ကျင့်ကြံခြင်း
Vol. 1 Ch. 12
ကောင်းကင်စိတ်ဝိညာဥ်သည် လူ့ခန္ဓာကိုယ်၏ နဖူးပြင်တွင် တည်ရှိပြီး စိတ်ဝိညာဉ်အမြစ်သည်လည်း ထိုနေရာ၌ပင် ကိန်းအောင်းနေသည်။
ထို့ကြောင့် စိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူရာတွင် လျင်မြန်ပြီး ဆုံးရှုံးမှုလည်း မရှိပေ။
ဟုန်ယွမ်ကျင့်စဉ်၏ အားနည်းချက်မှာ ကျင့်ကြံရန် လိုအပ်သော စိတ်ဝိညာဉ်စွမ်းအားသည် တခြားသော ကျင့်ကြံနည်းစနစ်များထက် ဆယ်ဆပိုများနေခြင်းပင်။
ဟုန်ယွမ်ကျင့်စဉ်ကို ကျင့်ကြံရာတွင် စိတ်ဝိညာဉ်စွမ်းအားများစွာ လိုအပ်ရသည့် အကြောင်းရင်းမှာ အဆင့်တစ်ခုစီတိုင်းကို ဆယ်ကြိမ်တိုင်တိုင် လေ့ကျင့်ရန် လိုအပ်သောကြောင့် ပင်။
အကြိမ်တိုင်းတွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားသောအခါ ကျင့်ကြံသူသည် သူ၏ကျင့်ကြံမှုကို ဖျက်သိမ်းပြီး ပြန်လည်ကျင့်ကြံရပေမည်။ ဤကဲ့သို့နည်းလမ်းဖြင့် စုစုပေါင်း ဆယ်ကြိမ်တိုင်တိုင် ကျင့်ကြံရပေမည်။
ထိုကျင့်စဉ်မှ စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူသည့်နှုန်းသည် မူလကတည်းက နှေးကွေးနေသည့်အပြင် ဆယ်ကြိမ်တိုင်တိုင် ပြန်လည်ကျင့်ကြံပေမည်။ ထို့ကြောင့် ကျင့်ကြံသူသည် တသက်လုံး အဆင့်တက်နိုင်မည် မဟုတ်ဟု ခန့်မှန်းနိုင်ပေ၏။
သို့သော် ဤအရာများသည် ချင်းမင်အတွက် ပြဿနာမဟုတ်ချေ။
သူသည် နတ်ဘုရားအဆင့် ဆေးပညာရှင်တစ်ယောက်ဖြစ်ရာ လေထုအတွင်းရှိ သေးငယ်သော စိတ်ဝိညာဉ်စွမ်းအားပမာဏကို စုပ်ယူရန် မလိုအပ်ပေ။
သူသည် ဆေးလုံးများကို စားသုံး၍ရပေ၏။
ဆေးလုံးအဆိပ်အတွက်မူ ချင်းမင်က လျစ်လျူရှုထားသည်။ ပထမဆုံးအနေဖြင့် သူသည် ပြီးပြည့်စုံခြင်စအဆင့် ဆေးလုံးများကိုသာ သုံးစွဲနိုင်သည်။ ဒုတိယအချက်မှာ ချင်းမင်တွင် ဆေးနတ်ဘုရားခန္ဓာကိုယ်၏ပါရမီအရည်အချင်း ရှိနေခြင်းပင်။
ဆေးနတ်ဘုရားခန္ဓာကိုယ်သည် အဆိပ်များအားလုံးကို ခုခံကာကွယ်နိုင်သည်။ ထို့ကြောင့် သေးငယ်သော ဆေးလုံးအဆိပ်ဟူသည်ကို သူ အဘယ်ကြောင့် အရေးစိုက်ရမည်နည်း။
ထိုသို့ဖြစ်နေသောကြောင့် တခြားလူများအတွက် ဤကျင့်စဉ်ကို လေ့ကျင့်ခြင်းသည် ဒုက္ခရှာခြင်းသက်သက်ပင်။
သို့သော် ချင်မင်အတွက်မူ ဤကျင့်စဉ်သည် သူ့အတွက် အထူးဖန်တီးထားသကဲ့သို့ ဖြစ်နေသည်။
ယုန်ယွမ်ကျင့်စဉ်ကို ဆယ်ကြိမ်တိုင်တိုင် လေ့ကျင့်ရန် လိုအပ်သည့်အကြောင်းအရင်းမှာ အခြေခံအုတ်မြစ်ကို အာရုံစိုက်သောကြောင့်ပင်။
ကိုးကြိမ်လေ့ကျင့်ပြီး ကိုးကြိမ်ပြန်လည်ကျင့်ကြံခြင်းသည် သူ၏ခန္ဓာကိုယ်အတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချပေးခြင်းဖြစ်သည်။ ဒသမအကြိမ်မြောက် လေ့ကျင့်မှုတွင် သူသည် အခက်အခဲများကို ကျော်လွှားပြီး ထောပတ်ကို ဓားပူဖြင့်လှီးသကဲ့သို့ လွယ်ကူစွာ အဆင့်တက်နိုင်ပေမည်။
ထို့ကြောင့် ဟုန်ယွမ်ကျင့်စဉ်ကို သူ ကျင့်ကြံရန်အတွက် အတားအဆီးများ မရှိချေ။
ဤသည်မှာ ထိုကျင့်စဥ်၏ပထမဆုံးအားသာချက်ပင်။
ဒုတိယအားသာချက်မှာ ကျင့်ကြံသူ၏ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်ပြီး နတ်ဘုရားအဆင့် ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ်များထက်ပင် ပို၍ကောင်းမွန်သည်။
ချင်မင်၏နားလည်မှုအရ ဟုန်ယွမ်ကျင့်စဉ်ကဲ့သို့ ကြမ်းတမ်းခက်ထန်သော နတ်ဘုရားကျင့်စဉ်မျိုး မရှိပေ။ တစ်စုံတစ်ယောက်သည် ခန္ဓာကိုယ်ကို ကိုးကြိမ်တိုင်တိုင် ကျင့်ကြံရသည်မှာ နောက်ပြောင်စရာ ကိစ္စတစ်ရပ် မဟုတ်ပေ။
ဟုန်ယွမ်ကျင့်စဉ်၏အမြင့်ဆုံးအဆင့်ကို ကျွမ်းကျင်သောသူ၏ ခန္ဓာကိုယ်ကို ရှေးဟောင်းသားရဲကောင်ကြီးတစ်ကောင်နှင့်ပင် နှိုင်းယှဉ်နိုင်လောက်သည်။
"ကောင်းပြီ...ငါ ဆုံးဖြတ်လိုက်ပြီ...ငါက ဟုန်ယွမ်ကျင့်စဉ်ကိုပဲ ကျင့်ကြံတော့မယ်"
ချင်းမင်က သူ၏စိတ်ထဲတွင် ကျင့်စဉ်ကို ပြန်လည်အမှတ်ရလိုက်ပြီး ပလ္လင်ခွေထိုင်ကာ ဟုန်ယွမ်ကျင့်စဉ်ကို စတင်ကျင့်ကြံလိုက်သည်။
လမင်းသည် ရှက်တတ်သော မိန်းကလေးငယ်တစ်ဦးကဲ့သို့ မျက်စိတစ်မှိတ်အတွင်း တိမ်တိုက်များထဲသို့ ပုန်းကွယ်သွားပြီး ပျောက်ကွယ်သွားသည်။
'ဟုန်ယွမ်ကျင့်စဉ်က တကယ့်ကို ခက်ခဲတာပဲ'
ချင်းမင်က သက်ပြင်းရှည်ကြီးတစ်ချက်ချကာ သူ၏ကျင့်ကြံမှုကို အဆုံးသတ်လိုက်၏။ သူ၏ခန္ဓာကိုယ်ပေါ်မှ ချီစွမ်းအားသည်လည်း စစ်သည်တော်နယ်ပယ် တတိယအဆင့်တွင် တည်ငြိမ်သွားခဲ့သည်။
'ဟုန်ယွမ်ကျင့်စဉ်က အရမ်းခက်ခဲတာကြောင့်သာ မဟုတ်ရင် ငါ့ အတွက် နေ့လယ်ခင်းတစ်ခုပဲ လိုအပ်တယ်...အဝါရောင်အဆင့် ကျင့်စဉ်တစ်ခုဖြစ်နေရင်တောင် ငါက စစ်သည်တော်နယ်ပယ် စတုတ္ထအဆင့်အထိ ကျင့်ကြံလို့ရတယ်...ဘာလို့ စစ်သည်တော်နယ်ပယ် တတိယအဆင့်မှာ ရပ်နေရမှာလဲ"
တခြားလူများသာ ချင်မင်၏သက်ပြင်းချသံကို ကြားလျှင် ရှက်လွန်း၍ သေသွားကြပေလိမ့်မည်။ ချင်းမင်သည် နေ့လယ်ခင်းတစ်ခုတည်းသာ အချိန်ယူခဲ့ပြီး အဆင့်နှစ်ဆင့် တက်သွားခဲ့သော်လည်း သူသည် စိတ်မကျေနပ်သေးချေ။
စစ်သည်တော်နယ်ပယ်သို့ ရောက်ရန် ခြောက်လကြာအောင် ကျင့်ကြံခဲ့ရသော ကျင့်ကြံသူများဆိုလျှင် မျက်ရည်များပင် သွန်ချမိကြပေလိမ့်မည်။
"ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးရဲ့ အကူအညီသာ မရှိခဲ့ရင် ငါက ဘယ်တော့မှ အဆင့်တက်နိုင်မှာလဲ...ဒါက အဝါရောင်အဆင့် ကျင့်စဉ်လို့ခေါ်ထိုက်တာ အမှန်ပဲ..."
ယနေ့နေ့လယ်ခင်းတွင် ချင်မင်သည် ချီသန့်စင်ခြင်းဆေးလုံးတစ်အိုး ဖော်စပ်ခဲ့သည်။ ထိုဆေးအိုးမှရရှိသော ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံး အလုံး ၂၀ ကို သူတစ်ယောက်တည်း အသုံးပြုခဲ့သည်။
ထိုချီစုစည်းခြင်းဆေးလုံးများကြောင့် ချင်းမင်၏နယ်ပယ်သည် စစ်သည်တော်နယ်ပယ် တတိယအဆင့်သို့ အတင်းအကျပ် တွန်းတင်ခံခဲ့ရသည်။
ဤကျင့်ကြံနည်းစနစ်သည် ခန္ဓာကိုယ်တစ်ခုလုံးမှ စိတ်ဝိညာဉ်စွမ်းအားများ စုပ်ယူရန် လိုအပ်သည့် အကြောင်းအရင်းမှာ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ခန္ဓာကိုယ်ကို သန့်စင်စေရန်အတွက်ပင်။ ဆေးလုံးမှ ထုတ်ပေးသော စိတ်ဝိညာဉ်စွမ်းအားအများစုကို ခန္ဓာကိုယ်မှ စုပ်ယူသွားသောကြောင့် ချင်းမင်သည် အဆင့်နှစ်ဆင့်သာ တက်နိုင်ခဲ့ခြင်း ဖြစ်ပေ၏။
ချင်းမင်သည် လက်သီးကို ဆုပ်လိုက်ရင်း သူ၏ခန္ဓာကိုယ်ခွန်အား ပို၍သန်မာလာသည်ကို ခံစားလိုက်ရသည်။ အစပိုင်းတွင် သူက ဤကျင့်စဉ်သည် ဖျက်ဆီးပြီး ပြန်လည်စတင်ရန် လိုအပ်သောကြောင့် သူ၏ခန္ဓာကိုယ် သန်မာလာရန် အချိန်လိုအပ်သည်ဟု တွေးထင်ခဲ့သည်။
ယခုမူ ဟုန်ယွမ်ကျင့်စဉ်ကိုယ်တိုင်သည် စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူနေပြီး တစ်ချိန်တည်းမှာပင် သူ၏ရုပ်ခန္ဓာကိုယ်ကို သန့်စင်ပေးနေသည်အား သူ သိလိုက်ရလေပြီ။
"ကြည့်ရတာတော့ ဟုန်ယွမ်ကျင့်စဉ်ရဲ့ ခန္ဓာကိုယ်သန့်စင်နိုင်စွမ်းက ငါထင်ထားတာထက် အများကြီး ပိုအားကောင်းတဲ့ပုံပဲ"
"ဒါလည်း ကောင်းတာပဲ...ဒီလိုဆိုရင် ငါ့ရဲ့အခြေခံအုတ်မြစ်က ပိုခိုင်မာလာပြီးတော့ စိုးရိမ်စရာမရှိဘဲ အဆင့်တက်နိုင်တော့မယ်"
ကောင်းကင်ပေါ်ရှိ လကိုကြည့်ရင်း ချင်းမင်၏ မျက်လုံးများ ချက်ချင်းအေးစက်တင်းမာသွားသည်။ ယနေ့ညသည် ကျောက်မိသားစု၏ သေဆုံးရမည့်နေ့ ဖြစ်လာပေလိမ့်မည်။