံးသားကို ထိန်းသိမ်းထားမည်ဖြစ်ပြီး အင်အားအကောင်းဆုံး ပြိုင်ဘက်ကိုပင် သူတို့၏ နောက်တစ်ဆင့်လှမ်းတက်စရာ ကျောက်တုံးတစ်တုံးဖြစ်လာမည်ဟုသာ ယုံကြည်ကာ မည်သည့် စိန်ခေါ်မှုကိုမှ မကြောက်တတ်ပေ။

သူတို့ရှေ့မှလူငယ်သည်ကား ဥပမာကောင်းတစ်ခုသာဖြစ်၏။

All Chapters