ထောင်ချီသည့် သိုင်းနတ်ဘုရားအရိပ်များ၊ မဖျက်ဆီးနိုင်သည့် ဒီဗိုင်းချပ်ဝတ်(၂)
Vol. 25 Ch. 370
ပြောင်းလဲခြင်း အတတ်ကိုလည်း သဟွသို့ ဝင်ရောက်ခဲ့ကြသည့် သိုင်းသခင်များနှင့် သိုင်းသမားများဆီသို့ စတင် လွှဲပြောင်းပေး၏။ ယွဲ့နိုင်ငံ၏ နယ်မြေအတွင်းရှိ စွမ်းအားကြီး အဖွဲ့အစည်းများ တစ်ခုပြီးတစ်ခု သဟွသို့ ခိုလှုံ့ကာ သဟွ၏ ဂိုဏ်းများစာရင်းတွင် လာရောက် ထည့်သွင်းခဲ့ကြသည်။
သဟွဧကရာဇ် နှစ်ပါး၏ အမည်များလည်း ပျံ့နှံ့လာခဲ့၏။ သို့ပေမယ့် သဟွ၏ အရေးကိစ္စများကို ဦးစီးကိုင်တွယ်နေသည်မှာ သဟွကောင်စီသာ ဖြစ်ပါသေးသည်။ ကောင်စီ အကြီးအကဲများမှာ ဧကရာဇ်နှစ်ပါး၏ ထောက်ခံချက်ကို လိုအပ်ပေမယ့် ဤသည်မှာ လုပ်ငန်းစဉ်တစ်ခုသာ ဖြစ်သည်။
အဓိကအင်အားစုကြီးများ အနေနှင့်လည်း အတွင်းဘက်နယ်မြေ၌ ကြီးမားသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပွားတော့မည် ဟူသည်ကို သိလိုက်ကြသည်။
သူတို့၏ ကိုယ်ပိုင် အင်အားစုများကို မည်ကဲ့သို့ ဆက်လက် ရှင်သန်အောင် ထားရှိနိုင်မည်အား စတင်စဉ်းစားကြ၏။
အတွင်းဘက်နယ်မြေ၏ သိုင်းပညာစနစ်မှာ တစ်ဝက်တစ်ပြတ် ကောင်းကင်လူသား အဆင့်၌ ရပ်တန့်သွားမှာ သေချာ၏။ ကောင်းကင်လူသားအဆင့်သို့ ချိုးဖျက်ချင်ပါက သူတို့အနေနှင့် လင်းနယ်မြေသို့ ဝင်ရောက်ရန် လိုအပ်သည်။
သို့ရာတွင် လင်းနယ်မြေမျာ မည်ကဲ့သို့ ဖြစ်သည်ဟူသည်အား မည်သူမှ မသိကြပေ။ အတွင်းဘက်နယ်မြေ၌ စွမ်းအားကြီးမားကာ အလေးစားခံများအဖြစ် ဆက်ဆံခြင်း ခံရသည့် ပုဂ္ဂိုလ်များသည် ထိုနေရာသို့ ရောက်ရှိသွားပါက ကောင်းကင်လူသားအဆင့် ကျင့်စဉ်ကိုပင် ရရှိရန် မနည်း ရုန်းကန်နေရမည် ဖြစ်သည်။
အတွင်းဘက်နယ်မြေမှ စွမ်းအားကြီးသူများအတွက် ထိုခြားနားချက်က ကြီးမားလှ၏။
သို့ရာတွင် သဟွသိုင်းပညာတွင်မူ ထိုကဲ့သို့သော နက့်သတ်ချက်မျိုး မရှိပေ။ ကောင်းကင်လူသားနှင့် တူညီသည့် အဆင့်သို့ တစ်ခါတည်း ကျင့်ကြံနိုင်၏။ ဤသည်က ဆွဲဆောင်မှု ကြီးမားလှသည်။
အတွင်းဘက်နယ်မြေရှိ အဓိက အင်အားစု အားလုံးတို့သည် ထွက်ပေါက်တစ်ခုအား ရှာဖွေနေကြ၏။ တစ်ချိန်တည်းတွင် ယန်နိုင်ငံနှင့် ခရမ်းရောင်တိမ် နိုင်ငံတို့၏ လှုပ်ရှားမှုများကိုလည်း အာရုံစိုက်ထားသည်။
အပြင်ဘက်ရှိ ထိုအရှုပ်အထွေးများမှာ ချန်းလန်ကျွန်းကို သက်ရောက်ခြင်း မရှိပေ။ မုန့်ချုံက ပြန်လာခဲ့၏။
“သင်ဖန်တီးထားသည့် သဟွသိုင်းပညာအား ကျင့်ကြံနိုင်ခဲ့သူ အယောက်၁၀၀၀ ရှိလာခဲ့သည်။ သင်သည် သိုင်းနတ်ဘုရားအရိပ် တစ်ထောင်ကို ရရှိသည်”
တာအိုရွှေစာအုပ်က ပွင့်လာပြီး ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
‘သိုင်းနတ်ဘုရားအရိပ် တစ်ထောာင်’
လီရွှမ်က အံ့ဩခြင်းမရှိပါ။ ဤသည်မှာ သူမျှော်လင့်ထားသည့် အတိုင်းအတာ အတွင်း၌သာ ရှိ၏။ ယခုအချိန်၌ သဟွသိုင်းပညာသည် အလွန် မြန်ဆန်စွာ ကြီးထွားလာနေ၏။ အတွင်းဘက်နယ်မြေ၏ သိုင်းပညာမှ သဟွသိုင်းပညာသို့ ပြောင်းလဲလာသူများစွာတို့ ရှိကြသည်။
သိုင်းနတ်ဘုရားအရိပ် တစ်ထောင်ကို ပေါင်းစည်းလိုက်ပါက ထုံးရွှမ်အဆင့် ခွန်အားကို ပိုင်ဆိုင်နိုင်၏။
ကျန်ရှိသည့် အချိန်များတွင်လည်း နတ်ဘုရားအရိပ်များမှာ လျှင်မြန်စွာ ဆက်လက်တိုးတက်လာနေပြီး စွမ်းအားကြီးလာခဲ့သည်။ သဟွသိုင်းပညာသို့ ပြောင်းလဲသည့် ကိစ္စမှာ ခေတ်ရေစီးကြောင်းတစ်ခုသဖွယ် ဖြစ်လာခဲ့၏။
အထူးသဖြင့် သဟွပိုင် ဒေသများရှိ လူအားလုံးနီးပါးတို့ ပြောင်းလဲမှု ပြုကာ ကျင့်ကြံလာကြ၏။ ထိုအတွက် လိုအပ်သည့် ဒန်ဆေးလိုအပ်ချက်မှာလည်း များပြားလှသည်။
ရလဒ်အနေနှင့် ဒန်ဆေးခန်းမမှာ ထပ်မံ၊ ထပ်မံကာ ချဲ့ထွင်နေရ၏။ ဆေးသန့်စင်ခြင်း သင်တန်းသား များစွာတို့ကို ခေါ်ယူခဲ့သည်။ ချန်းလန်ကျွန်းပေါ်ရှိ ဒန်ဆေးခန်းမ အရေအတွက်ကို လျှော့ချကာ ချန်ချင်းစံအိမ်၏ လက်ရွေးစင်များကိုသာ ချန်ရစ်ခဲ့သည်။ အားလုံးတို့ကို ဒန်ဆေးပညာရှင်များ ဖြစ်လာရန် ပျိုးထောင်ပေးမည် ဖြစ်သည်။
ထိုသူအားလုံးတို့တွင် ဒန်ဆေးသိုင်းပညာအတွက် သက်ဆိုင်ရာ ပါရမီများ ရှိကြ၏။ စုလင်းရှုံက သူတို့အား ဒန်ဆေးသိုင်းပညာကို လက်ဆင့်ကမ်း ပို့ချပေးသည်။ အချို့ ပါရမီနည်းပါးသူများအား ဒန်ဆေးသန့်စင်မှုတွင် ဦးစားပေး သင်ယူစေ၏။
“သိုင်းလမ်းစဉ် ပြောင်းလဲတဲ့ လူသုံးယောက်မှ နတ်ဘုရားအရိပ် တစ်ခုပဲ ရနိုင်တယ်.. သူတို့ရဲ့ သဟွသိုင်းပညာက မသန့်စင်လို့များလား”
လီရွှမ်က ပြဿနာကို သတိထားမိလိုက်သည်။
အတွင်းဘက်နယ်မြေရှိ သိုင်းသမားများ သဟွသိုင်းပညာသို့ ပြောင်းလဲသည့်အခါ အောင်မြင်စွာ ပြောင်းလဲနိုင်သည့် အရေအတွက် သုံးယောက်ရှိပါမှ နတ်ဘုရားအရိပ်တစ်ခု ထပ်ပေါင်းလာခဲ့သည်။ သိုင်းသခင်အဆင့်သို့ ရောက်ရှိထားသူများ ဆိုပါက ငါးယောက်မှသာ နတ်ဘုရားပုံရိပ်တစ်ခု ရလာစေ၏။
ထိုအကြောင်းမှာ သိုင်းသမားများ၏ သဟွသိုင်းပညာအပေါ် မသန့်စင်မှုကြောင့် ဖြစ်ပေလိမ့်မည်။ သို့ပေမယ့် အတွင်းဘက်နယ်မြေတွင် သိုင်းသမား များစွာတို့ ရှိကြ၏။ အယောက်တစ်ရာတွင် နတ်ဘုရားအရိပ် တစ်ခုသာ ရမည်ဆိုလျှင်တောင် ကျယ်ပြောလှသည့် အတွင်းဘက်နယ်မြေက သူ့အတွက် နတ်ဘုရားအရိပ် များစွာတို့ကို ရရှိလာစေမှာ ဖြစ်သည်။
ချန်းလန်ကျွန်းတစ်ဝိုက်တွင် ရံဖန်ရံခါ မြစ်ပြင်ပေါ်တွင် လှေငယ်လေးများ ရွေ့လျားသွားလာနေ၏။ ကြည့်လိုက်ပါက လူကို တွေ့မြင်နိုင်ခြင်း မရှိပေ။ ဤသည်များမှာ လီရွှမ်၏ နတ်ဘုရားအရိပ်များ ဖြစ်ကြ၏။ အပျော် လှေစီးနေခြင်း ဖြစ်သည်။
ပြောရလျှင် ပုန်းအောင်းခြင်းနှင့် ကွယ်ဝှက်ခြင်းကို အထူးပြုသည့် အတော်ဆုံး သိုင်းသမားများပင်လျှင် ချန်းလန်ကျွန်းပေါ်သို့ အလစ် ဝင်ရောက်နိုင်မည် မဟုတ်ပေ။ နီးကပ်မလာခင်တွင်ပင် လီရွှမ်၏ နတ်ဘုရားအရိပ်များက ရှာတွေ့သွားမှာ ဖြစ်၏။
ချန်းလန်ကျွန်းရှိ တောင်ထိပ်တစ်ခုပေါ်တွင် လီရွှမ်သည် လက်တစ်ဖက်နှင့် ကျောက်စိမ်းအဆောင်ကို ကစားနေရင်းမှ ကျယ်ပြောလှသည့် ချန်းလန်မြစ်ကို ကြည့်ရှုနေ၏။
မုန့်ချုံက သူ၏ အနောက်ဘက်တွင် လေးစားစွာဖြင့် ရပ်နေပြီး စိတ်လည်း လှုပ်ရှားနေပါသည်။
“မင်း ထုံးရွှမ်အဆင့်ကို ချိုးဖျက်ပြီးပြီဆိုတော့ ကြီးမြတ်သောနေ ရွှေခန္ဓာက အခုဆိုရင် အတားအဆီး မရှိတော့ဘူး.. ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ဖို့ဆိုတာ အချိန်တစ်ခုပဲ လိုတယ်”
လီရွှမ်က ဖြည်းညှင်းစွာ ပြောသည်။
မုန့်ချုံက စိတ်အားထက်သန်စွာ နားထောင်နေ၏။
ဆရာဖြစ်သူသည် သူ့ကို ကြီးမြတ်သောနေ ရွှေခန္ဓာ၏ နောက်ဆက်တွဲ ကျင့်စဉ်အား လက်ဆင့်ကမ်းပေးပေတော့မည်.
“ခန္ဓာကိုယ် ကျင့်ကြံမှု သိုင်းပညာစနစ်က ခန္ဓာကိုယ်အပေါ်မှာ မူတည်နေတယ်.. ကြီးမြတ်သောနေ ရွှေခန္ဓာရဲ့ ဆန်းကြယ်မျုတွေကို မင်းနားလည်ပြီးပြီလို့ ငါယုံကြည်တယ်.. သုံးမီတာ ရွှေခန္ဓာက ဘယ်လောက်အထိ စွမ်းအားကြီးလဲ ဆိုတာကိုရော မင်းသိလောက်ပြီ”
လီရွှမ်၏ အသံက ညင်သာစွာ ရှိ၏။
“ကြီးမြတ်သောနေ ရွှေခန္ဓာရဲ့ ဆန်းကြယ်မှုတွေအပေါ် လေ့လာရာမှာ တပည့်အတွက် လိုအပ်ချက်အချို့ ရှိနေတုန်းပဲ။ ဒါ့ကြောင့်မလို့ ဆက်တိုက် သုတေသနပြု စူးစမ်းပြီး ကိုယ်ပိုင်ခွန်အားကို မြှင့်တင်နေပါတယ်။ အထူးသဖြင့် သုံးမီတာ ရွှေခန္ဓာကို အသုံးပြုရာမှာပါ”
မု့န်ချုံက လေးစားစွာ ပြောသည်။
“ကောင်းတယ်.. သိုင်းပညာ လမ်းကြောင်းက အဆုံးမသတ်ဘူး။ ဒါ့ကြောင့် လူတစ်ယောက်မှာ စူးစမ်းရှာဖွေလိုတဲ့ နှလုံးသား ရှိရမယ်။ စစ်မှန်တဲ့ အနှစ်သာရကို နားလည်လိုတဲ့ နှလုံးသား ရှိရမယ်”
လီရွှမ်က ကျေနပ်စွာ ခေါင်းညှိတ်သည်။
မုန့်ချုံ၏ ခွန်အား တိုးတက်မှုအရာတွင်.. အထူးသဖြင့် ကြီးမြတ်သောနေ ရွှေခန္ဓာအား အသုံးပြုမှုတွင် တိုးတက်မှုများ ရှိလာပုံကို လီရွှမ် ကောင်းကောင်းသိ၏။ ဘာပဲဖြစ်ဖြစ် ကြီးမြတ်သောနေ ရွှေခန္ဓာ၏ တိုးတက်မှုများတွင် သူ့အတွက် တန်ပြန်အကျိုးပြုမှုများ ရရှိခဲ့သည်။
“ဒီနေ့မှာ ငါမင်းကို မဖျက်ဆီးနိုင်တဲ့ ကြီးမြတ်သောနေ ရွှေခန္ဓာကျင့်စဉ်ကို သင်ကြားပေးမယ်”
လီရွှမ်က ခေါင်းလှည့်ကာ သူ၏တပည့်ကို လေးနက်စွာ ကြည့်သည်။
“တပည့် ကြိုးကြိုးစားစား ကျင့်ကြံပြီး အမြန်ဆုံး နားလည်လာအောင် ကြိုးစားပါမယ်”
မုန့်ချုံက စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်၏။
“ထုံးရွှမ်အဆင့်ရဲ့ အထက်မှာ ဒီဗိုင်းဆန္ဒအဆင့် ရှိတယ်.. ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းစနစ်ကလည်း ဒီဗိုင်းဆန္ဒကို စုစည်းပေမယ့် အဲ့ဒါက သန့်စင်တဲ့ သိုင်းပညာစနစ်နဲ့ ခြားနားတယ်။ မဖျက်ဆီးနိုင်တဲ့ ကြီးမြတ်သောနေ ရွှေခန္ဓာမှာ အဆင့်သုံးခု ရှိတယ်။ ပထမအဆင့်က ဒီဗိုင်းဆန္ဒအဆင့်နဲ့ ညီမျှတယ်။ အောင်အောင်မြင်မြင် ကျင့်ကြံပြီးရင် မဖျက်ဆီးနိုင်တဲ့ ကြီးမြတ်သောနေ ရွှေခန္ဓာရဲ့ ဆန်းကြယ်မှု- မသေခြင်းဒီဗိုင်းချပ်ဝတ်ကို ရလာမယ်”
မဖျက်ဆီးနိုင်သည့် ကြီးမြတ်သောနေ ရွှေခန္ဓာတွင် အဆင့်သုံးခု ပါရှိပြီး ပထမအဆင့်သည် ဒီဗိုင်းဆန္ဒအဆင့်နှင့် တူညီသည်။ အောင်မြင်စွာ ကျင့်ကြံပြီးပါက မသေခြင်း ဒီဗိုင်းချပ်ဝတ်ကို ရလာမည် ဖြစ်၏။
မသေခြင်း ဒီဗိုင်းချပ်ဝတ်သည် ခန္ဓာကိုယ်နှင့် အသိစိတ် နှစ်ခုလုံးကို ကာကွယ်နိုင်ပြီး ဘက်စုံ ကာကွယ်မှုကို ထောက်ပံ့ပေးသည်။ ထို့အပြင် တစ်ယောက်ယောက်က ဒီဗိုင်းချပ်ဝတ်ကို လျှပ်တစ်ပြတ်အတွင်း ဖျက်ဆီးနိုင်လျှင်တောင် ခန္ဓာကိုယ်တွင် မည်သည့် ခုခံခြင်း စွမ်းအားမှ မရှိတော့ဟု မဆိုလိုပေ။ ၎င်းသည် အလွန် ကြံ့ခိုင်ဆဲ ရှိ၏။ ခန္ဓာကိုယ်အပြင်ဘက်တွင် အလွှာပိုတစ်ခု ထပ်ပေါင်းခြင်းနှင့် တူညီပါသည်။
ရန်သူအနေနှင့် မဖျက်ဆီးနိုင်သည့် ကြီးမြတ်သောနေ ရွှေခန္ဓာပိုင်ရှင်အား ဒဏ်ရာရရှိစေလိုပါက ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကိုလည်း ချိုးဖျက်ရန် လိုအပ်ပါသည်။
ဒီဗိုင်းချပ်ဝတ်နှင့် ခန္ဓာကိုယ်၏ ခုခံမှုကို တစ်ခါတည်း ဖျက်ဆီးနိုင်ခြင်း မရှိပါက ထိခိုက်စေနိုင်မည် မဟုတ်ပဲ ပျက်စီးသွားသည့် ချပ်ဝတ်က လျှပ်တစ်ပြတ်အတွင်း ပြန်လည်စုစည်းကာ ဘက်စုံ ကာကွယ်မှုအား ပြုလုပ်ပေးမည် ဖြစ်သည်။
ရွှေခန္ဓာအား တစ်ချက်တည်းနှင့် ပြိုလဲသွားအောင် မပြုလုပ်နိုင်ပါက ချပ်ဝတ်မှာ ပျောက်ကွယ်သွားမည် မဟုတ်ပေ။ ဤသည်မှာ မဖျက်ဆီးနိုင်ခြင်း၏ အဓိပ္ပာယ်ဖြစ်၏။
“မသေခြင်း ဒီဗိုင်းချပ်ဝတ်က ခုခံမှုကို အဓိကထားပေမယ့် ကာကွယ်ရေး စွမ်းရည်တွေနဲ့ ကန့်သတ်မနေဘူး.. အဲ့အထဲမှာ ကျင့်ကြံပြီးရင် မင်းဘာသာ စူးစမ်းရှာဖွေရမယ့် ဆန်းကြယ်မှုတွေ ရှိနေသေးတယ်”
လီရွှမ်သည် မသေခြင်း ဒီဗိုင်းချပ်ဝတ်၏ စွမ်းအားကို ခုခံမှုတစ်ခုတည်းဟု တစ်ခါတည်းဟု တွက်ချက်ထားခြင်း မရှိပါ။ မုန့်ချုံအတွက် သူ့ဘာသာ ရှာဖွေစူးစမ်းနိုင်ရန် လမ်းကြောင်းတစ်ခုအား ချန်ထားပေးသည်။ အခြား အသုံးဝင်မည့် အပိုင်းများ ပေါ်ပေါက်လာနိုင်၏။
“ဟုတ်ကဲ့ပါဆရာ”
မုန့်ချုံမှာ အလွန် စိတ်လှုပ်ရှားနေ၏။
မဖျက်ဆီးနိုင်သည့် ရွှေခန္ဓာဟူသည့် အမည်ကပင် နားထောင်ရတာ အလွန် စွမ်းအားကြီးမားနေပြီး ဖြစ်၏။
“ကောင်းကောင်းနားထောင်.. မဖျက်ဆီးနိုင်တဲ့ ကြီးမြတ်သောနေ ရွှေခန္ဓာ ကျင့်စဉ်ရဲ့ အဆင့်သုံးခုက…..”
လီရွှမ်သည် မဖျက်ဆီးနိုင်သည့် ကြီးမြတ်သောနေ ရွှေခန္ဓာ ကျင့်စဉ်အတွက် ပြင်ဆင်ထားသည်များ အားလုံးကို မုန့်ချုံအား ဖြည်းညှင်းစွာ ရွှတ်ဆို သင်ကြားပေးသည်။ အဆင့်သုံးခုလုံးကို တစ်ခါတည်း နားလည်နိုင်ပါက သူ့အနေနှင့် မဖျက်ဆီးနိုင်သည့် ကြီးမြတ်သောနေ ရွှေခန္ဓာ တတိယအဆင့်အား တစ်ခါတည်း ပိုင်ဆိုင်နိုင်မှာ ဖြစ်သည်။ ထိုခွန်အားနှင့် စိတ်ဝိညာဉ်သန့်စင်ခြင်း ကောင်းကင်လူသားကိုပင် တစ်ချက်တည်း ရိုက်သတ်ပစ်နိုင်၏။
တကယ်တော့ မုန့်ချုံအား ထိုသုံးဆင့်လုံးကို တစ်ခါတည်း နားလည်နိုင်မည်ဟု လီရွှမ် ယုံကြည်ခြင်း မရှိပါ။ သို့ပေမယ့် ပထမအဆင့်သို့သာ ချိုးဖျက်ပြီးပါက ကျန်နှစ်ဆင့်ကို လျှင်မြန်စွာ နားလည်လာနိုင်မှာ ဖြစ်၏။
မုန့်ချုံအား သင်ကြားပေးမှု အပြီးတွင် လီရွှမ်သည် ကုလားထိုင်ပေါ်တွင် ပြန်ထိုင်ကာ ဒီဗိုင်းဆန္ဒ အဆင့်၏ အထက်ရှိ အဆင့်နှင့် ကျင့်စဉ်တို့ကို တွေးတောမှုပြုသည်။ မဖျက်ဆီးနိုင်သည့် ကြီးမြတ်သောနေ ရွှေခန္ဓာသည် ကြံ့ခိုင်စွမ်းအားကြီးမားပြီး ခန္ဓာကိုယ်ကျင့်ကြံသူ တစ်ယောက်၏ ကြီးမြတ်မှုကို စစ်မှန်စွာ ဖော်ကြူးပြသထား၏။
မု့န်ချုံသာ အဆင့်ချိုးဖျက်ပြီးပါက သူ၏ခွန်အားမှာ ရွှီယန်နှင့် နီးကပ်လာမှာ ဖြစ်သည်။ ရွှီယန်၏ သိုင်းပညာမှာ သန့်စင်ပေမယ့် ခန္ဓာကိုယ်တွင် အားနည်းသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ သူ၏ ကျောက်စိမ်းအရိုး၊ စိတ်ဝိညာဉ်အရိုးနှင့် စိတ်ဝိညာဉ်ခန္ဓာတို့မှာ ထူးကဲလှ၏။
လီရွှမ်က သူ၏ ကိုယ်ပိုင် ဓါးဆန္ဒကို ကြည့်လိုက်သည်။ ဒီအတောအတွင်းတွင် ဓါးဆန္ဒသည် ဆက်လက်မြင့်တက်ကာ ပြောင်းလဲလာနေ၏။ အားလုံးတို့မှာ ရွှီယန်၏ ဉာဏ်အလင်းအသစ်များကြောင့် ဖြစ်သည်။ အချိန်တိုအတွင်း သူ၏ စွမ်းအားက သိသာစွာ တိုးတက်လာခဲ့၏။
ထို့အပြင် တောင်နှင့်မြစ် ဓါးဆန္ဒ၏ တတိယအဆင့်မျာ အစနှင့် မတူညီတောပေ။ ၎င်းသည် အလွန် ကြမ်းတမ်းပြီး အရာအားလုံးကို ဖျက်စီးပစ်နိုင်၏။
လျှပ်တစ်ပြတ်လေ ဓါးဆန္ဒမှာလည်း ပိုမို စွမ်းအားကြီးလာပြီး တောင်နှင့်မြစ် ဓါးဆန္ဒနှင့် ပေါင်းလိုက်ပါက အဖျက်စွမ်းအားက ပိုမိုကြောက်စရာကောင်းလာခဲ့သည်။ တစ်ချက်တည်းနှင့် ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ဖျောက်ဖျက်ပစ်နိုင်၏။
“ဓါးနှလုံးသားကို ရွှီယန် ပြည့်ပြည့်စုံစုံ နားလည်သဘောပေါက် သွားပြီ… ကြည့်ရတာ နှလုံးသားအဆင့်ကို ဘယ်လိုကျင့်ကြံရမယ် ဆိုတာ ကိုယ့်ကိုယ်ကိုယ် လမ်းကြောင်းဖွင့်နေသလိုပဲ… သူသာ အဲ့ဒါကို နားလည်သဘောပေါက်သွားရင် ငါ့ရဲ့ ဓါးတာအိုအဆင့်လည်း နှလုံးသားဓါးအဆင့်ကို နက်နက်ရှိုင်းရှိုင်း ချိုးဖျက်သွားလိမ့်မယ်”
လီရွှမ်မှာ အလွန် စိတ်လှုပ်ရှားနေ၏။ နှလုံးသားဓါး အဆင့်တွင် တောင်ကိုမြင်ပါက ၎င်းကို ဓါးဖြစ်စေနိုင်သည်။ မြစ်ကိုမြင်ပါက ၎င်းကို ဓါးဖြစ်စေနိုင်သည်။ ကောင်းကင်နှင့် ကမ္ဘာမြေရှိ အရာအားလုံးတို့သည် ဓါးတစ်ချောင်း ဖြစ်လာနိုင်၏။
ထိုဓါးတာအိုသည် မည်မျှ စွမ်းအားးကြီးကာ ဆန်းကြယ်လိုက်သနည်း။
“မုန့်ချုံရဲ့ ဆေဘာတာအိုက နည်းနည်း နောက်ကျနေပြီ… ငါသူ့ကို သတိပေးရမယ်”
လီရွှမ်က စဉ်းစားသည်။ ရွှီယန်၏ ဓါးတာအိုက ဆက်တိုက် မြင့်တက်လာနေပေမယ့် မုန့်ချုံ၏ တိုးတက်မှုမှာတော့ လိုအပ်နေသေးသည်။ လက်ရှိအချိန်၌ ဆေဘာဝိညာဉ်တွင် အသေးစား ကျွမ်းကျင်မှုသာ ရရှိသေး၏။ လျှို့ဝှက်ဆေဘာအဆင့်သို့ ရောက်ရှိရန် ခရီးအရှည်ကြီး လိုအပ်ပါသေးသည်။
သူ့အနေနှင့် လျှို့ဝှက်ဆေဘာအဆင့်သို့ မရောက်ရှိနိုင်သေးလျှင်တော့ ထိုအဆင့်၌ ပက်သက်ပြီး ဉာဏ်အလင်းအချို့တော့ ရရှိထားသင့်၏။
လီရွှမ်သည် တာအိုရွှေစာအုပ်ကို အသုံးပြုပြီး လျှို့ဝှက်ဆေဘာအဆင့်ကို မွမ်းမံရန် ဆုံးဖြတ်လိုက်သည်။ လေ့လာရန်အတွက် ခက်ခဲမှုကို လျော့ကျစေကာ မုန့်ချုံအား မကြာခင်တွင် နားလည်မှုရလာစေရန် ရည်ရွယ်၏။
“ဘုတ်း”
ရုတ်တရက် ချန်းလန်ကျွန်းပေါ်တွင် မိုးခြိမ်းသကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာပြီး အနည်းငယ် တုန်ခါသွားခဲ့သည်။
“ဖြောင်း”
သစ်ပင်အချို့ လျှပ်တစ်ပြတ်အတွင်း ပျက်စီးကာ စွမ်းအားကြီးမားသည့် ဖိအားတစ်ခု ထွက်ပေါ်လာ၏။