ကြောင်နီ၏ပြောင်းလဲမှု၊ မဟာနတ်ဆိုး ထိန်းချုပ်မှု(၂)
Vol. 25 Ch. 372
“ဒါက မဟာနတ်ဆိုး ထိန်းချုပ်ခြင်းလား”
လီရွှမ်သည် ဝိညာဉ်အခြေ၏ အထက်တွင် ရစ်ဝဲနေသည့် လျှို့ဝှက်ဆန်းကြယ်သော အလင်းချိတ်တံဆိပ်ကို ကြည့်သည်။ ၎င်းသည် ထူးဆန်းသည့် အငွေ့အသက် တစ်ခုနှင့် လွှမ်းခြုံနေ၏။ ချိပ်တံဆိပ်အတွင်းတွင် ကြောင်နီ၏ ပုံရိပ်ကို ရေးတေးတေး တွေ့မြင်နိုင်ပါသည်။
မဟာနတ်ဆိုး ထိန်းချုပ်ခြင်းက လူတစ်ယောက်ကို စွမ်းအားကြီးမားသည့် နတ်ဆိုးသားရဲ အားလုံးတို့အား ထိန်းချုပ်နိုင်စေ၏။ သူတို့၏ စွမ်းအားကို စုစည်းကာပင် နတ်ဆိုးသားရဲကို မိမိအတွက် အသုံးပြုနိုင်၏။
ဒီမဟာနတ်ဆိုး ထိန်းချုပ်ခြင်း အတတ်သည် အမှန်တကယ်ကို မှော်အစွမ်းတစ်ခု ဖြစ်၏။ ဝေးကွာသည့် နေရာကနေပင်လျှင် နတ်ဆိုးသားရဲကို ဆင့်ခေါ်နိုင်သည်။
၎င်းသည် ထိုနတ်ဆိုးသားရဲများ၏ ခွန်အား ရှစ်ဆယ်၊ ကိုးဆယ် ရာခိုင်နှုန်းလောက်ကို ပိုင်ဆိုင်နိုင်သည်။
“နတ်ဆိုးသားရဲ သောင်းနဲ့ချီကို အမိန့်ပေးပြီး လူတစ်ယောက်အတွက် တိုက်ခိုက်ခိုင်းတာက တွေးကြည့်တာနဲ့တင် စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတယ်”
“အဲ့ဒီအပြင် ဆင့်ခေါ်လိုက်တဲ့ နတ်ဆိုးသားရဲတွေမှာ မူလသားရဲရဲ့ အသိစိတ် ရှိနေတုန်းပဲ။ အကွာအဝေးက အရမ်းကြီး မရောက်ဘူးဆိုရင် တကယ့်ခန္ဓာကိုယ်ကို ဒီနေရာကို တစ်ခါတည်း ဆင့်ခေါ်လို့ရတယ်”
လီရွှမ်မှာ စိတ်လှုပ်ရှားလာခဲ့၏။ မဟာနတ်ဆိုး ထိန်းချုပ်ခြင်း အတတ်၏ အသုံးပြုမှုများမှာ ကျယ်ပြန့်လှသည်။ နတ်ဆိုးသားရဲများနှင့် ၎င်းတို့၏ စွမ်းအားကို ထိန်းချုပ်ခြင်းနှင့် ကန့်သတ်မနေပေ။ ထို့အပြင် ထိုနတ်ဆိုးသားရဲများ၏ စွမ်းအားကို ကိုယ့်ကိုယ်ကိုယ်အပေါ်သို့ လွှမ်းခြုံကာ ကိုယ်တိုင် နတ်ဆိုးသားရဲတစ်ကောင်ကဲ့သို့ ဖြစ်လာနိုင်သည်။
မဟာနတ်ဆိုး ထိန်းချုပ်ခြင်းအပြင် တာအိုရွှေစာအုပ်က သားရဲဆန်းကြယ်အတတ် အချို့ကိုလည်း ပေးစွမ်းခဲ့သည်။ နာမည်အတိုင်းပင် ၎င်းသည် သားရဲများကို နတ်ဆိုးသားရဲအဖြစ် ပြောင်းလဲနိုင်၏။ ပြောရလျှင် မဟာနတ်ဆိုး သိုင်းပညာကို သားရဲ၏ အသိစိတ်အတွင်းသို့ တစ်ခါတည်း ထည့်သွင်းကာ သဘာဝ အမွေအနှစ်ကျင့်စဉ်ကဲ့သို့ ဖြစ်စေနိုင်သည်။
ဤနည်းအားဖြင့် ထိုသားရဲများအတွက် ကျင့်စဉ်ကို နားလည်ကာ ကျင့်ကြံမှုပြုရန် ပိုမိုလွယ်ကူလာစေသည်။ မဟာနတ်ဆိုး ကျင့်စဉ်ကို ပိုမိုလွယ်ကူကာ အောင်မြင်လာနိုင်၏။
သို့ရာတွင် သားရအားလုံးတို့ နတ်ဆိုးသားရဲ ဖြစ်မလာနိုင်ပေ။ လူများကဲ့သို့ပင်။ ပါရမီတို့ အလွန်နိမ့်ပါးပါက သိုင်းပညာကို ကျင့်ကြံနိုင်ခြင်း မရှိပေ။ စတင်ခြင်းအဆင့်သို့ ရောက်ဖို့ဆိုလျှင် ပိုတောင် ဝေးသေး၏။
ထိုအခြေအနေသည် သားရဲများအကြားတွင် ပိုမိုကာပင် ပြင်းထန်သေးသည်။ သားရဲဆန်းကြယ်အတတ်က ကျင့်စဉ်ကို သားရဲ၏ အသိစိတ်အတွင်းသို့ ထည့်သွင်းနိုင်လျှင်တောင် နတ်ဆိုးသားရဲအဖြစ် ကျင့်ကြံနိုင်မည်မှာ သေချာခြင်းမရှိပေ။
ထို့အပြင် သားရဲတစ်ကောင်ကို နတ်ဆိုးသားရဲတစ်ကောင်အဖြစ် ပြောင်းလဲလိုပါက အသိဉာဏ်မြင့်မားကာ ထက်မြက်သည့် သားရဲများကို ရွေးချယ်သင့်သည်။ ထိုအခါမှသာ ပြောင်းလဲရန် အောင်မြင်နိုင်ချေတို့ တိုးမြင့်လာမည် ဖြစ်၏။
လီရွှမ်သည် တောင်မြိုဖားကို တွေးမိလိုက်သည်။ ထိုသတ္တဝါသည် စိတ်ဝိညာဉ်သားရဲတစ်မျိုး ဖြစ်ပြီး နတ်ဆိုးသားရဲနှင့် အနည်းငယ် ခြားနားသည်။
“လင်းနယ်မြေမှာ စိတ်ဝိညာဉ်သားရဲတွေ ရှိတယ်.. အဲ့ဒီ
သားရဲတွေရဲ့ အသိဉာဏ်က မြင့်မားမှာပဲ.. ဆိုလိုတာက ပြောင်းလဲနိုင်ချေ ပိုမြင့်မားတယ်”
ဒီလောကရှိ စိတ်ဝိညာဉ်သားရဲများတွင် ကျင့်စဉ်တို့ ရှိမနေပုံ ရှိသည်။ သူတို့သည် သွေးမျိုးဆက် ဖွံ့ဖြိုးမှုကို အခြေခံကာ ကြီးထွားကြ၏။ စိတ်ဝိညာဉ်သားရဲ တစ်ကောင်သည် သက်ဆိုင်ရာ အဆင့်တစ်ခုသို့ ရောက်ရှိပါက အထွတ်အထိပ် အခြေအနေနီးပါးသို့ ရောက်ရှိနေပြီး ဖြစ်ကာ အကန့်အသတ်ကို ချိုးဖျက်နိုင်သည်မှာ ရှားပါးလှသည်။ အကန့်အသတ်ကို ချိုးဖျက်နိုင်သည့် စိတ်ဝိညာဉ်သားရဲများသည် သူတို့ အကြားတွင် ဘုရင်ဖြစ်၏။
“ယေဘုယျအားဖြင့် စိတ်ဝိညာဉ်သားရဲတွေမှာ ပိုပြီး မြင့်မားတဲ့ မွေးရာပါ ပါရမီ ရှိတယ်။ သူတို့သာ မဟာနတ်ဆိုး ကျင့်စဉ်ကို ကျင့်ကြံလိုက်ရင် ကိုယ်ပိုင် သွေးမျိုးဆက်ရဲ့ အကန့်အသတ်ကို ချိုးဖျက်နိုင်ကြမှာ”
လီရွှမ်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။
ကြောင်နီတွင် စိတ်ဝိညာဉ်သားရဲ သွေးမျိုးဆက်တစ်ခုခု ပိုင်ဆိုင်ထားမည်ဟု သူတွေးမိလိုက်သည်။ မဟုတ်ပါက ဒီကြောင်ကြီး၏ အသိဉာဏ်သည် အခြား မျက်လုံးနီကျားများထက် အဘယ်ကြောင့် မြင့်မားနေမည်နည်း။
“ငါ့ရဲ့ သတိထားမှုကို ခံရပြီး ခေါ်လာခံရတာက သူ့ရဲ့ ကံကောင်းမှုပဲ”
လီရွှမ်က ပြုံးသည်။
ကြောင်နီမှာ ပထမဆုံး နတ်ဆိုးသားရဲတစ်ကောင် ဖြစ်ရာ အခြား စိတ်ဝိညာဉ်သားရဲများထက် များစွာ သာလွန်ပါသည်။ ပိုမိုသန်မာသည့် သွေးမျိုးဆက်နှင့် စိတ်ဝိညာဉ်သားရဲများ နောက်ပိုင်တွင် အောင်မြင်စွာ ကျင့်ကြံနိုင်လျှင်တောင် သူ့ကို မှီနိုင်မည်မဟုတ်ပေ။
ကြောင်နီမှာ ခဏတာအတွင်း အလွန် စိတ်လှုပ်ရှားနေ၏။ ထို့နောက် ရုတ်တရက် ရွှီယန်ကို ဒေါသထွက်စေခဲ့ကြောင်းအား အမှတ်ရလိုက်သည်။ နှလုံးသားထဲတွင် ချက်ချင်းပင် စိုးထိတ်သွား၏။ သူသည် နတ်ဆိုးသားရဲတစ်ကောင် ဖြစ်လာပေမယ့် ရှင်းလင်းစွာပင် ရွှီယန်ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပါ။
မျက်တောင်ခတ်ရင်းက ပြောင်းလဲစဉ်က အဖြစ်အပျက်တို့ကို ပြန်လည်စဉ်းစားသည်။ သူသည် စိတ်ဝိညာဉ်အသီးပင်တို့ကို ပျက်စီးစေခဲ့၏။ ထိုတောသည် ရွှီမိခင်၏ အကြိုက်ဆုံးနေရာ ဖြစ်သဖြင့် ရွှီယန်ကို ဒေါသထွက်စေခဲ့၏။ စိတ်ဝိညာဉ်အသီးများသည် ရွှီမိခင်၏ အနှစ်သက်ဆုံး ဖြစ်၏။
ထိုအကြောင်းကြောင့် ရွှီယန်က သူ့ကို ရိုက်နှက်ချင်နေခြင်း ဖြစ်သည်။ ရုတ်တရက် စိတ်ကူးတစ်ခု ရလာခဲ့၏။ ချန်းလန်ကျွန်းဆီသို့ ပြေးသွားရင်းမှ ၎င်း၏ ခန္ဓာကိုယ်က ဆက်တိုက် သေးငယ်သွားခဲ့သည်။ ကျွန်းသို့ ရောက်ရှိချိန်၌ အရွယ်အစားမှာ သာမန် မျက်လုံးနီကျား တစ်ကောင်လောက် ပြန်ဖြစ်သွားခဲ့၏။
သို့ရာတွင် အရွယ်အစားမှာ ဆက်လက် သေးငယ်နေဆဲ
ရှိသည်။
ကျွန်းပေါ်သို့ ရောက်ရှိသည်နှင့် ကြောင်နီ၏ အမွှေးများ ထောင်ထသွား၏။ စွမ်းအားကြီးမားသည့် အငွေ့အသက်၏ ပစ်မှတ်ထားခြင်း ခံရကာ အချိန်မရွေး ပြေးဝင်ရိုက်နှက်ခြင်း ခံရတော့မည့်နှယ် ရှိသည်။
နှလုံးသားက ထိတ်လန့်သွား၏။ ပတ်ဝန်းကျင်သို့ အရူးအမူး လိုက်လံကြည့်ရှုပြီးနောက် နောက်ဆုံးတွင် ရွှီမိခင်၏ ပုံရိပ်ကို တွေ့လိုက်ရသည်။ သူမဆီသို့ အမြန် ပြေးသွား၏။ သူ၏ ဦးခေါင်းထက်တွင် ဓါးဆန္ဒက ရစ်ဝဲနေပြီး အချိန်မရွေး တိုက်ခိုက်လာတော့မည်ဟု ခံစားနေရသည်။
ရွှီမိခင်ဆီသို့ ရောက်ရှိချိန်၌ သူသည် သာမန်ကြောင်တစ်ကောင်၏ အရွယ်အစားသို့ ရောက်ရှိနေပြီး ဖြစ်၏။
“မြှောင်၊ မြှောင်၊ မြှောင်…”
ပါးစပ်ကိုဖွင့်ကာ စတင်အသံပေးသည်။ ရွှီမိခင်၏ ခြေထောက်တွင် လှဲရင်းက ချစ်ဖို့ကောင်းစွာ ပြုမူ၏။
လီရွှမ် “…”
ကြောင်နီသည် ရွှီယန်အား အလွန် ကြောက်ရွံ့နေပြီး အရိုက်ခံရမည်ကို ရှောင်ရှားရန် သေးငယ်သည့် ကြောင်တစ်ကောင်အဖြစ် ပြောင်းလဲကာ ရွှီမိခင်ကို မျက်နှာချိုသွေးနေ၏။ ပြောရလျှင် ထိုလုပ်ရပ်က အမှန်တကယ်ကို အောင်မြင်ခဲ့သည်ဟု ဆိုရပေမည်။
ချစ်ဖို့ကောင်းသည့် ကြောင်နီကို ကြည့်ကာ ရွှီမိခင်က ပျော်ရွှင်သွားသည်။ ချက်ချင်းပင် စတင် သပ်ပေး၏။ ကြောင်နီက လဲလျောင်းကာဖြင့် ပိုမိုချစ််ဖို့ကောင်းအောင် ပြုမူသည်။
ကြောင်နီ၏ နတ်ဆိုးသားရဲအဖြစ် ပြောင်းလဲကာ တောင်တစ်ခုသဖွယ် ကြီးမားပုံမှာ အတွင်းဘက်နယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ စွမ်းအားကြီး ပုဂ္ဂိုလ် များစွာတို့ကို အံ့ဩသွားစေ၏။ ချန်းလန်ကျွန်းပေါ်ရှိ ထိုဆရာကြီးသည် အလွန် အနှိုင်းမဲ့လှသည်။ သူ၏ သားရဲပင်လျှင် အလွန် စွမ်းအားကြီးမား၏။
ချန်းလန်ကျွန်းပေါ်တွင် ပြန်လည် တည်ငြိမ်အေးဆေးလာခဲ့သည်။ ရွှီယန်၊ မုန့်ချုံနှင့် စုလင်းရှုံတို့ အားလုံးမှာ ကြိုးကြိုးစားစား ကျင့်ကြံနေကြ၏။ ရှီအာနှင့် ကျိုးယင်တို့လည်း တူညီစွာ ဖြစ်သည်။
ရွှီမိခင်က လွဲ၍ လူတိုင်းသည် ကိုယ့်ကိုယ်ကိုယ် ကျင့်ကြံခြင်း၌ နှစ်မြုပ်ထားကြသည်။ ထိုပုံကို တွေ့ရပြီးနောက် ရွှီမိခင်လည်း ပိုမို အားစိုက်လာ၏။ တစ်နေ့လျှင် တစ်နာရီခွဲကြာ ကျင့်ကြံသည်။
မြောက်ပိုင်း စွန့်ပြစ်ဒေသတွင် လင်းယွီဂိတ်တံခါးသည် လှိုင်းများထနေဆဲ ရှိ၏။ ထိုနေ့တွင် အထွတ်အထိပ်စစ်ဘုရင်တစ်ယောက် ၎င်းအား ကြုံတွေ့ခဲ့ပြီး စိတ်လှုပ်ရှားစွာဖြင့် အပြေး ချဉ်းကပ်သွားခဲ့သည်။ ခွန်အားအားလုံးကို အသုံးပြုကာ နောက်ဆုံးတွင် ဂိတ်တံခါးကို တွန်းဖွင့်ပြီး အတွင်းသို့ ဝင်ရောက်သွား၏။
အဝေးတစ်နေရာတွင် ထန်းပေါင်စံအိမ်မှ တစ်ဝက်တစ်ပြတ် ကောင်းကင်လူသား အုပ်စုက တိတ်ဆိတ်စွာ ကြည့်နေကြ၏။ ဤသည်မှာ အတွင်းဘက်နယ်မြေမှ စိတ်ဝိညာဉ်နယ်မြေသို့ ဝင်ရောက်သွားသည့် ပထမဆုံး စစ်ဘုရင်ဖြစ်သည်။
နာရီဝက်ကြာပြီးနောက် လင်းယွီ ဂိတ်တံခါး ပွင့်လာခဲ့ပြီး များပြားလှသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများ လွင့်ထွက်လာခဲ့သည်။ ရွံရှာသည့် အသံတစ်ခုကို ရေးတေးတေး ကြားရ၏။
“ဒီလို ခွေးလိုဝက်လိုကောင်ကို သတ်ရတာ တကယ်ပဲ လက်ညစ်ပက်တယ်”
လင်းယွီဂိတ်တံခါးသည် ပြန်ပိတ်သွားခဲ့၏။
မူလက လင်းယွီသို့ ဝင်ရောက်ချင်သွားသည့် တစ်ဝက်တစ်ပြတ် ကောင်းကင်လူသား အနည်းငယ်တို့သည် သူတို့၏ ဆန္ဒများကို ပြန်လည် ငြှိမ်းသတ်လိုက်ကြ၏။ နှလုံးသားက လေးလံစွာ ခံစားလိုက်ရသည်။
စံအိမ်သခင်ပြောခဲ့တာ မှန်၏။ အတွင်းဘက်နယ်မြေရှိ သိုင်းသမားများကို ကျွန်များ၊ ဝက်များ၊ ခွေးများကဲ့သို့သာ ဆက်ဆံကြသည်။
လင်းယွီရှိ စွမ်းအားကြီးပုဂ္ဂိုလ်များသည် အထက်စီးမှ
နေ၍ အတွင်းဘက်နယ်မြေရှိ သိုင်းသမားများကို အထင်သေးကြသည်။ ခဏတာအတွင်း ဒေါသဖြစ်မိကြ၏။ သို့ပေမယ့် အကူအညီမဲ့မှုနှင့် မျှော်လင့်ချက်မဲ့မှု ပိုမိုနေပါသည်။
“သဟွသိုင်းပညာရော”
ထိုအချိန်၌ သဟွသိုင်းပညာ လမ်းကြောင်းကို ပြောင်းလဲမည့် စိတ်ကူးက သူတို့၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။ သဟွအား အတွင်းဘက်နယ်မြေတွင် ကျင့်ကြံလျှင်လည်း ကန့်သတ်ခြင်း မခံရပဲ အဆုံးမသတ်နိုင်အောင် မြှင့်တင်နိုင်၏။
အတွင်းဘက်နယ်မြေမှ လူတိုင်းသာ သဟွသိုင်းပညာကို စတင်ကျင့်ကြံကြပါက တစ်နေ့တွင် ကောင်းကင်လူသားအဆင့် သိုင်းသမားများကဲ့သို့ စွမ်းအားကြီးလာကြမှာ ဖြစ်သည်။ ထိုအချိန်၌ လင်းယွီရှိ သိုင်းသမားများက သူတို့ကို အထင်သေးနိုင်ဦးမည်လား။ စော်ကားစွာ နင်းချေနိုင်ဦးမည်လား။
“စံအိမ်သခင်… လင်းယွီဂိတ်တံခါးရဲ့ ပေါ်လာမှုကို အခြားလူတွေကိုလည်း သတင်းဖြန့်ရအောင်.. အဲ့ဒါမှ သူတို့တွေ အခြေအနေမှန်ကို နားလည်လာကြမှာ။ ပြီးရင် မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်နိုင်လာကြလိမ့်မယ်”
တစ်ဝက်တစ်ပြတ် ကောင်းကင်လူသား တစ်ယောက်က လေးနက်စွာ ပြောသည်။
အခြားလူများ၏ အထင်သေးစော်ကားခြင်းကို ခံရသည်အား တွေ့ရပြီးနောက် အတွင်းဘက်နယ်မြေမှ သိုင်းသမားတစ်ယောက် အနေနှင့် အလွန် ယူကြုံးမရစွာ ခံစားရသည်။
“ကောင်းပြီ”
ခရမ်းရောင်သရဖူနှင့်လူက ခေါင်းညှိတ်သည်။
အတွင်းဘက်နယ်မြေတွင် သိုင်းဂိုဏ်းတစ်ခုသည် လက်ရှိအချိန်၌ ငယ်ရွယ်သည့် တပည့်များအား အတွင်းဘက်နယ်မြေ၏ သိုင်းပညာကို ဆက်လက်ကျင့်ကြံခိုင်းရမည်လား သဟွသို့ ပြောင်းလဲရမည်လားဟူ၍ ငြင်းခုန်နေကြ၏။
ဂိုဏ်း၏ အမွေအနှစ်မှာ ပြည့်စုံပြီး အထွတ်အထိပ် စစ်ဘုရင်အဆင့်သို့ တစ်ခါတည်း ကျင့်ကြံနိုင်ပါသည်။ သို့ပေမယ့် သဟွသိုင်းပညာမှာ လက်ရှိအချိန်၌ မူလအဆင့်သာ ရှိသေး၏။
ထို့အပြင် မူလအဆင့် ကျင့်စဉ်ကို ရရှိရန်အတွက် သဟွဆီသို့ သွားရောက်ရန် လိုအပ်သေးသည်။ ဂိုဏ်း၏ ဘိုးဘေးသည် အထွတ်အထိပ်အဆင့် စစ်ဘုရင်တစ်ယောက် ဖြစ်ပြီး တစ်ဝက်တစ်ပြတ် ကောင်းကင်လူသား အဆင့်သို့ ရောက်ရှိလုနီးပါး ရှိ၏။
သူသည် တံခါးပိတ် ကျင့်ကြံနေကာ ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့တွင် မပါဝင်ခဲ့မှုကြောင့် အသက်ရှင်ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
လူများသည် အိုမင်းလာသည့်အခါ ခေါင်းမာလာကြ၏။ သူသည် သဟွသိုင်းပညာအား ပြောင်းလဲကျင့်ကြံရန် ခွင့်ပြုခြင်းမရှိပဲ ဂိုဏ်း၏ အမွေအနှစ်တို့ကို မစွန့်လွှတ်နိုင်စွာ ရှိနေပါသည်။
ဘိုးဘေးက ပြောလာခဲ့ရာ သဟွသို့ ပြောင်းလဲမည်ဟူသည့် အသံများမှာ ဖိနှိပ်ခြင်း ခံလိုက်ရသည်။ ထိုနေ့တွင် ထိုအဖိုးကြီးသည် သတင်းတစ်ခုကို ရရှိပြီး စိတ်လှုပ်ရှားစွာဖြင့် ဂိုဏ်းမှ ထွက်ခွာသွားခဲ့၏။ မထွက်ခွာခင်တွင် ကောင်းကင်လူသား သွားဖြစ်တော့မည်ဟု စကားပါးခဲ့သေးသည်။
ချန်းပိန်မြေရှိ စိတ်ဝိညာဉ်နယ်မြေ ဂိတ်တံခါး၏ ရှေ့တွင်…အထွတ်အထိပ်စစ်ဘုရင် ဆယ်ယောက်ကျော်တို့ စုစည်းနေကြသည်။ အများစုမှာ အလွန် အိုမင်းကြ၏။
သူတို့သည် သက်ဆိုင်ရာ ဂိုဏ်းအသီးသီး၏ ဘိုးဘေးများဖြစ်ကာ သူတို့၏ စကားက အမိန့်သဖွယ် ရှိသည်။
“ဒီတစ်ကြိမ်မှာ အသက်ရှင်ရက် ပြန်လာတဲ့လူ ရှိမလား”
ထန်းပေါင်စံအိမ်ရှိ စွမ်းအားကြီးပုဂ္ဂိုလ် တစ်ယောက်က မေး၏။
“သူတို့က အရမ်းကို အိုမင်းလွန်းနေပြီ.. ဘာအလားအလာမှ မရှိတော့ဘူး.. ကျွန်ဖြစ်ဖို့တောင် အဆင့်မမှီဘူး.. သတ်ဖို့တောင် လက်ညစ်ပက်တယ် ထင်နေမှာ.. ဒါ့ကြောင့် အသက်ရှင်ရက် ပြန်ထွက်လာသူ ရှိမယ်ထင်တယ်”
ခရမ်းရောင်သရဖူနှင့်လူက ထူးမခြားနားစွာ ပြောသည်။
“ဘုန်း”
လင်းယွီဂိတ်တံခါးက ပွင့်လာခဲ့ပြီး အဖိုးကြီး ဆယ်ယောက်ကျော်တို့ ဝင်ရောက်သွားကြသည်။ တစ်နာရီပင် မကြာပဲ အားလုံး လွှင့်ပစ်ခံရကာ ဂိတ်မှ လွင့်စင်ပြီး ပြင်းထန်စွာ ပြုတ်ကျကြသည်။ သုံးယောက်ဆိုလျှင် သေဆုံးပြီး ဖြစ်၏။
ကျန်ရှိသည့် လူများ၏ မျက်နှာများလည်း ဖြူရော်နေပြီး အသက်ရှူမှုတို့ မတည်မငြိမ် ဖြစ်နေပါသည်။ ပိုမိုကာပင် အိုမင်းလာဟန် ရှိ၏။
ပါးစပ်ကလည်း ရေရွတ်နေသည်။
“ခွေးလို ဝက်လိုလား.. ငါတို့က ခွေးလို ဝက်လို လူတွေလား.. ကျွန်ဖြစ်ဖို့တောင် အဆင့်မမှီဘူးလား”
အတွင်းဘက်နယ်မြေတွင် သူတို့သည် ဘိုးဘေးအဆင့်များ ဖြစ်ကြသည်။ လင်းယွီသို့ ဝင်ရောက်ပြီးနောက်တွင်တော့ ခွေးတို့ ဝက်တို့ထက်ပင် ဘဝဆိုးနေ၏။ ယခုကဲ့သို့ စော်ကား နင်းချေမှုမျိုးကို မည်ကဲ့သို့ ခံနိုင်မည်နည်း။
မျက်လုံးများက ဒေါသဖြင့် လောင်ကျွမ်းနေပါသည်။
“စိတ်ဝိညာဉ်နယ်မြေက ခွေးကောင်တွေ.. ဒါကြီးက လွန်လွန်းသွားပြီ”
ထိုနေ့တွင် ဘိုးဘေးသည် ဂိုဏ်းသို့ ပြန်လာခဲ့ပြီးနောက် သဘောထားတို့ ပြောင်းလဲကာ သဟွသိုင်းပညာကို ပြောင်းလဲကျင့်ကြံရန် အခိုင်အမာ ထောက်ခံခဲ့သည။