သိုင်းပညာ အဆင့်အား မြှင့်တင်ရန် နည်းလမ်းများ
Vol. 25 Ch. 367
ဖန်းယွီက အရှိန်အဝါကို ရုတ်သိမ်းကာ သူ၏မျက်နှာက အနည်းငယ် အရှက်ရနေ၏။
“မိတ်ဆွေလေးရွှီ… မိတ်ဆွေလေးမုန့်.. သူတို့က အဲ့လိုပဲ… သူတို့ပြောတဲ့ စကားတွေကို စိတ်ထဲ အရမ်းမထားနဲ့”
“အဲ့စိတ္တဇက… လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျင့်စဉ်တွေကို သုတေသန ပြုရာကနေ လျှို့ဝှက်အတတ်တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်။ ပြီးတော့ သူ့ကိုယ်သူ ဒုက္ခိတဖြစ်စေလု နီးပါးပဲ… သူတို့အတွက် စိုးရိမ်ရတာလည်း ငါ့အတွက် ဝဋ်တစ်မျိုးပဲ”
“တကယ့်ကို မဆင်ခြင်တဲ့ ကောင်တွေ… လွန်ကျူးလွန်းတယ်”
ရွှီယန်က ပတ်ဝန်းကျင်ရှိ သိုင်းပညာ ပညာရှင်များကို ကြည့်သည်။ လူများစွာတို့၏ လက်ချောင်းခြေချောင်းများတွင် ဒဏ်ရာများ ရှိနေဆဲ ရှိ၏။ ရှင်းလင်းစွာပင် သူတို့၏ ကိုယ်ပိုင် သိုင်းပညာများကို စမ်းသပ်ကြည့်ရင်း မတော်တဆ ဖြစ်ခဲ့တာ ဖြစ်ပေလိမ့်မည်။
“သူတို့အားလုံးက တကယ့်ကို သိုင်းသမားတွေပဲ”
ရွှီယန်က သက်ပြင်းချသည်။
ယခုအချိန်၌ သူ့တွင် ဒီလူများအတွက် လေးစားမှုအချို့ ရှိလာခဲ့၏။ ကျပန်း သုတေသန ပြုလုပ်ထားသည့် သိုင်းပညာများကို ကိုယ်တိုင် စမ်းသပ်လေ့ကျင့်ရဲလေသည်။
အခြားလူများကို ရှာယူကျင့်ကြံခိုင်းခြင်း မပြုပဲ ကိုယ်ကိုယ်တိုင် စမ်းသပ်ခြင်းတတ်သည့် စိတ်ဓါတ်မှာ အသိအမှတ်ပြုဖွယ် ကောင်းလှ၏။
ကျင့်စဉ်တစ်ခုကို ဖန်တီးနိုင်သည်နှင့် မည်သည့် မေးခွန်းမှ အများကြီးထုတ်မနေပဲ တစ်ခါတည်း စမ်းသပ်ကျင့်ကြံကြသည်လား ဟုပင် ရွှီယန် သံသယဝင်မိသည်။
“သူတို့ သုတေသနပြုတဲ့ လျှို့ဝှက်အတတ် အားလုံးက သိုင်းကျင့်စဉ်များစွာကနေ သုတေသန ပြုထားကြတာ.. အဲ့ဒါ့ကြောင့်မလို့ ကျင့်ကြံရဲကြတာ ဖြစ်မယ်။ ဒါက အခြေခံရှိပြီးသားဖြစ်ပြီး ဒီအတိုင်း ကောက်ဖန်တီးလိုက်တာ မဟုတ်ဘူး”
“ဒီအတိုင်း စိတ်ကူးသက်သက် ဖန်တီးတာ ဆိုရင်တော့ လောကမှာ ဘယ်သူမှ ကျင့်ကြံကြမှာ မဟုတ်လောက်ဘူး။ အောင်မြင်ဖို့ဆို ပိုဆိုးသေး”
ရွှီယန်က နှလုံးသားထဲတွင် ရယ်၏။
ထိုကဲ့သို့သော ကျပန်း ဖန်တီးထားသည့် သိုင်းပညာမျိုးကို မည်သူက ကျင့်ကြံမည်နည်း။ အောင်မြင်နိုင်ရန် မဖြစ်နိုင်ပေ။
ပညာရှင် စာကြည့်တိုက်အတွင်းရှိ စာအုပ်များမှာ သိုင်းစာအုပ် စံအိမ်အတွင်းတွင် ရှိသည့် အရေအတွက်ထက် ပိုမိုနည်းပါး၏။ သို့ပေမယ့် အားလုံးတို့မှာ အဓိက လျှို့ဝှက်ချက်များ ဖြစ်ကြသည်။ ပိုမိုကျယ်ပြောသည့် သိုင်းကျင့်စဉ်များ၊ ပိုမိုများပြားသည့် လျှို့ဝှက်အတတ်များနှင့် သိုင်းပညာ ပညာရှင် မျိုးဆက်များစွာ၏ အတွေးအမြင်များနှင့် ပုံကြမ်းများ ပါရှိသည်။
ရွှီယန်နှင့် မုန့်ချုံတို့သည် စံအိမ်အတွင်းတွင် လှန်လောကြည့်ရှုနေကြ၏။ အတွင်းဘက်နယ်မြေ၏ သိုင်းပညာအပေါ် သူတို့၏ နားလည်သဘောပေါက်မှုတို့ နက်ရှိုင်းလာခဲ့သည်။ အခြား အတွေ့အကြုံများမှ သင်ယူခဲ့သည်များနှင့် ကိုယ်ပိုင် နားလည်မှုများကို မျှဝေမှုများဖြင့် ဒီဖြစ်စဉ်တွင် ဉာဏ်အလင်းအချို့ ရရှိလာနိုင်၏။
သဟွကောင်စီ၏ ခန်းမအတွင်းတွင် လျှို့ဝှက်အစည်းအဝေး တစ်ခုကို ကျင်းပနေ၏။ ကောယွင်ရှန်က ထိပ်ဆုံးတွင် ထိုင်သ်ည။ သူ၏ ခွန်အားအဆင့်မှာ သန်မာခြင်း မရှိပေမယ့် ကောင်စီအတွင်းရှိ မည်သည့် အကြီးအကဲမှ သူ၏ ဩဇာအာဏာကို ဖီဆန်ရဲခြင်း မရှိပေ။
ကောင်စီအတွင်းသို့ ဝင်ရောက်လာသည့် အတွင်းဘက်နယ်မြေမှ သိုင်းသမားများပင်လျှင် ကောယွင်ရှန်၏ နောက်ခံနှင့် ရင်းနှီးခြင်း မရှိပေမယ့် သဟွတွင် တစ်ဖက်လူကို ဒီလူ၏ ရာထူးအာဏာကို ထိပါးခြင်းက ကြီးမားသည့် အကျိုးဆက်များ ရှိနေမည်ကို သိကြ၏။
သဟွမှာ အားနည်းပုံ ပေါ်နေပေလိမ့်မည်။ သို့ပေမယ့် ချန်းလန်ကျွန်းမှာ သဟွ၏ နောက်ခဖြစ်၏။ အတွင်းဘက်နယ်မြေ တစ်ခုလုံးကို ဖိနှိပ်နိုင်စွမ်း ရှိသည်။
သဟွသိုင်းပညာအား ကျင့်ကြံသည့် သိုင်းသမားအရေအတွက်မှာ တိုးပွားလာနေပြး သဟွသိုင်းပညာသည် အတွင်းဘက်နယ်မြေ၏ မူလ သိုင်းပညာထက် ပိုမိုစွမ်းအားကြီးမားကြောင်းအား သက်သေပြခဲ့ပြီး ဖြစ်၏။
ပြောကြသည်မှာ ကောင်စီတွင် သိုင်းသခင်များအား သဟွသိုင်းပညာသို့ ပြောင်းလဲစေနိုင်မည့် နည်းလမ်းတို့ ရှိပြီး ဖြစ်သည်ဟု ဆို၏။ ဤသည်မှာ ရိုးရှင်းသည့် အစစ်အမှန်ချီအား စုစည်းမှုသာ မဟုတ်ပေ။ သဟွသိုင်းသမားတစ်ယောက် အဖြစ် လုံးဝ ပြောင်းလဲခြင်း ဖြစ်၏။
သဟွ တော်ဝင်အစောင့်များ အကြားတွင် အချို့ သိုင်းသခင်များဆိုလျှင် သဟွသိုင်းပညာသို့ စတင် ပြောင်းလဲနေကြပြီ ဖြစ်၏။
အဓိကထိုင်ခုံတွင် ထိုင်ရင်းက ကောယွင်ရှန်က ကောင်စီဝင်များကို ကြည့်ကာ ခံစားချက်တို့ မြင့်တက်စွာ ရှိနေ၏။ တစ်နေ့တွင် ယခုမျှ မြင့်မားသည့် နေရာတွင် ထိုင်ရမည်ဟု ဘယ်တုန်းကမှ တွေးထင်ထားခြင်း မရှိပေ။
ပုံမှန် အခြေအနေမျိုးတွင် သူသည် အဓိကကိစ္စရပ်များ မဟုတ်သည့် ကောင်စီ အစည်းအဝေးများတွင် ပါဝင်ခြင်း မရှိခဲ့ပေ။ ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ရန်အတွက် ကျင့်ကြံမှုအပေါ်တွင်သာ အချိန်ပိုပေးနေခဲ့၏။
သိုင်းလောကတွင် သန်မာသူသာလျှင် အုပ်စိုးနိုင်ကြောင်းကို သူသိပါသည်။ မြေးဖြစ်သူ ရွှီယန်ကို မှီခိုကာ ယခုကဲ့သို့ မြင့်မားသည့် ရာထူးကို ရရှိထားပေမယ့် သူကိုယ်တိုင်၏ ခွန်အားလည်း အရမ်းကြီး နောက်ကျကျန်ခဲ့လို့ မဖြစ်ပေ။
ယနေ့ အစည်းအဝေးမှာ အရေးပါ၏။ ထို့ကြောင့် ဒီနေရာသို့ သူရောက်လာခဲ့ခြင်း ဖြစ်သည်။
ဒီလျှို့ဝှက်အဝေးတွင် လူအချို့သည် ခေါင်းစွပ်များ ဝတ်ဆင်ကာ မျက်နှာများကို ဖုံးကွယ်လျှက် အက်ကွဲသည့် အသံများဖြင့် တက်ရောက်ကြ၏။ ထိုလူများ အားလုံးမှာ ပုန်ကန်လာကြသည့် ယွဲ့နိုင်ငံ၏ အရေးကြီး အမှုထမ်းများ ဖြစ်ကြသည်။ သူတို့ မည်သူဖြစ်သည်ကို အခြားလူများ မသိကြပေ။ ဒီအချိန်သည် သူတို့၏ နောက်ခံများကို ဖော်ပြရန် အချိန်မကျသေးပါ။
လူအနည်းငယ်သာလျှင် သူတို့ မည်သူဖြစ်သည်ကို သိရှိကြ၏။
အစည်းအဝေးမှာ ယွဲ့နိုင်ငံကို သဟွနှင့် အစားထိုးပြီး လုယူမှု ပြုရန်အတွက် အစီအစဉ်အကြောင်း ဖြစ်၏။ ဒီလုပ်ငန်းစဉ်ကို ချောမွေ့စွာ ပြီးဆုံးအောင် လုပ်ရပေမည်။
“ယွဲ့နိုင်ငံရဲ့ တော်ဝင်မိသားစုက ကြီးကြီးမားမား အရှုံးပေါ်ခဲ့ပေမယ့်.. ထန်းယွီနဲ့ ထန်းယွီ အစောင့်တပ်ဖွဲ့တွေက စွမ်းအားကြီးမားနေတုန်းပဲ။ တော်ဝင်မိသားစုကို ဖြုတ်ချဖို့က လွယ်မှာ မဟုတ်ဘူး”
ခေါင်းစွပ်နှင့် လူတစ်ယောက်က နက်ရှိုင်းစွာ ပြောသည်။
“ဟုတ်တယ်.. ယွဲ့တော်ဝင်မိသားစုက အထင်သေးလို့ မရဘူး။ ငါတို့တွေက နိုင်ငံရဲ့ ကောင်တီ၊ မြို့နဲ့ စစ်တပ်အများစုကို ထိန်းချုပ်နိုင်ပေမယ့် အဓိက အင်အားစုကို တော်ဝင်မိသားစုက ထိန်းချုပ်ထားတုန်းပဲ”
“ဒါ့ကြောင့် စွမ်းအားကြီးမားသူတွေ(သို့) စွမ်းအားကြီး အင်အားစုတစ်ခုကို လိုအပ်တယ်။ အဲ့ဒါမှ တော်ဝင်မိသားစုကို အနိုင်ယူပြီး ယွဲ့နိုင်ငံကို အောင်အောင်မြင်မြင် အစားထိုးနိုင်မှာ”
ခေါင်းစွပ်နှင့် မျက်နှာဖုံး ဝတ်ဆင်ထားသူ များစွာက သူတို့၏ အမြင်များကို ပြောကြသည်။ ဆွေးနွေးမှုအချို့ ပြုလုပ်ပြီးနောက် လူတိုင်းက ကောယွင်ရှန်ကို ကြည့်လိုက်ကြ၏။ နောက်ဆုံး အဆုံးအဖြတ်မှာ သူ့အပေါ်တွင် မူတည်နေဆဲ ရှိသည်။
သူသည် သဟွ၏ စစ်မှန်သည့် စွမ်းအားကြီးသူများကို ဆက်သွယ်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်၏။
ကောယွင်ရှန်က စကားမစခင်တွင် လူတစ်ယောက် လျှောက်ဝင်လာခဲ့သည်။ လက်ထဲရှိ ယပ်တောင်ကို ဝှေ့ယမ်းရင်းက ပြော၏။
“စွမ်းအားကြီးသူတွေက ရောက်လာကြလိမ့်မယ်… အဲ့အတွက် စိတ်မပူကြနဲ့.. အစီအတိုင်းပဲ ဆက်လုပ်ကြ”
ခုံရော့ကျစ်၏ မျက်နှာက အပြုံးဖြင့် ပြည့်နှက်နေ၏။
ပုန်ကန်ရန် အစီအစဉ်ကို သူ၊ ဧကရာဇ်ချီ၊ ဧကရာဇ်ဝူတို့နှင့် စတင်ခဲ့ပြီး ယွဲ့နိုင်ငံမှ ပုန်ကန်လာသည့် ရာထူးကြီး ပုဂ္ဂိုလ်များလည်း ပါဝင်လာခဲ့ကြသည်။ လှုပ်ရှားမှုအားလုံးတွင် သူတို့ ပါဝင်ခဲ့ကြ၏။
သဟွကောင်စီ၏ လျှို့ဝှက်အစည်းအဝေး အပြီးတွင် တိတ်ဆိတ်စွာ ရောက်ရှိလာကြသည့် ယွဲ့နိုင်ငံရှိ အမတ်ကြီးများသည် တိတ်ဆိတ်စွာပင် ပြန်လည် ထွက်ခွာသွားကြ၏။
ယွဲ့နိုင်ငံ တော်ဝင်နန်းတော်ရှိ တော်ဝင်စာဖတ်ခန်း အတွင်းတွင်…
ယွဲ့ဧကရာဇ်မှာ အနည်းငယ် စိတ်လေးလံစွာ ခံစားနေရ၏။ မည်သည့် အန္တရာယ်မှ ပေါ်မလာပဲ အရာအားလုံး တည်ငြိမ်နေဟန် ရှိပေမယ့် ထိုအကြောင်းကြောင့်ပင် သူသည် အန္တရာယ်တစ်ခု ကျရောက်တော့မည်လားဟု စိုးထိတ်စွာ ရှိနေပါသည်။
ဘုရင်ခံ ငါးယောက်တို့အကြားတွင် ဘုရင်ခံကျိန်မှာ မထင်မှတ်စွာပင် ပုန်ကန်ရန် လက္ခဏာရပ်တို့ ပြသလာခဲ့ပြီး ယွဲ့နိုင်ငံမှ အမှီအခိုကင်းကြောင်းကို ကြေငြာခဲ့သည်။ ဤသည်က ဧကရာဇ်ယွဲ့ကို အလွန် အံ့အားသင့်စေ၏။
ဘုရင်ခံ ငါးယောက်တို့အကြားတွင် ဘုရင်ခံသုမှာ အသန်မာဆုံး ဖြစ်သည်။ သူသည် နိုင်ငံမှ ထွက်ခွာနိုင်ချေ အရှိဆုံး ဖြစ်၏။ ထို့ကြောင့် အမြဲတမ်း ဖိနှိပ်ခံခဲ့ရလေသည်။ သုအိမ်တော်ရှိ ပြီးခဲ့တုန်းက အန္တရာယ်ကိုလည်း တော်ဝင်မိသားစုက နောက်ကွယ်မှ ချယ်လှယ်နေခြင်း ဖြစ်၏။
မထင်မှတ်စွာပင် အမြဲတမ်း သစ္စာရှိကာ နာခံခဲ့သည့်
ဘုရင်ခံကျိန်က ပုန်ကန်ထကြွကာ အမှီအခိုကင်းကြောင်း ကြေငြာခဲ့သည်။ သူသာ အောင်မြင်သွားပါက အခြား ဘုရင်ခံ လေးယောက်တို့လည်း မကောင်းသည့် ရည်ရွယ်ချက်များ ထကြွကာ ယွဲ့နိုင်ငံကို ပုန်ကန်လာကြမှာ ဖြစ်သည်။