အခန်း (၅၆၂)
Vol. 41 Ch. 562
စကားဆိုနေစဥ် လုံအော်ထျန်း၏ နှုတ်ခမ်းတို့ ကွေးညွှတ်သွားကာ ရေတွက်မရနိုင်သော အမျိုးသမီးများ၏ နှလုံးသားကို တုန်လှုပ်စေ၍ မျက်နှာများကို နီရဲပူထူစေနိုင်သည့် ဆွဲဆောင်မှုရှိသော၊ ဆိုးသွမ်းသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့၏။
သူ၏ စိတ်နေသဘောထားနှင့် ရုပ်ရည်သည် နဂါးလူသားတစ်ဦးအနေဖြင့် လူကြီးလူကောင်းဆန်ကာ အဆင့်မြင့်သည်ကိုတော့ ဝန်ခံရပေမည်။ မိန်းမပျိုငယ်ငယ်လေးများမှစ၍ အဘွားအိုကြီးတွေအထိ ဆွဲဆောင်နိုင်လောက်ပေမည်။
သို့သော် ထိုအချိန်တွင် ဟုန်ချန်ယဲ့သည် ပြင်းထန်သော ရွံရှာစိတ်သာဝင်ကာ အမြန် ထွက်ပြေးချင်မိသွားသည်။
ရွံစရာ နှာဘူးကောင်...
"အရှင်၊ ကျေးဇူးပြု၍ အပြုအမူကို ထိန်းသိမ်းပါ!"
တစ်ဖက်လူ လေထဲမှ တစ်လှမ်းချင်း ချဉ်းကပ်လာသည်ကို မြင်သောအခါ ဟုန်ချန်ယဲ့သည် သူ ခုခံလျှင်ပင် အချည်းနှီး ဖြစ်မည်ကို သိသဖြင့် သူသည် ရဲရဲတင်းတင်း သဘောထားမှန်ကိုသာ ပြသလိုက်သည်။
တစ်ဖက်လူ၏ တွန့်ဆုတ်ဟန်အမူအရာကို မြင်သောအခါ လုံအော်ထျန်းသည် ခေတ္တခြေလှမ်းရပ်သွား၏။ ဤ အနီရောင်ဝတ်ရုံနှင့် နတ်သမီးလေးက သူ့ကို အလွန်မကျေမနပ်ဖြစ်ဟန်ဖြင့် ဆန့်ကျင့်လိုသည့် အမူအရာကို သူမြင်နိုင်ပါသည်။
စိတ်ဝင်စားစရာပဲ။
ဒါက လူကို ပိုပြီး စိန်ခေါ်မှုဖြစ်စေတယ်!
လုံအော်ထျန်း၏ ကိုယ်ကျင့်စရိုက်သည် ကောလဟလများအတိုင်းပင် အရာရာကို သူ့လက်အောက်တွင် ထိန်းချုပ်ထားနိုင်သည်ဟု အပြည့်အဝ ယုံကြည်ထားသူဖြစ်၏။ ဘေးဒုက္ခနှင့် တွေ့သောအခါတွင်ပင် သိပ်ပြီး စိုးရိမ်ပူပန်နေတတ်ခြင်းမရှိ။
အမှန်တော့ ထိုကဲ့သို့လူမျိုးများသည် စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖြိုလှဲမရအောင် ကြံ့ခိုင်သန်မာပြီး ကျင့်ကြံရေးလောကအတွက် အလွန်ဂုဏ်ယူဝင့်ကြွားဖွယ် ကိုယ်စားပြုပုဂ္ဂိုလ်များဖြစ်ကြသည်။
သို့ပေမဲ့ တစ်ချိန်တည်းမှာပင် သူတို့သည် အလွန်မာန်မာနကြီး၍ ကိုယ့်ကိုယ်ကို ချစ်လွန်းသူများလည်း ဖြစ်ကြသည်။
ထို့ကြောင့် လုံအော်ထျန်းသည်လည်း ဟုန်ချန်ယဲ့၏ ခုခံဆန့်ကျင်သော အပြုအမူမှာ ယာယီမျှသာဖြစ်သည်ဟု မှတ်ယူလိုက်တော့၏။ ဆက်လက်ကြိုးစားပြီး ဆွဲဆောင်သိမ်းသွင်းပါက ထိုမိန်းကလေး၏သဘောထားကို ပြောင်းလဲနိုင်လောက်မည်ဟုသာ သူ့ထုံးစံအတိုင်း တစ်ထစ်ချ ယုံကြည်ထားလိုက်တော့သည်။
ယခင်က ရေတွက်မရနိုင်သော အမျိုးသမီး ကျင့်ကြံသူများထံမှ ချစ်ခင်လေးစားခံခဲ့ရဖူးသောကြောင့် လုံအော်ထျန်းသည် သူ၏ ဆွဲဆောင်မှုအပေါ် ကြီးမားသော ယုံကြည်မှု ရှိထားသည်။
တခါတလေ အမျိုးသမီးတစ်ဦး၏ နှလုံးသားကို အနိုင်ယူဖို့အတွက် အချိန်တစ်ခုတော့ လိုအပ်တတ်သည်။ ဘယ်သောအခါမှ အလောတကြီး မပြုမူရ။
သူ၏ ထက်မြက်သော ပင်ကိုအသိစိတ်အရ လုံအော်ထျန်းသည် အခုတော့ ရပ်ချိန်တန်လေပြီဟု ခံစားလိုက်ရသည်။ ဆက်ပြီး ဖိအားပေးလျှင် သူမလိုချင်သောရလဒ်မျိုး ထွက်လာနိုင်သည်။
သိသာပါသည်။ ဤ အနီရောင်ဝတ်ရုံ နတ်သမီးလေးသည် အရင်က သူ့ကို မျက်ကန်းတမျှ ကိုးကွယ်ခဲ့သော အမျိုးသမီးများနှင့် မတူပေ။
သူ စိတ်ရှည်ဖို့ လိုသည်။
ရေရှည်ရင်းနှီးမြှုပ်နှံမှုက ကြီးမားသော အကျိုးအမြတ်ကို ခံစားရရှိစေမည်။
လုံအော်ထျန်းသည် အခက်အခဲများကို တစ်လွှာပြီးတစ်လွှာ ကျော်လွှားပြီးမှ နောက်ဆုံး အောင်မြင်မှု ရရှိသော ခံစားချက်ကို အလွန် နှစ်သက်တတ်သည်ပင်။
ထိုအခါတွင် ရရှိသော အောင်နိုင်သူခံစားချက်က ပို၍အနှစ်သာရရှိသည်။
"နတ်သမီးလေး၊ စိတ်မလှုပ်ရှားပါနဲ့၊ ကိုယ်က နောက်လိုက်တာပါ"
အချိန်ယူရန် ဆုံးဖြတ်ချက်ချပြီးနောက် လုံအော်ထျန်းက အပြုံးတစ်ခုတပ်ဆင်ကာ အနည်းငယ်ပျော့ပျောင်းသွားသောလေသံဖြင့် မေးသည်။ "ဒီလောက် ကြာကြာ စကားပြောပြီးတာတောင် နတ်သမီးလေးရဲ့ နာမည်ကို မသိရသေးဘူး။ ပြောပြပေးလို့ ရပါသလား?"
တစ်ဖက်လူ သူ့စိတ်သူ ထိန်းချုပ်လိုက်သည်ကို မြင်သောအခါ ဟုန်ချန်ယဲ့လည်း သက်ပြင်းအသာချလိုက်မိသည်။ ဒီလူ၏ ကြောက်မက်ဖွယ် ခွန်အားမျိုးနှင့်ဆိုလျှင် ထိုသူ့ဘက်က အတင်းအကျပ် တစ်ခုခုလုပ်ချင်ရင်တောင် သူ့အနေဖြင့် လုံးဝ ခုခံနိုင်စွမ်းမရှိပေ။ ကြောက်စရာအကောင်းဆုံးကတော့ သူ၏ မီးလျှံနတ်ဆိုးဂိုဏ်းမှ တပည့်တို့သည်လည်း စောင့်ကြည့်နေဆဲ ဖြစ်ခြင်းပင်။
ဂိုဏ်းချုပ်အနေဖြင့် သိက္ခာတရားကိုတော့ အဆုံးစွန်ထိ ထိန်းသိမ်းထားရမည်ဖြစ်၏။
"အကြီးအကဲ၊ ကျွန်တော့်နာမည်က ဟုန်ချန်ယဲ့ပါ"
"ဒါဆို နတ်သမီးလေးဟုန်ကိုး။ ကိုယ် မှတ်သားထားလိုက်ပါပြီ"
"အာ၊ အကြီးအကဲ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို နတ်သမီးလေးဟု မခေါ်ပါနဲ့..."
ဟုန်ချန်ယဲ့သည် စိတ်ထဲမှ ကြာရှည်စွာလွန်ဆွဲပြီးမှ ထိုစကားကို တွန့်ဆုတ်ဆုတ်ထုတ်ပြောလိုက်သည်။
သူ အရှေ့ပိုင်းဒေသတွင် နတ်သမီးလေးဟုန်ဟု တစ်ချိန်လုံးအခေါ်ခံရခဲ့ပြီးလေပြီ။ ကံကောင်းစွာဖြင့် အလယ်ပိုင်းဒေသသို့ ရောက်ပြီးနောက် လူတိုင်းက သူ ယောကျာ်းဖြစ်ကြောင်း သိပြီးသားဖြစ်သောကြောင့် ထိုနုနုရွရွဘွဲ့နာမည်မှာလည်း အလိုအလျောက် ပျောက်ကွယ်သွားခဲ့သည်။
အခု လုံအော်ထျန်းက ပြန်ခေါ်လာသောအခါ ဟုန်ချန်ယဲ့သည် အနည်းငယ် မသက်မသာဖြစ်စွာဖြင့် မခေါ်ဖို့ မရဲတရဲ တောင်းဆိုမိလိုက်၏။
ဒါလောက်လေးတော့ လိုက်လျောပေးလောက်ပါတယ်နော်?
"အိုး?"
လုံအော်ထျန်း မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် တစ်ခုခုကို သဘောပေါက်သွားဟန်ရှိပြီး မျက်လုံးတို့ ပြေလျော့သွားကာ အဓိပ္ပာယ်ရှိသော အပြုံးတစ်ခုက နှုတ်ခမ်းထက်ထင်ပေါ်လာခဲ့သည်။
အမှန်တော့ နတ်သမီးလေးဟုန် ဆိုသည့်နာမည်က ယဥ်ကျေးလွန်းကာ စိမ်းသက်သက်ခံစားချက် ပေးစွမ်းနေ၍ ဖြစ်ရမည်။
"ကောင်းပြီ၊ ဒါဆို အခုကစပြီး ငါ မင်းကို... ချန်ယဲ့လို့ခေါ်မယ်"
ထို စကားလုံးနှစ်လုံးကို ပြောလိုက်ချိန်၌ လုံအော်ထျန်း၏ လေသံသည် အလွန်နူးညံ့ချိုမြိန်ပြီး ရင်းနှီးနေခဲ့၏။ မည်သည့် မိန်းကလေးမဆို ကြားလိုက်လျှင် နှလုံးသားလေး လှုပ်ခတ်သွားရမည်ပင်။
သို့သော်...
ဟုန်ချန်ယဲ့မှာတော့ တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထကာ ဆံပင်များထောင်ထမတတ် ဖြစ်သွားရသည်။
သူ၏ဘဝ၌ ပထမဆုံးအကြိမ်အဖြစ် ထိုနာမည်ကို အခေါ်ခံလိုက်ရခြင်းဖြစ်လေရာ ဤမျှ ရွံရှာစရာကောင်းသည်ကိုလည်း ယခုမှ ခံစားသိရှိလိုက်ရခြင်းပင်။
ချန်ယဲ့...
အား!
"ချန်ယဲ့၊ မင်းမျက်နှာ သိပ်မကောင်းပါလား။ နေမကောင်းဘူးလား?" လုံအော်ထျန်းက စိုးရိမ်သော လေသံဖြင့် မေးလိုက်သည်။
သူ့စိတ်ထဲတော့ ကြိတ်၍ ပျော်ရွှင်နေသည်။ အလှလေးနှင့်သူ့ကြား ဆက်ဆံရေးသည် သိသိသာသာ ခြေတစ်လှမ်းတက်သွားလေပြီဟု ခံစားနေရသည်။
"မဟုတ်ပါဘူး၊ ကျွန်တော် ခဏလောက် နားနေချင်လို့ပါ" ဟုန်ချန်ယဲ့သည် စိတ်မသက်မသာဖြစ်မှုကို ထိန်းချုပ်လျက် ပြောလိုက်သည်။
လုံအော်ထျန်းက ဆိုလိုရင်းကို သူ့အတွေးနှင့်သူ နားလည်လိုက်သည်။ မိန်းကလေးမှာ ရုတ်တရတ် နီးစပ်ချစ်ခင်ခြင်းကို ကျင့်သားမရသေး၍ထင့်၊ တစ်ယောက်တည်းနေဖို့ အချိန်ခဏလိုအပ်နေလေပြီ။
ကောင်းပြီလေ၊ မည်သို့ပင်ဆိုစေ သူတို့၏ ဆက်ဆံရေးကို နက်ရှိုင်းစေဖို့ အချိန်တွေ အများကြီး ရှိပါသေးသည်။ အလောတကြီးနိုင်စရာမလို။
"နားလည်ပါတယ်၊ ကိုယ်လည်း လုပ်စရာရှိသေးလို့၊ နောက်မှတွေ့မယ်"
ထိုသို့ဆိုပြီးနောက်မှ လုံအော်ထျန်းသည် ပြတ်သားစွာ လှည့်ထွက်သွားသည်။ ရွှေရောင်နေခြည်ဖြင့် ထွန်းလင်းနေသော သူ၏ ခန့်ညားသောကိုယ်ဟန်ကို နောက်ကျောထက်ချန်ထားခဲ့ကာ မသေမျိုးဘုံမှ ဆင်းသက်လာသည့် မသေမျိုးဘုရင် တစ်ပါးကဲ့သို့ ထင်ရှားမော်ကြွားစွာ ထွက်ခွာသွားခဲ့တော့၏။
ချန်ယဲ့၊ မင်း ရှေ့မှာ ရပ်နေတဲ့ ဒီလူက ခွင်းလွင်ကမ္ဘာရဲ့ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်အဖြစ် မကြာခင်ပြသပေးမှာကို မင်းမြင်စေရမယ်။
ဝှစ်!
ကျယ်ပြန့်သော ကောင်းကင်ထက်သို့ တည့်တည့် ထိုးတက်သွားသည့် ရွှေရောင်အလင်းတန်းတစ်ခုနှင့် အတူ တိမ်တိုက်အများအပြားသည် ၎င်း၏ပတ်ပတ်လည်တွင် လည်ပတ်သွားပြီး ရင်သပ်ရှုမော တိမ်ဝဲဂယက်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
အလင်းတန်း တဖြည်းဖြည်း ပျောက်ကွယ်သွားချိန်တွင် လုံအော်ထျန်းသည်လည်း ပျောက်ကွယ်သွားခဲ့လေပြီ။