ခုနစ်စင်ကြယ် အကယ်ဒမီ၏ လျှို့ဝှက်ချက်(၃)
Vol. 25 Ch. 366
“မိတ်ဆွေလေးရွှီ.. ခုနစ်စင်ကြယ် အကယ်ဒမီရဲ့ သိုင်းပညာ ပညာရှင်တစ်ယောက် အနေနဲ့ မင်းမှာပညာရှင်စာကြည့်တိုက်ဖို့ တင်ရောက်ခွင့် ရှိတယ်။ အဲ့က စုဆောင်းထားတဲ့ စာအုပ်တွေကို ဖတ်ကြည့်လို့ရတယ်.. အသိအမြင်အချို့ ရလာလောက်မှာ”
ဖန်းယွီက ပြော၏။
“ကျေးဇူးအများကြီး တင်ပါတယ်”
ရွှီယန်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် လင်းလက်နေပြီး လက်သီးနှစ်ဖက်ကို မိုးကာ ကျေးဇူးတင်သည်။
သိုင်းပညာ ပညာရှင်များမှာ ခုနစ်စင်ကြယ် အကယ်ဒမီ၏ အရေးအပါဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ ထို့ကြောင့် ပညာရှင် စာကြည့်တိုက်ရှိ စာအုပ်ရတနာများမှာ ပိုမိုကျယ်ပြန်သည့် ဗဟုသုတများနှင့် ပိုမိုများပြားသည့် လျှို့ဝှက်အတတ်များကို လွှမ်းခြုံထားမှာ ဖြစ်သည်။
“ကျွန်တော့ရဲ့ ဂျူနီယာညီလေးရော ဝင်လို့ရလား”
ရွှီယန်က မေး၏။
ဖန်းယွီက မုန့်ချုံကို ကြည့်သည်။ ဒီဂတုံးပြောင်နှင့် လူငယ်သည် ရွှီယန်ထက် အနည်းငယ် အားနည်းသော်လည်း ရွှီယန်မှ လွဲ၍ သူ့ကို ယှဉ်ပြိုင်နိုင်သူ မရှိပေ။
“ခုနစ်စင်ကြယ် အကယ်ဒမီရဲ့ စည်းမျဉ်းတွေက ချိုးဖျက်လို့ မရဘူး.. ဒါပေမယ့် မိတ်ဆွေလေးမုန့် ဝင်ချင်တယ်ဆိုရင် သိုင်းပညာ ပညာရှင်ဆိုတဲ့ ဘွဲ့ထူးကို ခံယူဖို့ပဲ လိုပါတယ်”
“ကိစ္စမရှိဘူး”
မုန့်ချုံက တုံ့ဆိုင်းခြင်းမရှိပဲ သဘောတူ၏။
ထို့နောက် ဖန်းယွီကို စူးရဲစွာ ကြည့်သည်။
“သိုင်းပညာ ပညာရှင််တစ်ယောက် အနေနဲ့ တစ်နှစ်ကို စိတ်ဝိညာဉ်ပုံဆောင်ခဲ ဘယ်လောက် ရနိုင်မလဲ.. ကျွန်တော့ရဲ့ တောင်းဆိုချက်က အရမ်းမများပါဘူး။ စီနီယာအစ်ကိုကြီးထက် နည်းနည်းလောက် လျှော့ပေးလို့ ရတယ်”
ပိုင်ယွင်ခုံးနှင့် ဖန်းယွီတို့၏ ပါးစပ်များက တွန့်ကွေးသွားသည်။ ဒီနှစ်ယောက်သည် အမှန်တကယ်ကို ဆရာတူညီအစ်ကိုများ ဖြစ်ကြ၏။
“ကောင်းပြီ”
ဖန်းယွီက သဘောတူစွာ ခေါင်းညှိတ်သည်။
ရွှီယန်နှင့် မုန့်ချုံ၏ ခုနစ်စင်ကြယ် အကယ်ဒမီ၏ ရာထူးများတွင် ပါဝင်နေခြင်းက ကျောင်းတော်အတွက် အကျိုးအမြတ်များ ရလာကာ ဂုဏ်သတင်းတို့ ပိုမိုကြီးမားလာစေနိုင်သည်။
နှစ်စဉ်နှစ်တိုင်း စိတ်ဝိညာဉ်ပုံဆောင်ခဲ ပမာဏ အနည်းငယ်ကို ပေးရခြင်းက မျှတပါသည်။
တစ်နေ့တွင် သူတို့နှစ်ယောက်သာ လင်းနယ်မြေ၌ ပါရမီများကို ပြသနိုင်ပါက ခုနစ်စင်ကြယ် အကယ်ဒမီ၏ ဂုဏ်သတင်းကို ပိုမိုကာပင် တောက်ပလာစေမှာ ဖြစ်သည်။
အလွန်ဆုံး နောင်တွင် တပည့်များ ခေါ်ယူသည့်အခါ ပိုက်ဆံရှိသည့် မိသားစုမှ ကျောင်းသားများဆီမှ စိတ်ဝိညာဉ်ပုံဆောင်ခဲများကို များများ တောင်းယူရုံသာ ရှိသည်။
ဖန်းယွီ၏ လမ်းပြမှုအောက်တွင် ရွှီယန်နှင့် မုန့်ချုံတို့ ခုနစ်စင်ကြယ် အကယ်ဒမီ၏ အဓိက နေရာအတွင်းသို့ လှမ်းဝင်ခဲ့၏။ ပညာရှင် စာကြည့်တိုက်သို့ ရောက်လာကြသည်။
စာကြည့်တိုက်အတွင်းတွင် သိုင်းပညာ ပညာရှင် တစ်စုက ဖတ်ရှုခြင်း, ရေသားခြင်း၊ လေ့လာခြင့်တို့ဖြင့် အလုပ်ရှုပ်နေကြ၏။ သူတို့၏ မျက်လုံးများအောက်တွင် အညိုဝိုင်းများ ရှိနေပါသည်။ လူနည်းဆိုလျှင် နားလည်လာသည့် သိုင်းပညာများကို စမ်းသပ်ကျင့်ကြံမှုပင် ပြုနေကြ၏။
ထိုမြင်ကွင်းက ရွှီယန်နှင့် မုန့်ချုံတို့၏ ပါးစပ်များကို တွန့်ကွေးသွားစေသည်။ မည်မျှ များပြားလှသည့် သိုင်းရူးများနည်း။ ခုနစ်စင်ကြယ် အကယ်ဒမီသည် ယခုမျှ များပြားလှသည့် သိုင်းပညာ ရူးသွပ်သူများကို မည်သည့်နေရာမှ ရှာလာလဲ မသိပေ။
သိုင်းပညာ ပညာရှင်အုပ်စုက ရွှီယန်ကို တွေ့ရပြီးနောက် ချက်ချင်းပင် ဝိုင်းအုံလာကြသည်။
“ဆရာရွှီ.. မတွေ့တာကြာပြီ.. သဟွသိုင်းပညာနဲ့ ပက်
သက်ပြီး ကျွန်တော့မှာ မေးစရာရှိလို့”
“ဆရာရွှီ.. မင်းကိုကြည့်ရတာ ပိုချောလာတယ်။ အခုတလော သဟွသိုင်းပညာကို အခြေခံပြီး သိုင်းပညာအသစ်တစ်ခုကို နားလည်လာခဲ့လို့.. ကြည့်ကြည့်ပါဦး”
“အိုး.. ဆရာရွှီ.. ကျွန်မရှင့်ကို ညတိုင်း အိပ်မက်ထဲ ထည့်မက်နေတယ်…”
ရွှီယန်က သိုင်းပညာ ပညာရှင် အုပ်စုကို ကြည့်သည်။ အားလုံးတို့သည် သူ့ဆီမှ စကားပြန်မှုကို ရရှိရန် ကြိုးစားနေကြ၏။
အထူးသဖြင့် သူ့ကို ညတိုင်း အိပ်မက်မက်သည်ဟူသည့် ထိုအမျိုးသမီး ပညာရှင် ဖြစ်သည်။ သူမ၏ အလှမှာ သေချာပေါက် သာမန်ထက် ပို၏။ သို့ပေမယ့် မျက်လုံးများအောက်ရှိ အညိုဝိုင်းနှင့် ရှုပ်ပွနေသည့် ဆံပင်များက သူမ၏ ရုပ်ရည်ကို မှေးမှိန်သွာားစေသည်။
“တိတ်တိတ်နေကြ”
ဖန်းယွီက ကျယ်လောင်စွာ အော်လိုက်၏။
“အဖိုးကြီးဖန်း.. ဘာလို့ ဒီလောက်တောင် ကြမ်းကြုတ်နေတာလဲ.. မင်းက ငကြောက်တစ်ယောက် သက်သက်ပဲ.. တလောက ငါဖန်တီးထားထဲ့ သိုင်းပညာအသစ်ကိုတောင် မကျင့်ရဲပဲ ကြောက်နေရတယ်လို့”
“အမှန်ပဲ.. သိုင်းပညာအပေါ် စူးစမ်းလိုစိတ် နည်းပါးတဲ့ လူအိုကြီးတစ်ယောက် သက်သက်ပဲ”
“မင်းရဲ့ သန်မာမှုကြောင့်သာ မဟုတ်ရင် ငါမင်းကို ကန်ထုတ်ဖို့ အလေးအနက် စဉ်းစားပြီးနေပြီ”
ရလဒ်အနေနှင့် ဖန်းယွီက ပါးစပ်ဖွင့်လိုက်သည်နှင့် ဆံဖြူနှင့် သိုင်းပညာ ပညာရှင် များစွာက နှာခေါင်းရှုံ့စွာ ဝိုင်းပြောကြလေသည်။
ထိုအထဲတွင် ဖန်းယွီကို ငကြောက်ဟု ခေါ်သည့် တစ်ယောက်၏ ခြေထောက်မှာ အနည်းငယ် ပုံပျက်နေ၏။ မကြာသေးခင်က ဒဏ်ရာရရှိထားပြီး ပျောက်ကင်းမှု မရှိသေးသည့်ပုံ ရှိသည်။
လက်တစ်ဖက်မှာလည်း အနည်းငယ် စုတ်ပဲနေပြီး ဆေးများ လိမ်းကျံထား၏။
ဖန်းယွီ၏ မျက်နှာက မဲမှောင်သွားသည်။ သူ၏ခန္ဓာကိုယ်မှ ဖိအားတစ်ခု ထွက်ပေါ်လာ၏။ လူအုပ်တစ်ခုလုံးကို ဖိနှိပ်ချင်သည့်နှယ် ရှိသည်။
“သွားကြရအောင်.. အဖိုးကြီးဖန်းကို မြင်လိုက်ရတာ စိတ်အခြေအနေကို ထိခိုက်စေတယ်…”
“သွားရအောင်.. သွားရအောင်…”
သိုင်းပညာ ပညာရှင်အုပ်စုက အသီးသီး အော်လိုက်ပြီးနောက် အရပ်မျက်နှာ ပေါင်းစုံတို့ဆီသို့ ပြန့်ကြဲသွားကြသည်။ တစ်ယောက်ချင်းစီတိုင်းက ကိုယ့်ကိစ္စကိုယ် ပြန်လုပ်ကြ၏။