ကျောက်မိသားစု
Vol. 1 Ch. 13
ညဉ့်နက်သန်းခေါင်ယံအချိန် လျိုမြို့အတွင်းတွင် ပုရစ်အနည်းငယ်၏ ငြီးငွေ့ဖွယ် အော်သံများသာရှိပြီး လမ်းများပေါ်တွင် မည်သူမျှ မရှိပေ။
ရုတ်တရက် အနက်ရောင်အရိပ်တစ်ခုက လျိုမြို့၏လမ်းပေါ်တွင် ထွက်ပေါ်လာပြီး တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။
"ဒါက ကျောက်အိမ်တော် ဖြစ်ရမယ်..."
ချင်းမင်က ခမ်းနားထည်ဝါသော အိမ်ကြီးကို ကြည့်ရင်း တိုးတိုးရေရွတ်လိုက်သည်။
ချင်းမင်က သူ့ ခြေဖျားဖြင့် တို့ထိလိုက်ရာ သူ၏ခြေထောက်အောက်တွင် အပေါက်ငယ်တစ်ခု ပေါ်လာသည်။ ချင်းမင်က သူ၏ကျောပိုးအိတ်ထဲမှ စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ယူကာ အပေါက်ထဲသို့ ပစ်ထည့်လိုက်သည်။ စိတ်ဝိညာဉ်ကျောက်တုံးသည် ထိုအပေါက်ထဲသို့ တိကျစွာ ပြုတ်ကျသွားလေ၏။
ထို့နောက် ချင်းမင်သည် ကျောက်အိမ်တော်ကို လှည့်ပတ်၍ စတင်ပြေးလွှားလိုက်သည်။ သူ ပြေးနေရင်း မြေကြီးထဲသို့ စိတ်ဝိညာဉ်ကျောက်တုံးများကို ပစ်ထည့်သွားသည်။
မကြာမီပင် ချင်မင်သည် ကျောက်အိမ်တော်တစ်ခုလုံးကို တစ်ပတ်ပြေးပတ်ပြီးနောက် ကျောက်အိမ်တော်၏ ရှေ့တံခါးဝသို့ ပြန်ရောက်လာသည်။ ချင်မင်၏ကျောဘက်မှ အိတ်သည်လည်း ဗလာကျင်းသွားလေပြီ။
"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၈ တုံးက တတိယအဆင့် စိတ်ရှုပ်ထွေးမှုဝင်္ကပါတစ်ခု ဖွဲ့စည်းဖို့ လုံလောက်တယ်"
စိတ်ရှုပ်ထွေးမှုဝင်္ကပါသည် တိုက်ခိုက်ရာတွင် အကျိုးသက်ရောက်မှု မရှိဘဲ လူများကို ထွက်ပြေးခြင်းမှ တားဆီးရန်နှင့် အသံကို ဖြတ်တောက်ရန်သာ တတ်နိုင်သည်။ ထို့ပြင် ချင်းမင်သည် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများကိုသာ အသုံးပြုခဲ့သောကြောင့် စိတ်ရှုပ်ထွေးမှုဝင်္ကပါကို လေးနာရီသာ အသုံးပြုနိုင်မည် ဖြစ်သည်။ သို့ရာတွင် ချင်းမင်အတွက် လေးနာရီသည် ကျောက်မိသားစုကို ဖျက်ဆီးရန် လုံလောက်သည်ထက် ပိုနေပေ၏။
"စိတ်ရှုပ်ထွေးမှု ဝင်္ကပါ..."
ချင်းမင်က မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုကာ ဝင်္ကပါထဲသို့ ဝင်ရောက်သွားသည်။ ချက်ချင်းဆိုသလိုပင် ဝင်္ကပါ၏ အပြင်ဘက်နှင့် အတွင်းဘက်သည် သီးခြားကမ္ဘာနှစ်ခု ဖြစ်သွားသည်။
"ဆေးနတ်ဘုရားခန္ဓာကိုယ်..တိုက်ခိုက်စမ်း.."
ချင်းမင်၏နောက်ကျောမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ချင်းမင်၏ချီစွမ်းအားသည် တဖြည်းဖြည်း မြင့်တက်လာပြီး ချက်ချင်းဆိုသလိုပင် သိုင်းအကြီးအကဲနယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိသွားလေ၏။။
"ကျောက်မိသားစု...အကြွေးဆပ်ရမယ့်အချိန်တန်ပြီ"
ချင်းမင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏အသံသည် ကျောက်အိမ်တော်ထဲတွင် အချိန်အတော်ကြာ ပဲ့တင်ထပ်သွားခဲ့သည်။
"ရန်သူ တိုက်ခိုက်တယ်..."
"ဘယ်သူလဲ..."
ငြိမ်းချမ်းနေသော ကျောက်မိသားစုသည် ထိုအော်ဟစ်သံကြောင့် ဖရိုဖရဲ ဖြစ်သွားသည်။
သံမဏိနက်ဖြင့် ပြုလုပ်ထားသော ကျောက်မိသားစု၏တံခါးမကြီးသည် ချင်းမင်၏ လက်ချက်ဖြင့် အပိုင်းပိုင်းကြေမွှပျက်စီးသွားပေ၏။
ချင်းမင်သည် ယနေ့ညတွင် ကျောက်မိသားစုဝင်အားလုံးကို သတ်ရန် ဆုံးဖြတ်ထားသည်။ သူ၏ယခင်ဘဝတွင် ကျောက်မိသားစုက ချင်းမိသားစုအပေါ် ပြုမူခဲ့သမျှကို ယနေ့တွင် သူက ကျောက်မိသားစုအပေါ် ပြန်လည်ပြုမူပေမည်။
အဖြူရောင်ဝတ်စုံများ ဝတ်ဆင်ထားသော ကျောက်မိသားစု၏ အစေခံတချို့သည် ကျိုးပဲ့နေသော တံခါးမှ ဝင်လာသော ချင်းမင်ကို မြင်လိုက်ရသည်။ သူတို့သည် ကျယ်လောင်စွာ အော်ဟစ်ကာ သူတို့နှင့်အတူ ဆောင်ထားသော အပြာရောင်ဓားများကို ထုတ်ယူပြီး ချင်မင်ထံသို့ ထိုးစိုက်လိုက်ကြသည်။
ချင်မင်က သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ ထိုအစေခံများသည် မြောက်တက်သွားပြီး ကျောက်နံရံကို ဆောင့်မိသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် အသက်ရှူရပ်တန့်သွားကြ၏။
ထိုအချိန်တွင် ကျောက်မိသားစုမှလူများ ပို၍များပြားစွာ စုရုံးရောက်ရှိလာကြသည်။ သူတို့ထဲတွင် ကျောက်မိသားစု၏ အကြီးအကဲတချို့လည်း ပါဝင်သည်။ ယမန်နေ့နံနက်က ချင်းအိမ်တော်ရှေ့တွင် ထွက်ပေါ်လာခဲ့သော အကြီးအကဲသည်လည်း ချင်မင်၏ရှေ့သို့ ရောက်ရှိလာသည်။
"မင်းကိုး...ငါ မနေ့က မင်းကိုမသတ်ခဲ့တာ မင်းကံကောင်းတယ်မှတ်...အခု မင်းက ဒီကိုလာရဲသေးတယ်ပေါ့"
"သူက ဘယ်သူလဲ"
မျက်ခုံးနီနှင့်အဘိုးအိုတစ်ဦးက မေးမြန်းလိုက်သည်။ သူသည်လည်း ကျောက်မိသားစု၏ အကြီးအကဲတစ်ဦးဖြစ်ပြီး သူ၏စွမ်းအားသည် သိုင်းဆရာကြီးနယ်ပယ် တတိယအဆင့်တွင် ရှိသည်။
"သူက ချင်မိသားစုခေါင်းဆောင်ရဲ့သားပဲ...ဒီနေ့ ကျောက်အာကို ရိုက်နှက်ခဲ့တာ သူပဲ.."
"ဒါဆို သူကိုး..."
မျက်ခုံးနီနှင့် အကြီးအကဲဟုန်မေက ပြောဆိုလိုက်သည်။
"သူက ဒီနေရာကိုလာရဲတယ်ပေါ့... ငါတို့ကို အမှိုက်တွေများ မှတ်နေသလား..."
ထိုသို့ပြောဆိုပြီးနောက် အကြီးအကဲ ဟုန်မေသည် သူ၏လက်ကို ဆန့်တန်းကာ ချင်မင်ထံသို့ ဖမ်းဆုပ်လိုက်သည်။
'မိုးပျံလင်းယုန်သိုင်းကွက်....'
အကြီးအကဲဟုန်မေ၏ သက်ဝင်လှသော လင်းယုန်လက်သည်းကို ကြည့်ရင်း တခြားအကြီးအကဲများသည် သူတို့အချင်းချင်း ဆွေးနွေးနေကြ၏။
"ကြည့်ရတာတော့ အကြီးအကဲ ဟုန်မေရဲ့ မိုးပျံလင်းယုန်သိုင်းနည်းစနစ်က အများကြီး တိုးတက်လာပုံပဲ... ဒါပေမဲ့ ချင်းမိသားစုက လူငယ်လေးတစ်ယောက်အတွက် ဒီလောက်ထိ အစွမ်းထက်တဲ့ မိုးပျံလင်းယုန်သိုင်းနည်းစနစ်ကို သုံးဖို့လိုလို့လား"
"ချင်းမိသားစုက ဒီကောင်လေးက အရမ်းမောက်မာနေမှတော့ သူ့အဖေကိုယ်စား ငါတို့က သူ့ကို ကောင်းကောင်းသင်ခန်းစာပေးသင့်တယ်"
သူ၏ရှေ့မှ လင်းယုန်လက်သည်းကို ကြည့်ရင်း ချင်မင်၏ မျက်နှာအမူအယာသည် မပြောင်းလဲဘဲ ရှိနေသည်။ သူသည် နေရာတွင် မလှုပ်မယှက် ရပ်နေပေ၏။ ထို့နောက် သူ၏လက်သီးကို စုစည်းလိုက်ရာ အနက်ရောင်ကျားတစ်ကောင်၏ပုံရိပ်ယောင် ထွက်ပေါ်လာသည်။ ထိုအရာသည် ချင်မင်၏ လက်သီးနောက်သို့ လိုက်ပါသွားပြီး လင်းယုန်လက်သည်းထံဦးတည်ကာ ထိုးနှက်လိုက်သည်။