သေရာပါမည့် အငြိုး
Vol. 27 Ch. 361
မြည်းလေးမှာ ယခင်အကြိမ်တုန်းကထက် ပို၍ လိမ္မာပါးနပ်နေပြီဖြစ်သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ထပ်ခါတလဲလဲ ရိုက်နှက်ကန်ကျောက်မှုများနှင့် ဆူပူကြိမ်းမောင်းမှုများကြောင့် ဤကမ္ဘာကြီးထဲတွင်ရှိသော ရက်စက်ကြမ်းကြုတ်မှုများကို နားလည်သွားသည်ပုံပင်။ ထို့ကြောင့် ၎င်းမှာ သူ၏ ရိုး,အမှုများကို ပဖျောက်ကာ ဉာဏ်နီဉာဏ်နက်များ ထုတ်သုံးတတ်အောင် ကြိုးစားရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ထို့ကြောင့် ၎င်းမှာ ပုန်းကွယ်သည့် အတတ်ပညာများ၊ အခြားသူများအား ချောင်းမြောင်းသည့် အတတ်ပညာများ၊ စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းကာ ချုံခိုတိုက်ခိုက်သည့် အတတ်ပညာများအား လေ့လာခဲ့၏။
ယခုတွင် သူသည် ထိုအတတ်ပညာများကို ထုတ်သုံးနေပြီဖြစ်သည်။ မြည်းလေးမှာ သူ၏ အစာပေါ်ပေါက်လာသည်ကို မြင်လိုက်ရသောအခါ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားပြီး အသားများ တုန်ရီလာတော့သည်။ သို့သော် ၎င်းမှာ သူ၏အစာအား ခြောက်လှန့်ပစ်သလို ဖြစ်သွားမည်ကို စိုးရိမ်နေ၏။ ထို့ကြောင့်လည်း ၎င်းမှာ မမြင်ကွယ်ရာ၌ ပုန်းကွယ်ကာ ခြေရာလက်ရာများကို ဖျောက်ဖျက်ခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ထာဝရခံတပ်ကြီး၏ အပြင်ဘက်သို့ ပြေးထွက်သွားလိုက်ပြီးနောက် သူ၏အစာမှာ ဝမ်ပေါင်လဲ့ဆီသို့ ရောက်လာလိမ့်မည်ဖြစ်ကြောင်း ကြိုတင်မှန်းဆခဲ့၏။ ထိုကြောင့်လည်း ၎င်းမှာ စိတ်ရှည်ရှည်ထား၍ ထောင့်တစ်ခုတွင် တိတ်ဆိတ်ငြိမ်သက်စွာ ပုန်းကွယ်နေခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ မျက်တောင်ပင် မခပ်ရဲခဲ့ပေ။
ကြိုးစားအားထုတ်သူများကို ကောင်းကင်ဘုံကြီးက ဆုချီးမြင့်သည်မှာ အမှန်တကယ်ပင်ဖြစ်သည်။ ၎င်းမှာ အချိန်အနည်းငယ်ခန့် စောင့်ဆိုင်းလိုက်ပြီးနောက် သူ၏အစာ ရောက်ရှိလာသည်ကို မြင်လိုက်ရတော့သည်။ ထို့နောက် ဝမ်ပေါင်လဲ့တစ်ယောက် တစ်ခုခုလွဲနေပြီဖြစ်ကြောင်း သတိထားမိသွားပြီး ထိုကောင်လေး သူ၏ ခန္ဓာကိုယ်အား ဖြတ်သန်းမသွားနိုင်ခင်မှာပင် မြည်းလေးမှာ စိတ်လှုပ်တရှား အော်ဟစ်မြည်တမ်းကာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားလိုက်တော့သည်။
ထိုမြည်းလေးမှာ လျှပ်စီးထက်ပင် ပို၍ လျင်မြန်နေသည်ဖြစ်ရာ ၎င်း၏ အစွမ်းအကုန်လုံးကို ထုတ်သုံးခဲ့သည့်ပုံပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုဘက်သို့ လှမ်းကြည့်လိုက်သောအခါ မြည်းလေး၏ ပုံရိပ်ယောင်တစ်ခုကိုသာ မြင်လိုက်ရ၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းတွင် မြည်းလေးမှာ ဝမ်ပေါင်လဲ့နှင့် ထိုကောင်လေး၏ ကြားသို့ ရောက်ရှိလာတော့သည်။ ၎င်း၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ ထို့နောက် ၎င်းမှာ ပါးစပ်ဟလိုက်ပြီး ၎င်း၏ ပါးစပ်ထဲသို့ တည့်မတ်စွာ လျှောက်လမ်းလာနေသကဲ့သို့ ဖြစ်နေသည့် ကောင်လေးအား အသံအကျယ်ကြီးမြည်အောင် ကိုက်စားလိုက်တော့သည်။
ထိုအဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေသောကြောင့် ထိုကောင်လေးမှာ ဆွံ့အမှင်တက်သွားရ၏။ မကြာသေးမီတုန်းကပင် သူ၏ရှေ့၌ ဖက်တီးတစ်ယောက် ရှိနေခဲ့သည်ဖြစ်ပြီး ယခုတွင်မူ ကမ္ဘာကြီးတစ်ခုလုံးမှာ ပြောင်းပြန်ဖြစ်သွားသည့်ပုံပင်။ ထိုဖက်တီးလေးမှာ ပျောက်ကွယ်သွားပြီဖြစ်ပြီး သူ၏နေရာတွင် ကြောက်မက်ဖွယ်ရာသတ္တဝါကြီး ပေါ်ပေါက်လာပြီဖြစ်သည်။
ထိုသတ္တဝါကြီး၏ မျက်လုံးများမှာ ဝင်းလက်တောက်ပနေ၏။ ထိုကောင်လေးမှာ သူသည် နားကြားမှားနေသည်လောဟုပင် တွေးနေမိတော့သည်။ သူသည် ထိုသတ္တဝါကြီး၏ သွေးရူးသွေးတန်း ရယ်မောသံများနှင့် သူ့အား မေးခွန်းမေးနေသည့် စကားသံများကို ကြားနေရသကဲ့သို့ ဖြစ်နေ၏...
" အံ့ဩသွားလားကွ "
ထိုကောင်လေးမှာ ထိုမြည်းလေး သူ၏ရှေ့၌ ရုတ်တရက်ဆိုသလိုပေါ်လာပြီး သူ့အား လှမ်းကိုက်လိုက်သည်ကို မြင်လိုက်ရသောအခါ အတွေးများ ယောက်ယက်ခတ်သွားတော့သည်။ ထို့နောက် သူ မတုံ့ပြန်နိုင်ခင်မှာပင် မြည်းလေးမှာ မကြာသေးမီကမှ အသစ်ပြန်ပေါက်လာခဲ့သည့် သူ၏ ညာဘက်လက်အား တိခနဲ ကိုက်ဖြတ်ပစ်လိုက်တော့သည်။ ထို့နောက် ထိုမြည်းလေးမှာ ရှေ့သို့ထပ်မံ ပြေးလွှားလာပြီး ပါးစပ်ဟလိုက်ပြန်သည်။ ၎င်းမှာ ထိုကောင်လေး၏ ခေါင်းအား မျိုချပစ်ရန် ကြိုးစားနေခြင်းဖြစ်သည်။
ထိုမြည်းလေး၏ အမြန်နှုန်းမှာ အများနှင့်မတူ တမူထူးခြားနေသည့်အပြင် ၎င်း၏ လှုပ်ရှားမှုများမှာလည်း သွက်လက်လွန်းနေ၏။ ၎င်းမှာ ကြိုတင်လေ့ကျင့်ထားခြင်း ဖြစ်နိုင်ပေသည်။ သို့သော် ထိုကောင်လေးမှာလည်း သာမန်သတ္တဝါတစ်ကောင် မဟုတ်ပေ။ သူသည် သူ၏ ညာဘက်လက်တစ်ဖက်လုံး တိခနဲ ကိုက်ဖြတ်ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်ထဲမှ သွေးများရုတ်တရက်ပန်းထွက်လာသည်ကို မြင်လိုက်ရသောအခါ မည်သူမှမကြားနိုင်သော အသံမျိုးဖြင့် နာကြည်းစွာ အော်ဟစ်မြည်တမ်းလိုက်၏။ ထို့နောက် သူသည် ချက်ချင်းပင် နောက်သို့ဆုတ်ခွာသွားလိုက်ပြီး သူ့ဆီသို့ ချဉ်းကပ်လာနေသော မြည်းလေး၏ ဇီဝိန်ချုပ် ကိုက်ချက်ကြီးအား ပွတ်ကာသီးကာလေး ကပ်၍ ရှောင်တိမ်းလိုက်နိုင်၏။
ထိုကောင်လေးမှာ အဝေးသို့ ဆုတ်ခွာသွား၏။ သူသည် နှစ်ကြိမ်တိတိ ဆုံးရှုံးလိုက်ရပြီဖြစ်သော သူ၏ ညာဘက်လက်နှင့် သူ့အား သွေးရူးသွေးတန်းနှင့် လိုက်ရှာနေဆဲဖြစ်သော မြည်းလေးအား ငေးကြည့်ရင်း ငိုမဲ့မဲ့ ဖြစ်နေရတော့သည်။ ထို့နောက် သူသည် အမျက်ချောင်းချောင်း ထွက်သွား၏။ သူသည် ရူးသွပ်လုမတတ် ခံစားနေရပါသော်လည်း အခြားရွေးချယ်စရာ မရှိသောကြောင့် နောက်ဆုံးတွင် အောင့်အီးသည့်ခံလိုက်ရတော့သည်။ ထို့နောက် သူသည် သူ၏ မရှိတော့သော ညာဘက်လက်ကြီးအား ငေးကြည့်ရင်း ဝမ်းနည်းပူဆွေးသွားရ၏။ နောက်ဆုံးတွင် သူသည် မကျေမချမ်းနှင့် နောက်သို့လှည့်ကာ အဝေးသို့ ထွက်ပြေးသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ခန္ဓာကိုယ်ထဲရှိ အမှောင်မီးတောက် ရုတ်တရက်ဆိုသလို လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်ကို ချက်ချင်းပင်သတိထားမိခဲ့သည်။ ထို့နောက် ထိုမြည်းလေး ရုတ်တရက်ဆိုသလို ရောက်ရှိလာပြီး တစ်စုံတစ်ခုအား ဝါးစားလိုက်ပြီးနောက် ထိုမီးတောက်ကြီးမှာ ပြန်လည်ငြိမ်သက်သွား၏။ ထို့ကြောင့် သူသည် မျက်လုံးများ အရောင်လက်သွားကာ မြည်းလေးဘက်သို့ လှည့်လာပြီး ၎င်းအား အကဲခတ်ကြည့်လိုက်တော့သည်။ ထိုအခါ ထိုမြည်းလေးမှာ သူ့ကိုယ်သူ ကျေနပ်နေသည့်ပုံလည်း ပေါက်နေသလို နောင်တရနေသည့်ပုံလည်း ပေါက်နေသည်ကိုမြင်လိုက်ရသည်။
၎င်းမှာ ပါးစပ်ထဲတွင် တစ်စုံတစ်ခုအား ဝါးစားနေဆဲပင်ဖြစ်သည်။ ထိုအချိန်တွင် ၎င်းမှာ ဝမ်ပေါင်လဲ့၏ အကြည့်အား သတိထားမိလိုက်သောကြောင့် အသားများတုန်ရီသွားရတော့သည်။ ထို့ကြောင့် ၎င်းမှာ ပါးစပ်ထဲရှိ အရာအား ယခင်ကထက်ပင် ပို၍လျင်မြန်စွာ ကိုက်ဝါးလိုက်ပြီးနောက် အလောတကြီးနှင့် မျိုချပစ်လိုက်တော့သည်။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့ဘက်သို့ လှည့်လာပြီး သူ့အား အပြစ်ကင်းစင်သည့် မျက်ဝန်းများဖြင့်ကြည့်ကာ အမြီးယမ်းပြလိုက်၏။
" မင်း ဒီတစ်ခေါက်ရော ဘာတွေစားလာပြန်ပြီးလဲ " ဝမ်ပေါင်လဲ့မှာမူ ဆွံ့အနေရပြီဖြစ်သည်။
ထိုအခါ ထိုမြည်းလေးမှာ မျက်တောင်တဖျတ်ဖျတ် ခပ်လိုက်ပြီး ဝမ်ပေါင်လဲ့၏ ပြောစကားများကို နားမလည်သည့်ပုံစံ ဟန်ဆောင်နေလိုက်၏။ ထို့အပြင် ၎င်းမှာ အကြိမ်အနည်းငယ်ခန့်ပင် အော်ဟစ်မြည်တမ်းလိုက်သေးသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ရှုပ်သွားရပြီး ထိုမြည်းလေးအား အဝေးသို့ ကန်ထုတ်ပစ်လိုက်တော့သည်။
၎င်းမှာ မြေကြီးပေါ်သို့ ပြန်ကျလာပြီးနောက် တလိမ့်ခေါက်ကွေး ဖြစ်သွားပါသော်လည်း ဒဏ်ရာအနည်းငယ်လေးပင် မရဘဲ မတ်တတ်ပြန်ထလာ၏။ ၎င်းမှာ သူ၏ မျက်ဝန်းများထဲရှိ ကျေနပ်အားရမှု အရိပ်အယောင်များကို မဖုံးကွယ်နိုင်လောက်အောင် ဖြစ်နေပြီး သူ၏ အစာအား ဝမ်ပေါင်လဲ့၏ လက်ထဲသို့ ရောက်မသွားအောင် နောက်ထပ်တစ်ကြိမ်ထပ်၍ တားဆီးနိုင်လိုက်ပြီဖြစ်ကြောင်း တွေးနေမိတော့သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့ဆီမှ မုန့်များခိုးယူရသည့် ခံစားချက်ကြီးနှင့်ပင် ဆင်တူနေ၏။ ထို့ကြောင့် ထိုမြည်းလေးမှာ အလွန်အင်မတန်မှ ကျေနပ်နေပြီး ၎င်း၏အစာအကြောင်းကို မတွေးဘဲမနေနိုင်လောက်အောင် ဖြစ်နေတော့သည်။
၎င်း၏ ဖြူစင်ရိုးသားသော အတွေးများထဲတွင် သူ စားလိုက်ရသည့် အစာမှာ အလွန်အင်မတန်မှ အရသာရှိလွန်းနေပြီး သူ စားဖူးသမျှ အရာအားလုံးထက် ပို၍ အရသာရှိနေသည်လည်း ဖြစ်သည်။
ထိုကောင်လေး၏ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာမှုကြောင့် ခုန်းတောက်မှာ ပြိုင်ပွဲထဲမှ ထွက်သွားရပြီဖြစ်သည်။ ထို့ကြောင့် လက်ရှိတွင် သားရဲစီးကြောင်းကြီးအား ဆက်လက်ခုခံတွန်းလှန်နေသည့် လူနှစ်ယောက်သာ ကျန်တော့၏။ တစ်ယောက်မှာ ဝမ်ပေါင်လဲ့ ဖြစ်ပြီး၊ အခြားတစ်ယောက်မှာ လီယီပင် ဖြစ်သည်။
ထို့ကြောင့် တာအိုကျောင်းလေးကျောင်းမှာ ဤပြိုင်ပွဲကြီးအား သေချာပေါက် အနိုင်ရရှိသွားတော့မည်လည်း ဖြစ်သည်။ သူတို့မှာ အခြားနိုင်ငံရေးအင်အားစုများနှင့် ယှဉ်ပြိုင်ခဲ့ပြီး ၎င်းတို့အား အနိုင်ယူနိုင်ခဲ့၏။ ထို့ကြောင့် နတ်ဘုရားလက်နက် ပေါ်ပေါက်လာပြီး ၎င်းအား လူယူရမည့်အချိန်တွင် သူတို့မှာ အခြားသူများထက် နှာတစ်ဖျား သာနေတော့မည်ဖြစ်သည်။
ထို့ကြောင့် ပြည်ထောင်စုကြီးထဲမှ နိုင်ငံရေးအင်အားစုများစွာမှာ နှုတ်ဆိတ်သွားကြတော့သည်။ သူတို့မှာ ဤပြိုင်ပွဲကြီးထဲ၌ ရှုံးနိမ့်သွားရသောကြောင့် မကျေမချမ်း ဖြစ်နေကြပြီဖြစ်သည်။ အထူးသဖြင့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုဆိုလျှင် ဝမ်ပေါင်လဲ့အား ကြည့်ရင်း အံတကြိတ်ကြိတ် ဖြစ်နေရတော့သည်။ ကျိုးရိရှန်၏ ပြင်ဆင်မှုများမှာ လီယီနှင့် မယှဉ်နိုင်ပါသော်လည်း အကယ်၍ သူသာ ပြိုင်ပွဲကြီး၏ အစောပိုင်းအဆင့်များကို ကျော်ဖြတ်နိုင်ခဲ့ပြီး နောက်ပိုင်းအဆင့်များ၌ သူ၏ မြို့တော်ပုံစံငယ်ကိုသာ တည်ဆောက်နိုင်ခဲ့မည်ဆိုလျှင် အောင်မြင်နိုင်ခြေ ရှိနေဦးမည် ဖြစ်သည်။
သို့သော် ဘဝအဆက်ဆက်မှ ဝဋ်ကြွေးများကြောင့် သူသည် ယခုဘဝတွင် ဝမ်ပေါင်လဲ့နှင့် ဘေးချင်းကပ်ရပ် နယ်မြေထဲသို့ ရောက်ရှိခဲ့ရ၏။ ထို့နောက် သူသည် နှောင့်ယှက်ခံခဲ့ရပြီး သူ၏ မြို့တော်ပုံစံငယ်မှာလည်း တစ်စစီဖျက်ဆီးခံလိုက်သဖြင့် ပြိုင်ပွဲထဲမှ နုတ်ထွက်ခဲ့ရ၏။ အခြားသော ဆန်ခါတင်များ ပြိုင်ပွဲထဲမှနုတ်ထွက်သွားခဲ့ရသည့် အကြောင်းအရင်းများမှာ မြောက်များစွာရှိပါသော်လည်း ထိုအကြောင်းအရင်းများထဲ၌ ဝမ်ပေါင်လဲ့ ပါဝင်နေသည့်အချက်ကို ငြင်းဆန်၍ ရမည်မဟုတ်ပေ။ သူသည် သူ၏ နယ်မြေထဲမှ ပျောက်ကွယ်သွားခဲ့ပြီး ထိုပြိုင်ပွဲထဲ၌ ရှိမနေခဲ့သလို ဟန်ဆောင်ခဲ့သည်မဟုတ်ပါလော။ ထို့အပြင် သူ၏ အော်လံကြီးများနှင့် သားရဲစီးကြောင်းကြီးအား ခြောက်လှန့်ရန် အသုံးပြုခဲ့သည့် လျှို့ဝှက်ဆန်းကြယ် မှော်ဝင်ပညာရပ်ကြီးတို့လည်း ရှိနေသေးသည်။ ထိုကဲ့သို့သော သူ၏ လုပ်ရပ်များအားလုံးကြောင့် သူ၏နယ်မြေဆီသို့ ဦးတည်လာနေခဲ့ကြသည့် သားရဲကြီးများမှာ အခြားနယ်မြေများဆီသို့ လမ်းကြောင်းပြောင်းသွားခဲ့သည် မဟုတ်ပါလော။
ပြိုင်ပွဲစတင်ခဲ့သည့်အချိန်ကတည်းက အခြား ဆန်ခါတင်များမှာ ဝမ်ပေါင်လဲ့ထက်ပို၍ ဖိအားများကိုခံစားခဲ့ရသည်ဖြစ်သည်။ လီယီနှင့် ခုန်းတောက်တို့သာ အခြားသူများထက် ပို၍ ကံကောင်းသွားခဲ့ခြင်းဖြစ်၏။ သူတို့၏ နယ်မြေများမှာ ဝမ်ပေါင်လဲ့နှင့် အဝေးဆုံးနေရာသို့ ရောက်ရှိနေသောကြောင့် အများကြီးထိခိုက်နစ်နာမှု မရှိခဲ့ပေ။
သို့သော် ခုန်းတောက်မှာမူ ကံကုန်သွားပြီဖြစ်သည်။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့နှင့် လီယိတို့သာလျှင် ကျန်ရစ်တော့၏။ အကယ်၍ ယခုတွင် ဝမ်ပေါင်လဲ့သာ အရှုံးပေးလိုက်မည်ဆိုပါက လီယီမှာ မြို့တော်နယ်မြေအသစ်၏ မြို့တော်ဝန် ဖြစ်လာတော့မည်ဖြစ်သည်။
ထို့ကြောင့် သမင်ဖြူတာအိုကျောင်းမှာ ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးအား ချက်ချင်းပေးလှမ်း၍ ဆက်သွယ်လိုက်၏။ သူတို့၏လေသံမှာ ယခင်တုန်းကကဲ့သို့ တင်းမာနေခြင်းမရှိတော့ဘဲ သိသိသာသာ ပို၍ သိပ်မွေ့သွားပြီဖြစ်သည်။ သူတို့မှာ ဝမ်ပေါင်လဲ့အား အရှုံးပေးခိုင်းရန် လိမ်မာပါးနပ်စွာ ညှိနိုင်းဖို့ ကြိုးစားနေကြခြင်းဖြစ်သည်။ အကယ်၍ သူသာ အရှုံးပေးလိုက်မည်ဆိုလျှင် သမင်ဖြူတာအိုကျောင်းမှာ ဝမ်ပေါင်လဲ့အား ပြည်ထောင်စုမြို့တော်ကြီးထဲ၌ မြို့တော်ဝန်အဆင့်နှင့် အတူတူပင်ဖြစ်သည့် ပဏာမအဆင့်လေးအရာရှိ ရာထူးတစ်ခုအား စီစဉ်ပေးမည်ဖြစ်သည်။
ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးမှာ ထိုကမ်းလှမ်းမှုကို စဉ်းစားတွေးတောနေခြင်းမရှိဘဲ ချက်ချင်း ငြင်းဆန်လိုက်၏။ သူသည် ဝမ်ပေါင်လဲ့၏ အကျင့်စရိုက်ကို သိရှိထားသူဖြစ်ရာ ထိုလူငယ်လေးမှာ ယခုကဲ့သို့သော ကိစ္စမျိုးကို လက်ခံလိမ့်မည်မဟုတ်ကြောင်း သိထား၏။ ပြည်ထောင်စုမြို့တော်ထဲရှိ ပဏာမအဆင့်လေးရာထူးမှာ ထိပ်တန်းအဆင့်ဌာနကြီးတစ်ခုမှ ဌာနမှူး၏ လက်ထောက်အဆင့်သာ ရှိနေမည်ဖြစ်သည်။ ထို့ကြောင့် ထိုရာထူးအား အင်္ဂါဂြိုဟ်နယ်မြေအသစ်၏ မြို့တော်ဝန်ရာထူးနှင့် ယှဉ်၍ရမည်မဟုတ်ပေ။ ၎င်းတို့နှစ်ခုမှာ ကမ္ဘာခြားနေသည် မဟုတ်ပါလော။
ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား ထိုကမ်းလှမ်းချက်အကြောင်း အသိပေးလိုက်မည်ဆိုပါက သူ၏ ဂိုဏ်းချုပ်ကြီးဆိုသော ရာထူး၏ ဂုဏ်သိက္ခာမှာ တစ်ပြားသားမှ ကျန်တော့မည်မဟုတ်ကြောင်း သိရှိထား၏။ သူသည် ထိုကဲ့သို့သော ရာထူးမျိုးနှင့် ထိုက်တန်တော့မည်မဟုတ်ပေ။
ထိုကမ်းလှမ်းချက်အား သူကိုယ်တိုင် ငြင်းဆန်လိုက်ခြင်းမှာ ဝမ်ပေါင်လဲ့ဘက်မှ ငြင်းဆန်လိုက်ခြင်းနှင့် လုံးဝမတူပေ။ နောက်တွင်ဆက်ဖြစ်လာမည့် အကျိုးဆက်များမှာ ကွဲပြားခြားနားနေမည်ဖြစ်သည်။ ထို့ကြောင့် သူသည် သမင်ဖြူတာအိုကျောင်း၏ မကျေနပ်ချက်များ သူ့အပေါ်သို့ ကျရောက်လာအောင် လုပ်ရန်သာ ဆုံးဖြတ်လိုက်၏။ သူသည် ဝမ်ပေါင်လဲ့အား ကာကွယ်ပေးရန် ကြိုးစားနေခြင်း ဖြစ်သည်ဟုပင် အတိုင်းအတာတစ်ခုအထိ ဆိုနိုင်ပေသည်။
ထိုသို့ဖြင့် သမင်ဖြူတာအိုကျောင်းနှင့် ကောင်းကင်တာအိုကျောင်းတို့၏ ကြား၌ ပဋိပက္ခကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ တစ်ချိန်ထဲမှာပင် အင်္ဂါဂြိုဟ်နယ်မြေအသစ်ထဲရှိ စစ်မြေပြင်ပေါ်တွင် အဋ္ဌမမြောက် သားရဲစီးကြောင်းကြီး စတင်ထွက်ပေါ်လာသောကြောင့် လေထုထဲ၌ ပေါက်ကွဲသံများ မြည်ဟည်းသွား၏။
ဆဋ္ဌမမြောက် သားရဲစီးကြောင်းကြီးပင်လျှင် အပြီးတိုင်ချေမှုန်းခံလိုက်ရခြင်း မရှိသေးသလို၊ သတ္တမမြောက် သားရဲစီးကြောင်းမှာလည်း အားမာန်အပြည့်ဖြင့် မရပ်မနား တိုက်ခိုက်နေဆဲပင်။ လီယီနှင့် ဝမ်ပေါင်လဲ့တို့မှာ အပြင်းအထန် ကြိုးစား၍ တောင့်ခံနေကြသည်ဖြစ်ရာ အဋ္ဌမမြောက် သားရဲစီးကြောင်းကြီး၏ ရောက်ရှိလာမှုကြောင့် စစ်မြေပြင်ကြီးတစ်ခုလုံးမှာ အလွန်အင်မတန်မှ အန္တရာယ်များသော အနေအထားတစ်ခုသို့ ရောက်ရှိသွားတော့သည်။ ဤပြိုင်ပွဲကြီ၏ ရလဒ်မှာ ထွက်ပေါ်လာတော့မည်ဖြစ်သည်။
ထို့ကြောင့် လီယီမှာ ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး အာရုံအပြည့်စူးစိုက်ကာ သူမ၏ မြို့တော်ကြီးအား ထိန်းချုပ်လိုက်၏။ သူမ၏ အစေခံများ၏ ကူညီမှုကြောင့် မြို့တော်ကြီး၏ မန္တန်အစီအရင်ကြီး၏ အတွင်းပိုင်းထဲတွင် ရုတ်တရက်ဆိုသလို ဧရာမ အကွင်းကြီးသုံးကွင်း ပေါ်ပေါက်လာ၏။ ၎င်းတို့မှာ တစ်ကွင်းနှင့်တစ်ကွင်း လိမ်ယှက်နေကြပြီး မရပ်မနား လည်ပတ်နေကြ၏။
ထို ဧရာမ အကွင်းကြီးသုံးကွင်းမှာ လျင်မြန်စွာ လည်ပတ်နေရင်း ကြီမားသော စွမ်းအားကြီးတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ၎င်းမှာ မည်သည့်အရာကိုမဆို ဖြတ်တောက်ပစ်နိုင်စွမ်း ရှိနေသည့်ပုံပင်။ ထို့ကြောင့် အရှိန်အဟုန်ဖြင့် ပြေးလာနေသည့် သားရဲစီးကြောင်းမှာ ချက်ချင်းပင် ရပ်တန့်သွားကြတော့သည်။ သို့သော် အချိန်ကြာကြာ မခံလိုက်ပေ။ သိပ်မကြာခင်တွင် အပြင်ဘက်ဆုံးရှိ အကွင်းကြီးမှာ ကွဲအက်ပျက်စီးသွားတော့မည့် လက္ခဏာများ ထွက်ပေါ်လာတော့သည်။
" ကိစ္စမရှိဘူး။ ဟိုဖက်တီးထက် အချိန်ပိုကြာအောင် တောင့်ခံနိုင်ရင် ရပြီ " လီယီမှာ အန္တရာယ်ကြီးနှင့် ရင်ဆိုင်နေချိန်တွင် အံကြိတ်ကာ တွေးတောလိုက်၏။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့အား ခိုးကြည့်မိလိုက်၏။ သို့သော် ထိုအချိန်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် သူမမှာ အံ့ဩတုန်လှုပ်သွားကာ မျက်လုံးများပြူးသွားရတော့သည်။ သူမ၏ မျက်နှာအမူအရာမှာလည်း မယုံကြည်နိုင်လောက်အောင် ဖြစ်သွား၏။
" ဒါ.... ဒါက... "
လီယီတစ်ယောက်သာ ဆွံ့အမှင်တက်သွားရသည်တော့ မဟုတ်ပေ။ သူမ၏ အစေခံများ၊ ရင်တထိတ်ထိတ် ဖြစ်နေကြသည့် ပြည်ထောင်စုကြီးထဲမှ ပွဲကြည့်ပရိသတ်များ၊ နိုင်ငံရေးအင်အားစုအသီးသီးမှ အာဏာရှိ ပုဂ္ဂိုလ်များသာမက အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေ၏ ဘုရင်ခံကြီးနှင့် ဧရာမသစ်ပင်ကြီးတို့အားလုံးမှာ အံ့ဩတုန်လှုပ်နေကြရပြီ ဖြစ်သည်။ သူတို့ထဲမှ အများစုမှာဆိုလျှင် ပင့်သက်များရှိုက်ကာ မတ်တတ်ထလာကြ၏။
" ဘုရားရေ။ ဝမ်ပေါင်လဲ့ရဲ့ ထာဝရခံတပ်ကြီးက.... "
" ဒါက... "
လူပေါင်းများစွာမှာ ခံတပ်ကြီး၏ ထိပ်၍ရပ်ရင်း မန္တန်လက်ကွက်များ ဖော်နေသည့် ဝမ်ပေါင်လဲ့အား အံ့ဩတုန်လှုပ်စွာ စိုက်ကြည့်နေကြ၏။ ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ သူ၏ ခံတပ်ကြီးမှာ ရုတ်တရက်ဆိုသလို စတင်တုန်ရီလာတော့သည်။ သားရဲစီးကြောင်းများထဲမှ သားရဲကြီးပေါင်း မြောက်မြားစွာ သူ့ဆီသို့ သွေးရူးသွေးတန်းနှင့် ပြေးလာနေကြသည့်အချိန်တွင် မြေပြင်ကြီးမှာ တုန်ရီသွားပြီး သူ၏ ခံတပ်ကြီးမှာ.... ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။