အခန်း (၅၆၃)
Vol. 41 Ch. 563
"ဒီလူ နောက်ဆုံးတော့ ထွက်သွားပြီပဲ"
ဟုန်ချန်ယဲ့သည် နဖူးမှ ချွေးတစ်စက်ကို သုတ်လိုက်ရင် ပျောက်ပြယ်မသွားသေးသော ကြောက်ရွံ့မှုကို ခံစားနေရသည်။
ယနေ့အထိ သူ့ကို ဤမျှ ကြောက်ရွံ့တုန်လှုပ်စေရအောင် ဖိအားပေးနိုင်သူများဟု အဆင့်သတ်မှတ်ချက် ရှိခဲ့မည်ဆိုလျှင် ဆရာသခင်၏နောက်တွင် ဤလုံအော်ထျန်းက ဒုတိယလိုက်လိမ့်မည်။
တစ်ဖက်လူကား သေလောက်အောင်အားကောင်းနေခဲ့သည်။
ထိုသူသာ စိတ်လိုလျှင် သူ့ကို လက်ညှိုးတစ်ချက်လှုပ်ရုံနှင့် အလွယ်တကူ ကြိတ်ခြေနိုင်မှန်း သူပြောရဲသည်။
"ကျစ်၊ ငါ ခုထိ အရမ်းအားနည်းနေသေးတယ်။ ပိုပြီး အားကောင်းလာအောင် လုပ်ရမယ်..."
ဟုန်ချန်ယဲ့ မခံချင်စွာ အံတင်းတင်းကြိတ်လိုက်မိသည်။
ဤအတွေ့အကြုံအပြီး မကြာသေးမီက အဆင့်ချိုးဖျက်တက်ရောက်နိုင်ခဲ့သော ပျော်ရွှင်မှုမှာလည်း အတော်လေးလျော့ပါးသွားရလေသည်။
ဂိုဏ်းသားတို့သည် လုံအော်ထျန်းတစ်ယောက် ဟုန်ချန်ယဲ့ကို နှုတ်ဆက်၍ ထွက်ခွာသွားသည်အထိ ကြောင်တောင်တောင်ဖြင့်သာ ငေးကြည့်နေခဲ့ကြ၏။ ထို့နောက်မှ ဤပုဂ္ဂိုလ်သည် ဂိုဏ်းချုပ်၏မိတ်ဆွေသာဖြစ်ကြောင်း သဘောပေါက်လိုက်ကြသည်။
ငါတို့ဂိုဏ်းချုပ်က လုံးဝကို အံ့မခန်းပဲ!
"ကျွန်တော် ဘာလုပ်ရမလဲ။ ဘာလုပ်သင့်လဲ..." ယဲ့ဝူရှန်းသည် ခြေမကိုင်မိ လက်မကိုင်မိဖြင့် သူ့ဆံပင်များသူ ဆွဲနှုတ်နေပြီး နှလုံးသားသည် ပူပန်မှုနှင့် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သူလည်း ကူကျန်းရန်ကို မုန်းတီးသော်လည်း ပြဿနာက သူ နောက်ဆုတ်ဖို့ရဦ လမ်းမရှိတော့ခြင်းပင်။ နောက်ဆုံးတော့ သူတို့နှစ်ဦးမှာ တစ်လှေတည်းစီးများသာ ဖြစ်ကြ၏။
သို့သော် ယခု ကူကျန်းရန်ကို ဟုန်ချန်ယဲ့က သတ်လိုက်ပြီဆိုလျှင် သူသည်လည်း အရင်လုပ်ရပ်များအတွက် စာရင်းရှင်းခံရပေတော့မည်။
မကြာမီတွင်...
ရေခဲကဲ့သို့ အေးစက်သော အကြည့်တစ်ခုသည် သူ့ဆီသို့ တိုက်ရိုက်ကျရောက်လာကာ ခန္ဓာကိုယ်တစ်ခုလုံး အေးစိမ့်သွားခဲ့သည်။
"ယဲ့ဝူရှန်း၊ မင်းအပြစ်က ဘာလဲ သိလား?!"
ဟုန်ချန်ယဲ့၏ မျက်နှာသည် ရေခဲတမျှ အေးစက်နေ၍ လေထဲမှ ယဲ့ဝူရှန်းအနားသို့ တိုးကပ်လာကာ ဦးခေါင်းထက်မှ ငုံ့ကြည့်နေခဲ့သည်။
ယဲ့ဝူရှန်းသည် ကြောက်လန့်တုန်လှုပ်စွာ မြေပြင်ပေါ် ဒူးထောက်ချလိုက်သည်။ "ဂိုဏ်းချုပ်ဟုန်၊ ကျွန်တော့်ကို အသက် ချမ်းသာပေးပါ။ ဒီ ငယ်သားလည်း အတင်းစေခိုင်းခံရတာပါ။ အဲ့ဒီအကြီးအကဲရဲ့ ဖိအားသာ မရှိခဲ့ရင် ဒီငယ်သားက အရှင့်ကို ဘယ်လိုမှစော်ကားထိပါးရဲမှာ မဟုတ်ပါဘူး!"
ကွေ့ကျန်းချုံသည် ဂိုဏ်းသားများကို ဦးဆောင်၍ ရှေ့သို့ တက်လာကာ ဒေါသဖြင့် ပြောသည်။ "ယဲ့ဝူရှန်း၊ မင်း အရင်တုန်းကတော့ အရမ်းမာနကြီးနေတာမဟုတ်လား? အစီအရင် ပျက်သွားတာနဲ့ ငါတို့ မီးလျှံနတ်ဆိုးဂိုဏ်းကို အမှုန့်ကြိတ်ပစ်မယ်လို့တောင် ပြောခဲ့သေးတယ်လေ!"
"ဟုတ်တယ်။ သူ့ကို သတ်လိုက်! သတ်လိုက်!"
ဂိုဏ်းသားများက စိတ်ခံစားချက်အပြည့်ဖြင့် အော်ဟစ်တောင်းဆိုလာကြသည်။
ယဲ့ဝူရှန်း၏ မျက်နှာသည် ပြာနှမ်းနေ၍ ချွေးတို့ အဆက်မပြတ်စီးကျနေကာ မြေပြင်ပေါ် အားမရှိဘဲ လဲကျသွားခဲ့သည်။ အတိတ်က မြင်ကွင်းများစွာက သူ့အတွေးပုံရိပ်ထဲ ရောင်ပြန်ဟပ်ထင်ပေါ်လာသည်။
အရှက်တကွဲ အကျိုးနည်းဘဝမှသည် အမြင့်သို့ ပျံသန်းခြင်း၊ အားကောင်းစွာ အောင်ပွဲခံနိုင်ခဲ့ခြင်း၊ သူတော်စင်သခင် ရာဇပလ္လင်သို့ တက်လှမ်းခြင်း၊ ထို့နောက် ရက်အနည်းငယ်မျှပင် ပီတိမခံစားရသေးခင် ခိုင်းနွားကဲ့သို့ ကျွန်ခံရခြင်း၊ ယခု အချိန်အထိ သူ့ဘဝတွင် ဆက်တိုက် ရှုံးနိမ့်ရခြင်းများသာ ပြည့်နေခဲ့သည်...
သူ့ဘဝက ဒီလိုပဲ အဆုံးသတ်ရတော့မှာလား?
"မင်း ဒီတစ်ခေါက်ကိစ္စမှာ အတင်းအကြပ် စေခိုင်းခံရတယ်ပဲထား၊ အရင်တုန်းက ဒီဂိုဏ်းချုပ်ကို ပစ်မှတ်ထားခဲ့တဲ့ မသေမျိုးစစ်ပွဲမှာ မင်းရဲ့ စန်းမင်သူတော်စင်နယ်မြေလည်း ပါဝင်ခဲ့တာပဲမဟုတ်လား?" ဟုန်ချန်ယဲ့က အေးစက်စွာ ပြောလိုက်သည်။
"ဟုတ်ပါတယ်..."
ယဲ့ဝူရှန်းက ဝမ်းနည်းအားငယ်စွာ ဝန်ခံသည်။
"နောက်ပိုင်း၌ မင်း မင်းရဲ့ လက်အောက်ငယ်သားတွေကို ငါ့ဂိုဏ်းဆီ တိုက်ခိုက်ဖို့ စေလွှတ်ခဲ့သေးတယ်။ ဖြစ်နိုင်တာကတော့ အဲ့အတွေ့အကြုံကနေတစ်ဆင့် ငါ့ဆရာသခင်ရဲ့အင်အားကို နားလည်သွားလို့ ဖုန့်ချင်းယန်တို့နဲ့အတူ လိုက်ပြီး အသေမခံခဲ့တာပဲ ဖြစ်မယ်"
"စိတ်ဝင်စားဖို့ ကောင်းတာက မဟာတာအိုဂိုဏ်း ခုနစ်ခုရဲ့ အရှေ့ပိုင်းဒေသစစ်ဆင်ရေး မအောင်မြင်ခဲ့တဲ့အခါ မင်းက အဲ့ဒီအခွင့်အရေးကို အမိအရယူပြီး အင်အားကို မပြတ်ချဲ့ထွင်ရင်း ဒီနေရာအထိ တွားတက်လာနိုင်ခဲ့တာပဲ"
"ယဲ့ဝူရှန်း၊ မင်း ဂုတ်သွေးစုပ်လို့လည်း ဝပြီဆိုတော့ ပြန်အန်ထုတ်ချိန် တန်ပြီမဟုတ်လား!"
ဟုန်ချန်ယဲ့က အမိန့်ချသည်။ "ဒီနေ့ ငါဂိုဏ်းချုပ်က မင်းရဲ့ အသက်ကို ယူမယ်။ လက်ခံသလား?"
ဤ စကားလုံး တစ်ခုချင်းစီသည် ယဲ့ဝူရှန်း၏ နှလုံးသားကို ဓားကဲ့သို့ထိုးဖောက်ကာ သူ့တွင် ငြင်းဆန်ရန် အကြောင်းမရှိတော့ပေ။
အရာရာတိုင်းသည် ကံတရား၏အလိုသာပင်။ သူ ဤအခြေအနေကို ရောက်ရှိလာခြင်းအတွက် သူကိုယ်တိုင်မှလွဲ မည်သူ့ကိုမှ အပြစ်တင်လို့မရ။
"လက်ခံပါတယ်..."
ယဲ့ဝူရှန်းသည် အထီးကျန်ဆန်စွာ ရယ်မောလိုက်မိသည်။
ဟုန်ချန်ယဲ့ လက်မြှောက်လိုက်စဉ် ယဲ့ဝူရှန်းက ရုတ်တရတ်ဆိုသည်။ "ခဏလေး စောင့်ပါဦး။ ကျွန်တော် မသေခင် တောင်းဆိုစရာ သေးသေးလေးတစ်ခု ရှိပါတယ်?"
"ကျွန်တော့်နောက်လိုက် ဂိုဏ်းသားတွေကိုတော့ ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်။ သူတို့ကို ဒီကိစ္စထဲ ကျွန်တော်ပဲ ဆွဲခေါ်ခဲ့တာပါ။ ဒီ ကမ္ဘာမှာ နောင်ကစပြီး စန်းမင်သူတော်စင်နယ်မြေဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ ကျွန်တော့်ဂိုဏ်းရဲံ အရင်းအမြစ်အားလုံးကို မီးလျှံနတ်ဆိုးဂိုဏ်းကပဲ ပိုင်ဆိုင်ပါလိမ့်မယ်!"
ဟုန်ချန်ယဲ့သည် မျက်မှောင်ကြုတ်ကာ ယဲ့ဝူရှန်းနောက်ဘက်မှ ကျင့်ကြံသူ စစ်တပ်ကြီးကို ကြည့်လိုက်သည်။
"သူတော်စင်သခင်ယဲ့..."
အကြီးအကဲတို့များနှင့် ဂိုဏ်းသားတပည့်များမှာ မျက်လုံးများ နီရဲနေပြီး မထိန်းနိုင်စွာ ငိုကြွေးနေခဲ့ကြသည်။
"ဂိုဏ်းချုပ်၊ ပြဿနာရဲ့ အရင်းအမြစ်ကိုတော့ ဖယ်ရှားရပါမယ်" မဟာအကြီးအကဲ လေးပါးထဲမှ ရွှေဘီး အကြီးအကဲသည် ရက်စက်ကြမ်းကြုတ်သောအကြည့်ဖြင့် လက်ယှက်ဦးညွှတ်ကာ သတ်မိန့်ကိုတောင်းခံသည်။
"တိတ်စမ်း! မင်းဝင်ပြောစရာနေရာမဟုတ်ဘူး!" ကွေ့ကျန်းချုံက အသံအုပ်အုပ်ဖြင့် မာန်မဲလိုက်သည်။
ဟုန်ချန်ယဲ့က အသာပြုံးလိုက်သည်။ "အရင်ကဆိုရင်တော့ ဒီဂိုဏ်းချုပ်က ကျူပင်ခုတ် ကျူငုတ်မကျန် အကုန်လုံးတစ်စမကျန် သတ်ပစ်ဖို့ပဲ အမိန့်ပေးလိမ့်မယ်။ အခုတော့ ဒီလိုလုပ်စရာမလိုဘူးလို့ ငါထင်တယ်။
"မင်းလူတွေအားလုံးကို နတ်ဆိုးနှလုံးသား သစ္စာဆိုခိုင်းလိုက်ပါ။ နောက်ပြီး ဒီနေ့ကစပြီး သူတို့က မီးလျှံနတ်ဆိုးဂိုဏ်းကို ရန်သူအဖြစ် မသတ်မှတ်ရဘူး!"
ဤစကားကို ကြားသောအခါ။
ယဲ့ဝူရှန်းသည် သူ၏ နှလုံးသားမှ ဝန်ထုပ်ဝန်ပိုးတစ်ခု ကျသွားသကဲ့သို့ ခံစားလိုက်ရ၍ ဦးညွှတ်လိုက်သည်။ "ဂိုဏ်းချုပ်ဟုန်ရဲ့ ကရုဏာအတွက် ကျေးဇူးတင်ပါတယ်!"
ချက်ချင်း သူ ခေါင်းလှည့်၍ အမိန့်ပေးလိုက်သည်။ "ဘာကို စောင့်နေကြတာလဲ? နတ်ဆိုးနှလုံးသားသစ္စာကို အမြန်ဆိုကြ!"
သူတို့သည်လည်း ကြီးမားသော ဝမ်းနည်းမှုကြားမှ နာခံဖို့သာ တတ်နိုင်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် သူတော်စင်သခင် အသက်ကိုရင်း၍ နောက်ဆုံးရယူပေးခဲ့သော ရှင်သန်ရေးအခွင့်အရေး ဖြစ်ကြောင်းကို သိထားကြသောကြောင့်။
"သေဖို့ အသင့်ဖြစ်ပြီလား?"
"ဖြစ်ပါပြီ၊ ကျွန်တော့်ကို အမြန်သာ သတ်လိုက်ပါ!"
"အသက် ပြင်းပြင်းရှူလိုက်ပါ။ ဒီဂိုဏ်းချုပ်က တစ်ကနေ တစ်ဆယ်အထိ ရေတွက်မယ်..."
ယဲ့ဝူရှမ်းသည် မျက်လုံးမှိတ်၍ တင်ပျဥ်ချိတ်ထိုင်ကာ သေခြင်းကို တည်ငြိမ်စွာရင်ဆိုင်ဖို့ ရွေးချယ်လိုက်သည်။ သူ၏ နှုတ်ခမ်းများတွင် တည်ငြိမ်သော အပြုံးတစ်ခုရှိကာ ဘဝသက်တမ်းတစ်လျှောက်လုံးကို စိတ်ထဲတွင် ပြန်လည်သုံးသပ်ဖို့ ရည်ရွယ်လိုက်သည်။
"တစ်၊ နှစ်၊ ဆယ်!"
"ကျစ်! တစ်ဆယ်အထိရေမှာဆို၊ ချက်ချင်းကြီး ဘာထဖြစ်တာလဲ?!" ယဲ့ဝူရှန်း မျက်လုံးဖွင့်ကာ ဒေါသတကြီးအော်လိုက်သည်။
တကယ်ကြီး၊ မင်းက ဒီလောက်တောင် အချိန်ချွေတာချင်နေတာလား?
ဟုန်ချန်ယဲ့ လက်ဖျောက်တစ်ချက်ကို ပီပီသသမြည်အောင် တီးလိုက်သည်။
နောက် တစ်စက္ကန့်တွင် ယဲ့ဝူရှန်း၏ ခန္ဓာကိုယ်သည် ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး လေနှင့် အတူ ကောင်းကင်၌ လွင့်မျောသွားခဲ့သည်။
"သူတော်စင်သခင်ကို လေးစားစွာ နှုတ်ဆက်ပါတယ်!!!"
ရေတွက်မရနိုင်သော တပည့်များနှင့် အကြီးအကဲတို့သည် ဒူးထောက်ငိုကြွေးကုန်ကြ၍ သူတို့၏ ငိုသံများသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေကာ ကြားရသူ အားလုံးကို စိတ်ထိခိုက်နာကျင်စေခဲ့သည်။