အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ရာ့တစ်ဆယ်
Vol. 1 Ch. 10
"ဘာကိစ္စ မင်း ဒီလောက်ထိ အော်ကြီးဟစ်ကျယ် လုပ်နေတာလဲ.... မင်းရဲ့ စိတ်တည်ငြိမ်နိုင်မှုက မကောင်းသေးဘူးပဲ...မင်း စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေ ထပ်လုပ်ဖို့ လိုသေးတယ်" သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဂရုမစိုက်ဟန်ဖြင့် ထွက်လာသည်။
သူသည် အလယ်အလတ်တန်းစား ချီစုစည်းခြင်းဆေးလုံးကို ဖော်စပ်နိုင်သော ဆေးပညာရှင်တစ်ဦးပင်။
"ဒါက..."
တာဝန်ခံသည် အစေခံမလေး ကိုင်ထားသော ဆေးလုံးများကို မြင်တွေ့ချိန်၌ အစေခံမလေးထက် ကျယ်လောင်သော အသံဖြင့် အော်ဟစ်လိုက်သည်။
"အဆင့်မြင့် ချီစုစည်းခြင်းဆေးလုံးတွေပဲ"
"အိုး...ဒါတွေကို လက်နဲ့ ဘာလို့ကိုင်ထားတာလဲ ...ဒီဆေးလုံးက အရမ်းနုနယ်တာကြောင့် ကောင်းမွန်တဲ့ ကျောက်စိမ်းပုလင်းထဲမှာ ထည့်ထားဖို့ လိုတယ်လို့ ငါ ဘယ်နှစ်ခါ ပြောရမလဲ"
တာဝန်ခံလီက သူ၏ရင်ဘတ်ထဲမှ ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူပြီး ချီစုစည်းခြင်းဆေးလုံးများကို သေသေချာချာ ထည့်လိုက်သည်။
"မင်း ခုဏက ဘာပြောလိုက်တာလဲ... ဧည့်သည်က ဆေးလုံးတွေ ရောင်းချင်တယ်...ဟုတ်လား"
"ဟုတ်ကဲ့"
အစေခံမလေးက ခေါင်းညိတ်ပြပြီး ပြေုဆိုလိုက်သည်။
"ဒီဆေးလုံးတွေကို ရှေ့က လူနှစ်ယောက် ယူလာတာပါ....သူတို့က ဆေးလုံးတွေ ရောင်းချင်လို့တဲ့"
"ဒီတန်ဖိုးကြီးတဲ့ ဆေးလုံးတွေကို ဒီလူငယ်နှစ်ယောက်က ယူလာခဲ့တာလား"
တာဝန်ခံက ထိုသို့ပြောခြင်းမှာ မယဉ်ကျေးမှန်း သိရှိသွားပြီး အလျင်အမြန် ပြန်ပြောလိုက်သည်။
"ဧည့်သည်တော်... ဒီဆေးလုံးတွေက ရောင်းဖို့လား"
"ကျွန်မတို့က ဒီဆေးလုံးတွေ ရှင်ကို ပေးတာက ရောင်းချင်လို့ပေါ့ မဟုတ်ရင် စစ်ဆေးခိုင်းပါ့မလား"
ချင်းချင်းက ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုလိုက်၏။ ယခင်က သူမ လက်လှမ်းမမီနိုင်သော ကျွယ်မင်ခန်းမဆောင်၏တာဝန်ခံမှ ဤမျှထိ ယဉ်ကျေးစွာ ဆက်ဆံနေခြင်းအတွက် သူမ မျက်နှာပွင့်သည်ဟု ခံစားလိုက်ရသည်။
"မေးပါရစေ... မင်းရဲ့ တန်ဖိုးကြီးတဲ့ ဆေးလုံးတွေက ဘယ်ကရတာလဲ"
တာဝန်ခံက အပြုံးဖြင့် မေးလိုက်သည်။ သူ၏အပြုံးတွင် မြှောက်ပင့်ဖားယားခြင်း အရိပ်အယောင်များ ပါဝင်နေသည်။
ချင်းမင်က အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏မျက်နှာ အေးစက်တင်းမာသွားကာ အော်ဟစ်လိုက်၏။
"ဘာဖြစ်လို့လဲ....ကျွယ်မင်ခန်းမဆောင်က ဆေးလုံးရဲ့ ဇစ်မြစ်ကိုတောင် စုံစမ်းသေးတာလား...ဒီဆေးလုံးတွေက ခုလေးတင်မှ ဖော်စပ်ထားတာကို ခင်ဗျား သတိထားမိမှာပါ....ဒီလိုဆေးလုံးမျိုးကမမှန်ကန်တဲ့ လမ်းကြောင်းကနေ ရလာနိုင်ပါ့မလား"
"မဟုတ်ဘူး... မဟုတ်ပါဘူး...အဲ့ဒီလိုသဘော မဟုတ်ပါဘူး"
တာဝန်ခံလီက သူ၏လက်ကို အလျင်အမြန်ဝှေ့ယမ်းပြီး တောင်းပန်လိုက်သည်။
"ညီလေး... ငါက အဲ့လို ဆိုလိုတာ မဟုတ်ပါဘူး... ဆေးလုံးက တကယ့်ကို တန်ဖိုးကြီးလွန်းလို့ ငါ မနေနိုင်ဘဲ ပြောလိုက်မိတာပါ"
"ကျွယ်မင်ခန်းမဆောင်မှာ ဒီလိုစည်းမျဉ်းမျိုး လုံးဝမရှိပါဘူး....မင်း စိတ်ချပါ..."
"အစ်ကို... ထားလိုက်ပါတော့ လျိုမြို့က ဝေးလံခေါင်ဖျားပြီးတော့ အဆင့်မြင့်ဆေးလုံးတွေ ရှားပါးတာကို အစ်ကိုလည်း သိသားပဲ... တာဝန်ခံလီ သိချင်တာက ပုံမှန်ပါပဲ"
ညီမဖြစ်သူ ချင်းချင်းက သူမအစ်ကို၏ လက်မောင်းကို ကိုင်ကာ ညင်သာစွာ ပြောဆိုလိုက်သည်။
ချင်းချင်း၏စကားကို ကြားချိန်၌ ချင်းမင်၏ အမူအယာ များစွာ ပြောင်းလဲသွားပြီး သူ၏လက်ကို ဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။
"တာဝန်ခံလီ... ခင်ဗျား ဈေးနှုန်းတစ်ခုကို သတ်မှတ်လို့ရတယ်...ဒီဆေးလုံးအလုံးနှစ်ဆယ်က စုစုပေါင်း စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်ရမလဲဆိုတာ ကြည့်ပေးပါ"
"နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်"
တာဝန်ခံက အချိန်တခဏကြာ တိတ်ဆိတ်သွားပြီး ပြောဆိုလိုက်၏။
"ဒီလိုလုပ်ရင်ရော ဘယ်လို သဘောရလဲ...ဒီဆေးလုံးအလုံးနှစ်ဆယ်က အရမ်းတန်ဖိုးကြီးတယ်...ကျွန်တော်တို့ခန်းမဆောင်ရဲ့ စည်းမျဉ်းအရ အမြင့်ဆုံးဈေးနှုန်းကို ပေးပါ့မယ်... အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ရာ့တစ်ဆယ် ဒီလိုဆို အဆင်ပြေမလား..."
ချင်းမင်က ခေါင်းညိတ်လိုက်သည်။ ဤဈေးနှုန်းသည် အလွန်ပင် ကျိုးကြောင်းဆီလျော်ပေ၏။
တာဝန်ခံလီက ဤဈေးနှုန်းကို ပေးနိုင်ခြင်းမှာ သူ့ကို ကောင်းကောင်း ဆက်ဆံလိုသောကြောင့် ဖြစ်ပေမည်။
"ကောင်းပြီ ဒီအတိုင်းပဲ လုပ်ကြတာပေါ့"
ချင်းမင်က သူ၏လက်ကိုဝှေ့ယမ်းကာ တိုက်ရိုက်ပြေုဆိုလိုက်သည်။
ဆေးလုံးအနည်းငယ်မျှသာဖြစ်ပြီး သူ အလိုရှိသလို ဖော်စပ်နိုင်သည်။ သူ့အတွက် စိတ်ဝိညာဉ်ကျောက်တုံးများမှာ မစင်ကဲ့သို့ ဖြစ်သည်။
သူ ဆေးလုံးသူတော်စင် ဖြစ်လာကတည်းက သူ့ထံ၌ စိတ်ဝိညာဉ်ကျောက်တုံးများ တစ်ကြိမ်တစ်ခါမျှ မရှားပါးခဲ့ပေ။
ထို့ပြင် သူသည် ယခုအချိန်၌ ဆေးနတ်ဘုရားတစ်ဦးဖြစ်ပြီး နတ်ဘုရားအဆင့် ပါရမီအရည်အချင်းရှိသော ဆေးနတ်ဘုရားတစ်ဦးလည်း ဖြစ်သည်။
သူသာ ဤဆေးလုံးများကို ဖော်စပ်လိုပါက တစ်နေ့လျှင် ဆေးလုံးရာပေါင်းများစွာ ဖော်စပ်နိုင်ပြီး ဤကဲ့သို့ အကွက်ခုနစ်ကွက်ပါ အမှိုက်ဆေးလုံးမျိုးလည်း မဟုတ်ပေ။
အကွက်ခုနစ်ကွက်ပါ ဆေးလုံးသည် ချင်းမင်၏ ဆေးနတ်ဘုရား အစွမ်းအတွက် အမှိုက်သာ ဖြစ်ပေ၏။
"ဧည့်သည်တွေအတွက် စိတ်ဝိညာဉ်ကျောက်တုံးတွေ သွားမယူသေးဘူးလား"
တာဝန်ခံက အံ့ဩနေသော အစေခံမလေးကို ကြည့်ကာ အော်ဟစ်လိုက်သည်။
ထိုအချိန်ကျမှသာ အစေခံမလေးသည် ကြီးမားသော စိတ်ဝိညာဉ်ကျောက်တုံး အရောင်းအဝယ်မှ နိုးထလာပြီး အနောက်ခန်းသို့ အလျင်အမြန် လျှောက်လှမ်းသွားတော့သည်။