တားမြစ်ကျင့်စဉ်
Vol. 1 Ch. 14
"မင်းက သေချင်နေတာပဲ"
ချင်းမင်က မရှောင်တိမ်းဘဲ သူ၏လင်းယုန်လက်သည်းကို ထိပ်တိုက်ရင်ဆိုင်ရဲသည်ကို မြင်ချိန်၌ အကြီးအကဲဟုန်မေသည် သူ၏စွမ်းအားကို မထိန်းချုပ်တော့ဘဲ တိုးမြှင့်လိုက်သည်။
နူးညံ့သောလက်သီးသည် သံမဏိတမျှ မာကျောသော လင်းယုန်လက်သည်းနှင့် တိုက်မိသွားသည်။ သို့ရာတွင် သံမဏိတမျှ မာကျောသော လင်းယုန်လက်သည်းသာလျှင် ကြေမွှပျက်စီးသွားပေ၏။ "ဂျွတ်" ဟူသော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် အကြီးအကဲဟုန်မေ၏ နာကျင်စွာအော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
"ငါ့ လင်းယုန်လက်သည်း..."
အကြီးအကဲဟုန်မေက နာကျင်စွာ အော်ဟစ်လိုက်သည်။ သံမဏိကဲ့သို့ မာကျောသော သူ၏လင်းယုန်လက်သည်းသည် ရွှံ့တစ်တုံးအဖြစ်သို့ ပြောင်းလဲသွားပြီး ဆိုးရွားစွာ ပုံပျက်ပန်းပျက် ဖြစ်သွားသည်။
"စိတ်ဝိညာဉ်ချီ အသွင်ပြောင်းခြင်း... မင်းက သိုင်းအကြီးအကဲအဆင့်မှာရှိတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ"
ကျောက်မိသားစု၏အကြီးအကဲတချို့က ချင်းမင်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ကြသည်။
ကောင်းကင်ဘုံသည် သူတို့ကို ကျီစယ်စနောက်နေသလော...
ချင်မင်သည် အလွန်ငယ်ရွယ်ပြီး အရွယ်ရောက်ခါစသာ ရှိသေးပုံပင်။
အရွယ်ရောက်ခါစ လူငယ်လေးတစ်ဦးသည် သိုင်းအကြီးအကဲအဆင့်မှ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး ဖြစ်နေသည်။ ဤအချက်သည် သူတို့ကို ရှက်ရွံ့စေပေ၏။
လျိုမြို့တစ်ခုလုံးတွင် အင်အားအကြီးဆုံး လူတစ်စုသည် မဟာသိုင်းဆရာကြီးအဆင့်တွင်သာ ရှိသည်။ လျိုမြို့မှ မြို့တော်ဝန်ပင်လျှင် မဟာသိုင်းဆရာကြီးနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံမှုသာ ရှိသည်။ သိုင်းအကြီးအကဲအဆင့်သည် မဟာသိုင်းဆရာကြီးအဆင့်ထက် နယ်ပယ်တစ်ခု ပိုမြင့်မားသည်။
သူတို့၏စွမ်းအားများတွင် ကြီးမားသော ကွာခြားမှု ရှိနေသည်။
ချင်းမင်က ကျောက်မိသားစုဝင်များ၏အံ့အားသင့်မှုကို ဂရုမစိုက်ချေ။ သူသည် အကြီးအကဲ ဟုန်မေ၏ရင်ဘတ်ကို သူ၏လက်သီးဖြင့် နောက်တစ်ကြိမ် ထိုးနှက်လိုက်သည်။
"သိုင်းအကြီးအကဲအဆင့်..."
အကြီးအကဲ ဟုန်မေက ချင်မင်၏ ပုံမှန်မဟုတ်သော အခြေအနေကို သတိပြုလိုက်မိသည်။ သူသည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားပေ၏။
"ဘာဖြစ်နေကြတာလဲ....မင်းတို့ထဲက ဘယ်သူမှ ဒီကို လာမချရဲတော့ဘူးလား... မင်းတို့အားလုံး ငါ့ကိုသတ်ချင်နေတာ မဟုတ်ဘူးလား... လာကြလေ"
ချင်းမင်၏အော်ဟစ်သံနောက်တွင် အကြီးအကဲများအားလုံး နောက်ဆုတ်သွားကြသည်။
"မင်းက ဒီလောက်ထိ မောက်မာရဲတယ်ပေါ့"
ခမ်းနားထည်ဝါသော အဝတ်အစားများ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်လာသည်။
"မိသားစုခေါင်းဆောင်..."
ထိုလူ ထွက်လာသည်ကို မြင်ချိန်၌ ကျောက်မိသားစုဝင်များသည် သူတို့၏စိတ်ဓာတ်များ ပြန်လည်တက်ကြွသွားပုံရသည်။
"ကောင်စုတ်လေး....မင်းက တားမြစ်ကျင့်စဉ်တစ်ခုခုကို ရရှိထားပုံပဲ... ဒါကြောင့် မင်းရဲ့ ကျင့်ကြံမှုကို သိုင်းအကြီးအကဲအဆင့်အထိ ယာယီတိုးမြှင့်နိုင်တာ...အဲ့ဒီတားမြစ်ကျင့်စဉ်ကိုသာ ပေးအပ်မယ်ဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ်"
ကျောက်မိသားစုခေါင်းဆောင်က ယုံကြည်မှုရှိစွာဖြင့် ပြောဆိုလိုက်၏။
ဤလောကတွင် ယခုလောက်ထိ ကြီးကျယ်ခမ်းနားသော ပါရမီရှိသူဟူ၍ မရှိပေ။ အရွယ်မရောက်မီ သိုင်းအကြီးအကဲအဆင့်သို့ တက်လှမ်းရန် မဖြစ်နိုင်ပေ။ ထို့ပြင် သူသည် ချင်မင်၏ အင်အားကို ရှင်းလင်းစွာ သိသည်။ သူသည် စစ်သည်တော်နယ်ပယ်တွင်သာ ရှိသူဖြစ်ရာ ရုတ်တရက် သိုင်းအကြီးအကဲအဆင့်သို့ မည်သို့တက်လှမ်းနိုင်မည်နည်း။ သူသည် တားမြစ်လျှို့ဝှက်ကျင့်စဉ်တစ်ခုခုကို အသုံးပြုထားခြင်း ဖြစ်ပေမည်။
တားမြစ်ကျင့်စဉ်ကို အသုံးပြု၍ အင်အားတိုးမြှင့်ခြင်းသည် သူ ကိုယ်တိုင် ကျင့်ကြံထားသော အစစ်အမှန်အင်အားနှင့် အလွန်ကွာခြားသည်။ သူ၏ မဟာသိုင်းဆရာကြီးအဆင့် အင်အားဖြင့် ချင်းမင်၏ တားမြစ်ကျင့်စဉ်ဖြင့် မြှင့်တင်ထားသော သိုင်းအကြီးအကဲအဆင့် အင်အားကို ခုခံနိုင်မည်ဟု သူ ယုံကြည်သည်။ ထို့ကြောင့် သူထံတွင် ကြောက်ရွံ့နေရန် အကြောင်းမရှိချေ။
တားမြစ်ကျင့်စဉ်၏ အချိန်ကုန်သွားသည်နှင့် ချင်းမင်သည် ခုခံနိုင်တော့မည် မဟုတ်ပေ။
"ငါ မင်းကိုသေစေချင်တယ်"
ချင်းမင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည်လည်း ကျောက်မိသားစုခေါင်းဆောင်ထံသို့ ပြေးဝင်သွားလေ၏။
ကျောက်မိသားစုခေါင်းဆောင်သည် ချင်းမင်၏ယခင်ဘဝတွင် သူ၏မိဘများကို သတ်ခဲ့သော လူသတ်သမားပင်။ သူသည် ချင်းမင်၏ မိဘများကို ချင်းမင်၏ရှေ့မှောက်တွင် သူ၏လက်ဖြင့် သတ်ဖြတ်ခဲ့သည်။
မရေမတွက်နိုင်သော အကြိမ်များစွာအထိ ချင်းမင်၏အိပ်မက်ထဲတွင် သူ၏ရန်သူများကို သူ၏လက်ဖြင့် သတ်လိုခဲ့သည်။ ထို့ကြောင့် ကျောက်မိသားစုခေါင်းဆောင် ထွက်ပေါ်လာသည့်အချိန်တွင် ချင်မင်က သူ့ထံသို့ ပြေးဝင်သွားသည်။
"သေလိုက်တော့"
ချင်းမင်က လှောင်ပြောင်ရယ်မောကာ ကျောက်မိသားစုခေါင်းဆောင်၏မျက်နှာကို လက်သီးဖြင့် ထိုးနှက်လိုက်၏။
ကျောက်မိသားစုခေါင်းဆောင်က အေးစက်စွာ ဟမ့်ခနဲ အသံပြုလိုက်သည်။ သူသည် သူနှင့်အတူ ဆောင်ထားသော ဓားကို ဆွဲထုတ်ပြီး ချင်းမင်၏လက်သီးကို တားဆီးလိုက်သည်။
ကံမကောင်းစွာဖြင့် ကျောက်မိသားစုခေါင်းဆောင် အတွေးလွန်သွားခဲ့သည်။ ချင်းမင်သည် သူ၏အင်အားကို တိုးမြှင့်ရန် တားမြစ်ကျင့်စဉ်ကို အသုံးမပြုခဲ့ချေ။ သူထံတွင် ကျောက်မိသားစုခေါင်းဆောင် စိတ်ကူးမယဉ်နိုင်သော ဆေးနတ်ဘုရားခန္ဓာကိုယ်၏ စွမ်းရည်ရှိနေသည်။
ချင်းမင်တွင် ယခုချိန်၌ သိုင်းအကြီးအကဲအဆင့်၏ စိတ်ဝိညာဉ်စွမ်းအားနှင့် သိုင်းဧကရာဇ်၏အတွေ့အကြုံတို့ ရှိနေပေ၏။ သူသည် မဟာသိုင်းဆရာကြီးအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သော ကျောက်မိသားစုခေါင်းဆောင်ကို မပြောနှင့် သိုင်းအကြီးအကဲအဆင့် အစစ်အမှန်ကျင့်ကြံသူတစ်ဦးကိုပင် လွယ်ကူစွာ အနိုင်ယူနိုင်သည်။
ဓားသည် ချင်းမင်၏လက်သီးကို အမှန်တကယ် တားဆီးနိုင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် ကျောက်မိသားစုခေါင်းဆောင်သည် အလွန်အားနည်းနေပေ၏။ ချင်းမင်အတွက် ကျောက်မိသားစုခေါင်းဆောင်သည် ကလေးငယ်တစ်ဦးနှင့် တူညီသည်။ သူ၏ခေါင်းသည် ချင်းမင်၏ လက်သီးကြောင့် ကြေမွှပျက်စီးသွားခဲ့ပြီး သူ့ခန္ဓာကိုယ်သည် မူလနေရာ၌ ရှိနေဆဲပင်။
"မိသားစုခေါင်းဆောင် သေသွားပြီ...သူက မိစ္ဆာတစ်ကောင်ပဲ...အားလုံးပြေးကြတော့..."
ကျောက်မိသားစုဝင်များသည် မယုံနိုင်ကြချေ။ သူတို့မျက်စိထဲတွင် ပြိုင်ဘက်ကင်းသော မိသားစုခေါင်းဆောင်သည် ဤသို့ သေဆုံးသွားခဲ့သည်။ သူသည် တိုက်ခိုက်မှုတစ်ခုကိုပင် မတားဆီးနိုင်ခဲ့ချေ။ လူတိုင်း အရပ်မျက်နှာအဘက်ဘက်သို့ ကစဥ့်ကလျား ထွက်ပြေးကြတော့သည်။
ချင်းမင်၏အင်အားသည် တားမြစ်ကျင့်စဉ်ဖြင့် မြှင့်တင်ထားခြင်း မဟုတ်သလော...
မိသားစုခေါင်းဆောင်က ဘာလို့ ဒီလောက်မြန်မြန် သေသွားရတာလဲ...
သူတို့အတွက်မူ ပြိုင်ဘက်ကင်းအစွမ်းထက်သော မိသားစုခေါင်းဆောင်ပင်လျှင် သေဆုံးသွားခဲ့ရာ သူတို့သည် ချင်းမင်ကို မည်သို့ တားဆီးနိုင်မည်နည်း။
သူတို့ တတ်နိုင်သမျှ အမြန်ဆုံးထွက်ပြေးရုံသာ တတ်နိုင်ပေလိမ့်မည်။
ကံမကောင်းစွာဖြင့် ချင်မင်သည် ဝင်္ကပါကို ခင်းကျင်းထားပြီးသား ဖြစ်သည်။ ဤလူများ ထွက်ပြေးရန်မှာ မဖြစ်နိုင်ပေ။