← Chapters

သိုင်းပညာ အဆင့်အား မြှင့်တင်ရန် နည်းလမ်းများ(၂၀

Vol. 25 Ch. 368

သိုင်းပညာ အဆင့်အား မြှင့်တင်ရန် နည်းလမ်းများ(၂၀

Vol. 25 Ch. 368

ဒီအဖြစ်အပျက်မှ ပေါ်ပေါက်လာမည့် အကျိုးဆက်သည် ဖက်ဒရယ်စနစ်ကဲ့သို့ အမှီအခို ကင်းလွတ်ခြင်းလောက် ရိုးရှင်းမည် မဟုတ်ပါ။ ထိုထက် များစွာ ပိုမို၏။

ဆိုလိုသည်မှာ ယွဲ့နိုင်ငံ၏ ယွဲ့နိုင်ငံ၏ စွမ်းအားကို ကြီးစွာ ဆုတ်ယုတ်သွားစေမည်ဟု ဖြစ်သည်။ သက်ဆိုင်ရာ မိသားစုကြီးများအား လှုပ်ရှားမှု ဖီဆန်လိုတို့ ပေါ်လာစေမည်မှာ မလွဲမသွေ ဖြစ်၏။

ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခြင်း မရှိပါက နိုင်ငံတစ်ခုလုံး လုံးဝ ပြိုလဲကုန်မှာ ဖြစ်သည်။

“အမိန့်ထုတ်ပြန်လိုက်… ထန်းယီအစောင့်တပ်ဖွဲ့နဲ့ ဒီဗိုင်းလှံစစ်တပ်ကို ဘုရင်ခံကျိန် စံအိမ်ကို သွားရောက်တိုက်ခိုက်စေပြီး ဘုရင်ခံအိမ်တော် လေးခုက ဒီစစ်ဆင်ရေးမှာ ပါဝင်ကူညီရမယ်။ ဘုရင်ခံကျိန်ရဲ့ ပိုင်ဆိုင်မှုတွေကို သူတို့ရဲ့ အကျိုးပြုမှုအတိုင်း ခွဲတမ်းရမယ်..”

ယွဲ့ဧကရာဇ်က နက်ရှိုင်းသည့် အသံဖြင့် ပြောသည်။

ဘုရင်ခံကျိန် အိမ်တော်ကို ပြင်းထန်စွာ တုံ့ပြန်ရန်မှာ မလုပ်မဖြစ် လုပ်ရမည့် ကိစ္စဖြစ်သည်။ သူ့ဘက်ကသာ အားနည်းမှု တစ်စုံတစ်ရာ ပြပါက မကောင်းသည့် ရည်ရွယ်ချက် ရှိသူများကို ပိုမို ထကြွလာစေမှာ ဖြစ်၏။

ယွဲ့နိုင်ငံ၏ ချန်ချင်းစံအိမ်ကို ဖိနှိပ်လိုသည့် နောက်ဆုံး လှုပ်ရှားမှုကြီး ပြီးဆုံးကတည်းက ဤသည်မှာ နောက်ထပ် စွမ်းအားကို ပြသသည့် ပွဲတစ်ခု ဖြစ်သည်။

ဒီတစ်ကြိမ်တွင် ဘုရင်ခံငါးယောက် အကြားရှိ ဘုရင်ခံကျိန် အိမ်တော်ကို ပစ်မှတ်ထားခဲ့၏။ ခဏတာအတွင်း ယွဲ့နိုင်ငံ တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြသည်။

ထိုနေ့တွင် လီရွှမ်က လေပူများကို မှုတ်ထုတ်ကာ စိတ်သက်သာရာ ရသွားသည်။ နောက်ဆုံးတွင် သူသည် မဖျက်ဆီးနိုင်သည့် ကြီးမြတ်သောနေ ရွှေခန္ဓာကို ပြီးမြောက်နိုင်ခဲ့ပြီ ဖြစ်သည်။

ရွှေစာအုပ်မှ သုံးသပ်ချက်ကို ကြည့်လိုက်၏။

မဖျက်ဆီးနိုင်သည့် ကြီးမြတ်သောနေ ရွှေခန္ဓာ

ပြည့်စုံမှု- အလယ်အလတ်မှ အဆင့်မြင့်

အဆင့်များအကြား ဆက်သွယ်မှု- မြင့်မားသည်။

ကျင့်ကြံရန် ခက်ခဲမှု- မြင့်မားသည်။

ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှု- အလယ်အလတ်မှ အဆင့်မြင့်

ပြည့်စုံမှုမှာ ထင်ထားသည့်အတိုင်းပင် အလယ်အလတ်မှ အဆင့်မြင့်သို့ ရောက်ရှိသွား၏။ တော်တော်လေး ပြည့်စုံပါသည်။ အဆင့်များအကြား ဆက်သွယ်မှုမှာ မြင့်မားစွာ ကောင်းမွန်နေ၏။ ဤသည်က ကျေနပ်စရာ ဖြစ်သည်။

ကျင့်ကြံရန် ခက်ခဲမှုမှာ မြင့်မားနေဆဲ ရှိသည်။ သို့ပေမယ့် ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှုမှာ အလယ်အလတ်မှ အဆင့်မြင့်သို့ ရောက်လေသည်။

“မဆိုးပါဘူး.. ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှုက ထင်ထားတဲ့အတိုင်း လျော့ကျသွားတယ်.. မုန့်ချုံက ပါရမီကောင်းတယ်.. ဒါ့ကြောင့် ဒါကို အောင်မြင်ဖို့ ပြဿနာမရှိဘူး.. ကျင့်ကြံရန် ခက်ခဲမှုက မြင့်မားပေမယ့် ဉာဏ်အလင်းပွင့်နိုင်ရင် အဆင်ပြေတယ်”

လီရွှမ်က ပြုံးသည်။

ကျင့်စဉ်အား ဖန်တီးရာတွင် ရွှေလက်ချောင်းကို အသုံးပြုနိုင်ခြင်းမှာ အမှန်တကယ်ကို များစွာ ပိုမိုလွယ်ကူလာစေ၏။ ကျင့်စဉ်ကို ဖန်တီးပြီးနောက် ကျင့်ကြံကာ အောင်မြင်မှု ရလာမည်ကို စောင့်စားရန်သာ ကျန်ပါတော့သည်။ ထိုအခါမှသာ စစ်မှန်စွာ ပြည့်စုံလာပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်နိုင်မည် ဖြစ်၏။

ကျင့်ကြံရန် လိုအပ်ချက်တို့မှာလည်း သာမန် သိုင်းကျင့်စဉ်များအတိုင်း ဖြစ်လာမည် ဖြစ်သည်။

သို့ပေမယ့် သိုင်းပညာအတွက် ပါရမီလိုအပ်ချက်တို့မှာ ရှိနေဆဲ ဖြစ်၏။ ပိုမိုမြင့်မားသည့် အဆင့်သို့ ကျင့်ကြံနိုင်ရန် လူတစ်ယောက်တွင် ပါရမီ လစ်ဟင်းနေလို့ မရပေ။

ဤသည်မှာ အတွင်းဘက်နယ်မြေ၏ သိုင်းပညာအတွက်လည်း တူညီစွာဖြစ်၏။ သဟွမှာ ခြွင်းချက်ဖြစ်မနေပေ။

သိုင်းပညာကို လူပေါင်းများစွာတို့ ကျင့်ကြံကြ၏။ သို့ပေမယ့် သိုင်းသခင်များ၏ အချိုးမှာ မည်မျှ ရှိသနည်း။

စစ်ဘုရင်များ၏ အချိုးမှာ မည်မျှ ရှိသနည်း။ မြင်ရသည့်အတိုင်းပင်။ သိုင်းပညာ၏ လမ်းကြောင်း ပိုမိုရှည်လျားလာလေလေ ပါရမီလိုအပ်ချက် ပိုမိုကြီးမားလေ ဖြစ်သည်။

သိုင်းသမားများ၏ ခွန်အားအဆင့်မှာ ပိရမစ်သဏ္ဍာန် ရှိ၏။ အမြင့်သို့ ရောက်လေလေ ပိုမိုနည်းပါးလေ ဖြစ်သည်။

“ငါ.. ဒီဗိုင်းဆန္ဒအဆင့်ရဲ့ အထက်က ကျင့်စဉ်ကိုရော တစ်ခါတည်း ဖန်တီးသင့်တယ်.. ပြီးရင် ရွှီယန်ကို လက်ဆင့်ကမ်းပေးရမယ်”

“ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှုကိုသာ လျှော့ချနိုင်ရင် ရွှီယန်ရဲ့ မကောင်းဆိုးရွားလို ပါရမီနဲ့ အဆင့်ကျော်ပြီး နားလည်နိုင်လောက်တယ်”

လီရွှမ်မှာ တွေးကြည့်ပြီးနောက် ပိုမို၊ ပိုမိုကာ စိတ်လှုပ်ရှားလာ၏။

ရွှီယန်သာ ကျင့်စဉ်ကို နားလည်နိုင်ပါက သူသည် ထို

အဆင့်၏ ခွန်အားကို တန်ပြန်အကျိုးပြုမှုအဖြစ် ရရှိလာမှာ ဖြစ်သည်။ ထိုအခါ သူ၏ အဆင့်မှာ တပည့်များ၏ အဆင့်ထက် ပိုမို၊ ပိုမိုကာ မြင့်မားစွာ ကျော်လွန်နေမှာ ဖြစ်သည်။

မဟုတ်ပါက တပည့်များနှင့် အဆင့်တူသည့် အချိန်တစ်ခုသို့ ကျရောက်လာနိုင်၏။ သူ၏ ခွန်အားမှာ အဆင့်တူများထက် အဆတစ်ရာ ပိုမိုသာလွန်လျှင်တောင် တပည့်များနှင့် အဆင့်တူနေမှာ ဖြစ်သည်။

သူသည် အမြဲတမ်း ပိုမိုသာလွန်သည့် သိုင်းအဆင့်ကို ပိုင်ဆိုင်ထားလို၏။ ထို့ကြောင့် နောက်ဆက်တွဲ ကျင့်စဉ်များကို ဖန်တီးကာ ရွှီယန်ကို ကြိုတင် လေ့လာခိုင်းဖို့ လိုအပ်ပါသည်။

“ဒီဗိုင်းဆန္ဒအဆင့်ကို ရောက်ပြီးတဲ့နောက်မှာ ပိုပြီး စွမ်းအားကြီးတဲ့ အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ အဓိကထားပြီး ကျင့်စဉ်ကို ဖန်တီးဖို့ လိုအပ်တယ်”

လီရွှမ်က နှလုံးသားထဲတွင် စဉ်းစားသည်။

ချီမန်သိုင်းပညာမှာတော့ ဒီအချိန်အတွင်း အလျှင်မလိုသေးပါ။ သူ၏ စတုတ္ထတပည့်၏ အရိပ်အယောင်လည်း မရှိသေးပေ။ ဖန်တီးပြီးပါက လေ့လာကျင့်ကြံရန်အတွက် သင့်တော်သည့် တပည့်တစ်ယောက်ကို ရှာဖွေရန် လိုအပ်နေဦးမည်။

ယခုအချိန်၌ အရေးအကြီးဆုံးမှာ သူ၏ ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ရန် ဖြစ်သည်။ လင်းနယ်မြေရှိ သိုင်းသမားများ မည်မျှ စွမ်းအားကြီးမားကြသည်ကို မသိသေးပေ။ လက်ရှိ ဒီဗိုင်းဆန္ဒ ခွန်အားအဆင့်နှင့် ပြိုင်ဘက်ကင်းစွာ နေနိုင်မည် မဟုတ်လောက်ပါ။

ထိုသို့ဆိုပါက လုံခြုံစွာ ခံစားရမည် မဟုတ်ပေ။ စွမ်းအားကြီးပုဂ္ဂိုလ်ကြီးတစ်ယောက် ဟူသည့် သူ၏ ပုံရိပ်လည်း ပျက်စီးသွားမှာ ဖြစ်၏။

ထို့ကြောင့် ကိုယ်ပိုင်ခွန်အားကို အဓိကထားကာ မြှင့်တင်ရပေမည်။

ရွှီယန်နှင့် မုန့်ချုံတို့ ပြန်လာကြသည်။

“ဆရာ..”

နှစ်ယောက်သား လေးစားစွာ ဦးညွှတ်ကြ၏။

“အစ်ကိုကြီး.. ဒုတိယအစ်ကို… ပြန်လာကြပြီလား”

စုလင်းရှုံက စိတ်လှုပ်ရှားစွာဖြင့် အပြေး ရောက်လာ၏။

ပြီးနောက် ရွှီယန်နှင့် မုန့်ချုံတို့က သူတို့၏ အတွေ့အကြုံများကို အသီးသီး ပြောပြသည်။

မုန့်ချုံ ပြန်ယူလာခဲ့သည့် လွှသွားနှင့် ဆေဘာဓါးမှာ နတ်ဆိုးအရှင်သခင်ကြီး၏ သွေးစိတ်ဝိညာဉ်ဓါး ဖြစ်ကြောင်းအား သိရပြီးနောက် ပြီးခဲ့တုန်းက မုန့်ချုံ သတ်ဖြတ်ခဲ့သူမှာ နတ်ဆိုးအရှင်သခင်ကြီး၏ အကြွင်းအကျန်ဝိညာဉ် ဖြစ်သည်မှာ သေချာလာခဲ့သည်။

မနေနိုင်ပဲ နှလုံးသားထဲတွင် သက်ပြင်းချမိ၏။ နတ်ဆိုးအရှင်သခင်ကြီးသည် တကယ့်ကို ကံဆိုးသည်ပင်။

အစက သူသည် ပြန်လည်ထွန်းလင်းတောက်ပတော့မည် ဟူ၍ ထွက်လာခဲ့၏။ သို့ပေမယ့် မုန့်ချုံကို ပစ်မှတ်ထားပြီးနောက် လုံးဝ သေဆုံးခဲ့ရသည်။

လီရွှမ်သည် ရွှီယန်ဆီမှ ကောင်းကင်လူသားအဆင့် သုံးခု အကြောင်းကိုလည်း သိရှိခဲ့သည်။ လင်းယွီမှ သက်ဆင်းလာခဲ့သည့် ကောင်းကင်လူသားကို သတ်ဖြတ်ခဲ့ပုံအား ပြောပြချိန်၌ ရွှီယန်သည် ဒေါသထွက်စွာ ခံစားးရဆဲ ရှိ၏။

သူသည် တစ်ဖက်လူကို ရန်ပြုခြင်း မရှိခဲ့ပါ။ သို့ပေမယ့် တစ်ဖက်လူကတော့ ပါးစပ်ဟသည်နှင့် သူ့ကို ခွေးနှင့် ဝက်သဖွယ် စော်ကားပြောဆိုခဲ့၏။ ဒီလူမှ မသေလျှင် မည်သူ သေမည်နည်း။

လီရွှမ်က တိတ်တဆိတ် စုပ်သပ်သည်။ ကောင်းကင်လူသားငယ်ကို ရွှီယန်နှင့် တွေ့ဆုံခဲ့တာ အလွန်ကံဆိုးလှသည်ဟု တွေးမိ၏။ ကိုယ့်ကိုယ်ကိုယ် ထည်ဝါမြင့်မားစွာ မှတ်ယူခြင်းက ကိစ္စတစ်ရပ် ဖြစ်သည်။ အခြားလူများကို စော်ကားပြောဆိုခြင်းက ကိစ္စတစ်ရပ် ဖြစ်သည်။ သူ၏ သေဆုံးမှုသည် မတရားဖြစ်သည်ဟု မဆိုနိုင်ပေ။

မုန့်ချုံနှင့် ရွှီယန်တို့က ပြန်လာပြီးနောက် သူတို့၏ ရရှိမှုများကို စတင်အကျဉ်းချုပ်ကာ အခြေခံကို မြှင့်တင်ကြသည်။ လင်းယွီဂိတ်တံခါး၏ ဖွင့်လှစ်လာမှုက စိတ်ထဲတွင် အလောတလျှင် နိုင်လာစေ၏။

အထူးသဖြင့် ကောင်းကင်လူသား တစ်ယောက်ကို သတ်ဖြတ်ပြီးချိန်တွင် ဖြစ်သည်။ ထိုသူ၏ နောက်ခံ အဖွဲ့အစည်းက လက်စားချေရန် စွမ်းအားကြီးပုဂ္ဂိုလ်များ လွှတ်မလာဟု မည်သူ ပြောနိုင်မည်နည်း။

လင်းယွီဂိတ်တံခါး၏ ဖွင့်လှစ်မှုကို ကြားသိပြီးနောက် ကျိုးယင်မှာ ရက်ပေါင်းများစွာ အရှုံးအမြတ်တွက်ရင်း စိတ်ရှုပ်နေ၏။ ဤသည်မှာ စုလင်းရှုံ၏ နောက်ခံနှင့် ပက်သက်နေသည့် ကိစ္စဖြစ်မှာ ဖြစ်သည်။ လီရွှမ်ကတော့ ဆက်လက်မေးစမ်းမနေပါ။

စုလင်းရှုံလည်း ဖိအားကို စတင် ခံစားလာရ၏။ ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ရန် စတင်ပြင်ဆင်သည်။

ရွှီယန်က သူမကို ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ရမည့် အဓိကအချက်များကို ညွှန်ကြားပေးသည်။

တစ်နေ့တွင် မုန့်ချုံက ကျင့်ကြံမှုပြုနေစဉ် ခုံရော့ကျစ်က သူ့ကို လာရှာ၏။ မျက်နှာချိုသွေးသည့် အပြုံးဖြင့် ပြောသည်။

“သူရဲကောင်းကြီးမုန့်.. ကျွန်တော့မှာ အကူအညီတောင်းစရာတစ်ခု ရှိလို့ပါ”

“ဘာကိစ္စလဲ”

မုန့်ချုံက မျက်မှောင်ကြုတ်သွားပြီး မေးသည်။

“သဟွကိစ္စပါ.. ကျွန်တော်တို့တွေ ယွဲ့နိုင်ငံကို အစားထိုးပြီး သဟွကို တည်ထောင်ဖို့ စီစဉ်နေပါတယ်။ အရာအားလုံး အဆင်သင့် ဖြစ်ပါပြီ။ ယွဲ့နိုင်ငံရဲ့ တော်ဝင်မိသားစုကို ရင်ဆိုင်ဖို့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးပဲ လိုပါတော့တယ်”

“ပြီးတော့ သိတဲ့အတိုင်းပဲလေ.. ချန်းလန်ကျွန်းကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတဲ့ ကိစ္စမှာ ယွဲ့နိုင်ငံရဲ့ တော်ဝင်မိသားစုက နောက်ကွယ်ကနေ အများကြီး ပါဝင်လှုံ့ဆော်ခဲ့ကြတယ်.. သူတို့ကို အလွယ်တကူ လွှတ်ပေးလိုက်လို့ ဘယ်ဖြစ်မလဲ”

“သခင်လေးရွှီက စွမ်းအားကြီးပေမယ့်..”

ခုံရော့ကျစ်က နေရခက်စွာ ပြုံးသည်။ သူသည် ရွှီယန်ကို မြင်တွေ့ရသည်နှင့် ကြောက်ရွံ့စွာ ခံစားရ၏။ ထို့ကြောင့် မုန့်ချုံကို လာရှာခြင်းက ပိုမို သင့်တော်သည်ဟ ခံစားရသည်။ ထို့အပြင် မုန့်ချုံတစ်ယောက်တည်းနှင့်လည်း စွမ်းအားကြီး သန်မာစွာဖြင့် အနှိုင်းမဲ့သော ခွန်အားကို အသုံးပြုကာ အောင်မြင်မှု ရနိုင်ပါသည်။

သူ၏ ပုံရိပ်က ပိုမိုကာပင် ကြောက်စရာကောင်းသေး၏။ ကြံ့ခိုင်ထွားကြိုင်းသည့် အသွင်အပြင်နှင့် သဟွသိုင်းသမားများ၏ ပုံရိပ်ကို ပိုမို ထင်ဟပ်စေနိုင်၏။

မုန့်ချုံက ခဏတာ စဉ်းစားပြီးနောက် ခေါင်းညှိတ်သည်။

“ကောင်းပြီ.. ယွဲ့နိုင်ငံရဲ့ တော်ဝင်မိသားစုဆိုရင်တော့.. ငါပါပေးရမှာပေါ့.. အခုပဲသွားပြီး အနိုင်ယူပြစ်မယ်”

ယွဲ့နိုင်ငံ၏ တော်ဝင်မိသားစုမှာ ချန်းလန်ကျွန်းအား ဝိုင်းဝန်းတိုက်ခိုက်ခဲ့မှုတွင် များစွာ ပါဝင်မှုပြုခဲ့ရာ ဒီအချိန်က စာရင်းရှင်းရန် အချိန်ကျပါပြီ။ သူတို့ကို ဒီအတိုင်းမထားသင့်ပေ။

သဟွ၏ ယွဲ့နိုင်ငံကို အစားထိုးခြင်းမှာလည်း ကိစ္စကောင်းတစ်ခု ဖြစ်သည်။ စိတ်ဝိညာဉ်နယ်မြေမှ လူများသည် ထည်ဝါမြင့်မားစွာဖြင့် အတွင်းဘက်နယ်မြေကို အမြဲတမ်း အထင်သေးခဲ့၏။ သူက စွန့်ပြစ်နယ်မြေမှ လာတာ ဖြစ်ပေမယ့် ပြောရလျှင် အတွင်းဘက်နယ်မြေကဟု ဆိုနိုင်ပါသည်။

နောက်ဆုံးမင်းဆက် ကျဆုံးကတည်းက အတွင်းဘက်နယ်မြေရှိ အင်အားစုများမှာ အသီးသီး ပြိုကွဲကုန်ကြသည်။ ဒီအချိန်က အတွင်းဘက်နယ်မြေကို ပြန်လည်စုစည်းရန် အချိန်ကျပါပြီ။

ထို့အပြင် သဟွသိုင်းပညာမှာ အတွင်းဘက်နယ်မြေ၏ ကန့်သတ်မှုကို ခံရခြင်း မရှိပေ။ တစ်နေ့တွင် အတွင်းဘက်နယ်မြေ၏ သိုင်းခွန်အားအဆင့်သည် စိတ်ဝိညာဉ်နယ်မြေနှင့် နှိုင်းယှဉ်နိုင်လာမှာ ဖြစ်၏။ ထိုအခါ စိတ်ဝိညာဉ်နယ်မြေရှိ လူများ သူတို့ကို အထင်သေးနိုင်မည် မဟုတ်တော့ပေ။

“ကျေးဇူးတင်ပါတယ် သူရဲကောင်းကြီးမုန့်”

ခုံရော့ကျစ်က ဝမ်းသာသွား၏။

ထိုနေ့တွင် မုန့်ချုံနှင် ခုံရော့ကျစ်တို့ ချန်းလန်ကျွန်းမှ ထွက်ခွာကာ ယွဲ့နိုင်ငံ၏ မြို့တော်ဆီသို့ ဦးတည်ခဲ့ကြသည်။ အတွင်းဘက်နယ်မြေ တစ်ခုလုံး၏ အခြေအနေအား ကြီးစွာ သက်ရောက်စေနိုင်သည့် ဖြစ်ရပ်တစ်ခု ပေါ်လာတော့မည် ဖြစ်၏။

လီရွှမ်က နှလုံးသားထဲတွင် သက်ပြင်းချသည်။

“အတွင်းဘက်နယ်မြေဆိုပြီး မရှိတော့ဘူး.. သဟွပဲ ရှိလိမ့်မယ်”

သို့ပေမယ့် အတွင်းဘက်နယ်မြေပဲဖြစ်ဖြစ် သဟွပဲ

ဖြစ်ဖြစ် ဤသည်မှာ ထိုက်ချန်းလောက၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။

စုလင်းရှုံက ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ရန် ပြင်ဆင်၏။ သစ်စိမ်း စိတ်ဝိညာဉ်ခန္ဓာပိုင်ရှင်တစ်ယောက် အနေနှင့် ထုံးရွှမ်အဆင့်သို့ ချိုးဖျက်သည့်ပင်လျှင် အဆင့်ချိုးဖျက်ရာ၌ ဆင့်ကဲပြောင်းလဲမှုတို့ ဖြစ်ပွားမည် မဟုတ်ပါ။ သို့ပေမယ့် အဆင့်တက်ပြီးပါက သူမအနေနှင့် ဟင်းလင်းပြင် ဒန်ဆေးသန့်စင်ခြင်းကို လုပ်ဆောင်လာနိုင်မှာ ဖြစ်သည်။

လီရွှမ်က အေးအေးလူလူဖြင့် ကြောင်နီဆီသို့ လျှောက်လှမ်းသွား၏။ ရှီအာမှာ စိုးရိမ်သည့် မျက်နှာဖြင့် ရွှေကြိုးကြီးကို ဆွဲလာရင်းမှ ကြော်င်နီ၏အပေါ်သို့ တက်သည်။ လည်ပင်းတွင် ဆွဲပေးရန် လုပ်၏။

ဤသည်မှာ တတိယမြောက် ပြောင်းလဲပေးရသည့် ရွှေကြိုးဖြစ်သည်။ ပထမတွင် သူသည် ကြောင်နီ၏ ပြောင်းလဲမှုကို စောင့်စားပြီးမှသာ ပြောင်းလဲပေးလို၏။ သို့ပေမယ့် ကြောင်နီက လက်မခံပေ။ ရှီအာကို ရွှေကြိုးအား အတင်းလဲခိုင်း၏။

လည်ပင်းတွင် ရွှေကြိုးကြီးကို ဆွဲကာ ကျင့်ကြံခြင်းက ပိုမိုလွယ်ကူသည်ဟု ထင်နေသည့်ဟန် ရှိသည်။

ရွှီအာအနေနှင့် ကြောင်နီက သူ့ကို လက်စားချေနေခြင်း ဖြစ်မည်ဟုလည်း သံသယဝင်မိ၏။

ကြောင်နီ၏ အရွယ်အစားမှာ တောင်ကုန်းငယ်တစ်ခုကဲ့သို့ ရှိနေပြီး ရံဖန်ရံခါ အတွင်းထဲမှ မိုးခြိမ်းသကဲ့သို့ အသံများ ထွက်ပေါ်လာတတ်သည်။ နတ်ဆိုးစွမ်းအား၏ ကြီးမားသည့် ဖိအားက အလိုလို ထွက်ပေါ်လာတတ်၏။

“ပထမဆုံး မဟာနတ်ဆိုးက တော်တော်လေး ကံကောင်းတာပဲ… လက်ရှိ အခြေအနေကို ကြည့်ရတာ ကြောင်နီက ပြောင်းလဲပြီးရင် ထုံးရွှမ်အဆင့်ရဲ့ အစောပိုင်းနဲ့ နှိုင်းယှဉ်နိုင်လောက်တယ်”

လီရွှမ်က ကြောင်နီ၏ ခွန်အားကို အကြမ်းဖျင်း တွက်ချက်သည်။ ပုံမှန်အားဖြင့် မဟာနတ်ဆိုးအဖြစ် ပြောင်းလဲပြီးပါက ခွန်အားမှာ မူလအဆင့်နှင့်သာ နှိုင်းယှဉ်နိုင်မှာ ဖြစ်သည်။ သို့ပေမယ့် ကြောင်နီမှာ ပထမဆုံး မဟာနတ်ဆိုး ဖြစ်၏။ မဟာနတ်ဆိုး သိုင်းပညာ၏ ရှေ့ဆောင်တစ်ဦး ဖြစ်သည်။ ပိုမိုသန်မာသည့် စွမ်းအားဖြင့် စတင်ခြင်းမှာ ကျိုးကြောင်းဆီလျော်မှု ရှိ၏။

များပြားလှသည့် ဆေးလုံးများကို စားသုံးကာ အခြေခံများစွာတို့ ရှိနေခြင်းနှင့်ဆို ပြောစရာလိုမည် မထင်ပေ။

ကြောင်နီ၏ မျက်လုံးများက ပွင့်လာ၏။ လီရွှမ်မှာ ကြီးမားသည့် ခန္ဓာကိုယ်ကြီးနှင့် နှိုင်းယှဉ်ပါက သေးငယ်ပုံ ပေါ်ပြီး မျက်လုံးတစ်လုံးလောက်တောင် အရွယ်အစား မရှိပေမယ့် ကြောင်နီအနေနှင့် မသက်မသာ ခံစားရဆဲ ရှိသည်။ ချက်ပြုတ်ခြင်း ခံရမည်ကို ထိတ်လန့်နေ၏။

ချန်းလန်ကျွန်းတွင် သူအကြောက်ဆုံးမှာ ရွှီယန်ဖြစ်သည်။ သူ့နောက်၌ လီရွှမ်လိုက်၏။

ဘာပဲဖြစ်ဖြစ် ချက်ပြုတ်မည်ဟု အမြဲပြောလေ့ ရှိပေမယ့် ကြည့်ရသည်မှာ ခြောက်လှန့်ရုံသာ ရှိပုံပေါ်၏။ သို့ပေမယ့် ရွှီယန်ကတော့ ခြားနားသည်။ ချက်ပြုတ်မည်ဟု ဆိုပါက တကယ်ချက်မည် ဖြစ်၏။ ထို့အပြင် ရွှီယန်၏ အငွေ့အသက်က သူ့ကို ကြောက်ရွံ့စွာ ခံစားရစေသည်.

All Chapters