လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ်လူ
Vol. 1 Ch. 15
"သတ်..."
ချင်းမင်က လူသတ်ပွဲကြီးကို စတင်လိုက်သည်။ သူ၏ရှေ့မှ လူသည် မည်သည့် ကျင့်ကြံဆင့်နယ်ပယ်တွင် ရှိနေသည်ကို သူ ဂရုမစိုက်ဘဲ သူမြင်သမျှ လူများအားလုံးကို သတ်ဖြတ်ခဲ့သည်။
ချင်းမင်တွင် သိုင်းဧကရာဇ်တစ်ဦး၏ အာရုံခံနိုင်စွမ်း ရှိသည်။ ဤလူများ မည်သည့်နေရာတွင် ပုန်းအောင်းနေပါစေ သူ၏အာရုံခံနိုင်မှုအောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
"ကျွန်တော်ကို မသတ်ပါနဲ့... ကျွန်တော်က ကျောက်ခို့...ကျောက်မိသားစုရဲ့ သခင်လေးပါ... ခင်ဗျား ကျွန်တော့်ကို သတ်လို့မရဘူး"
လူတစ်ယောက်က ချင်မင်ကို ကြည့်ရင်း ကြောက်ရွံ့စွာ ပြောဆိုလိုက်သည်။
"ကျောက်ခို့..."
ချင်းမင်က သူ့ရှေ့မှလူကို ကြည့်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ကျောက်ခို့တဲ့လား... မင်းကိုသတ်မှာက ငါပဲ...ဒီနေ့ ကျောက်မိသားစုထဲက ဘယ်သူမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
ကျောက်ခို့သည် ချက်ချင်း ဒူးထောက်လိုက်၏။
"ကျွန်တော်တောင်းပန်ပါတယ် ခင်ဗျားကို နောက်တစ်ခါ မစော်ကားရဲတော့ပါဘူး... ကျေးဇူးပြုပြီး ကျွန်တော့်ကို အသက်ချမ်းသာပေးပါ"
"ငါက မင်းကို အသက်ချမ်းသာပေးရမယ် ဟုတ်လား... ဒါဆိုရင် ချင်းမိသားစုကို ဘယ်သူက အသက်ချမ်းသာပေးမှာလဲ"
ချင်းမင်က တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။
"ချင်းမင်...ကျွန်တော်က ခင်ဗျားညီမကို လက်မထပ်ရဲတော့ပါဘူး... ကျွန်တော်တောင်းပန်ပါတယ်...ကျေးဇူးပြုပြီး ကျွန်တော့်ကို သွားခွင့်ပြုပါ"
ကျောက်ခို့က အော်ဟစ်ငိုယိုလိုက်သည်။
ချင်းမင်သည် သူ ယနေ့ပြုလုပ်ခဲ့သော ပြစ်မှုကြောင့် ကျောက်မိသားစုကို ဖျက်ဆီးရန် လာသည်ဟု သူ တွေးထင်ခဲ့သည်။ ချင်းမင်သည် ဤမျှထိ အစွမ်းထက်မှန်းသာ သိခဲ့လျှင် သူသည် ချင်းချင်းကို လက်ထပ်ဝံ့မည် မဟုတ်ချေ။
ချင်းမင်က လှောင်ပြောင်ရယ်မောပြီး ပြောဆိုလိုက်၏။
" မင်းက ဒါ ငါ့ညီမအတွက်လို့ ထင်နေတာလား... မင်းတို့မိသားစုက ချင်မိသားစုကို အကွက်ချကြံစည်နေတယ်ဆိုတာ ငါသိပြီးပြီ"
"ခင်ဗျားသိတယ် ဟုတ်လား..."
ကျောက်ခိုသည် ကြောက်လန့်တကြားဖြစ်သွားကာ သူ၏မျက်နှာ ဖြူဖျော့သွားသည်။
"ခင်ဗျား ဘယ်လိုလုပ်ပြီး သိတာလဲ"
ကျောက်မိသားစု၏ အနာဂတ်အမွေဆက်ခံသူအနေဖြင့် သူသည် ချင်းမိသားစုကို ဆန့်ကျင်မည့် မိသားစု၏အကွက်ချကြံစည်မှုတွင် ပါဝင်ခဲ့သည်။
သို့သော် ဤကိစ္စကို သူ၏ဖခင်နှင့် ထိုလျှို့ဝှက်ဆန်းကြယ်သော လူသာ သိသည်။ ဤသတင်း ပေါက်ကြားရန်မှာ မဖြစ်နိုင်ပေ။
ကျောက်ခို့၏ စကားကို ကြားချိန်တွင် ချင်းမင်၏စိတ်ထဲတွင် တိတ်တဆိတ် ဝမ်းမြောက်သွားသည်။ ဤကျောက်ခို့သည် တစ်ခုခုကို သိထားပုံရပေ၏။
"ပြောစမ်း....ဒီအချိန်ရောက်မှတော့ ဒီလျှို့ဝှက်ချက်တွေကို သိမ်းထားလို့ ဘာအသုံးဝင်တော့မှာလဲ...မင်း ငါ့ကို အသေးစိတ် ရှင်းပြမယ်ဆိုရင် မင်းရဲ့အသက်ကို ငါ ချမ်းသာပေးမယ်"
"ကျွန်တော် ပြောပါ့မယ်"
အသက်ရှင်ရန်အတွက် ကျောက်ခို့သည် မည်သည့်အရာကိုမဆို လုပ်ရန် ဆန္ဒရှိသည်။ "အသေးစိတ်ကိုတော့ ကျွန်တော် မသိပါဘူး.. ကျွန်တော်တို့မိသားစုကို အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ လူတစ်ယောက် ရောက်လာတာပါ... သူက ကျောက်မိသားစုကို သူ့နဲ့ပူးပေါင်းပြီး ခင်ဗျားတို့ ချင်းမိသားစုကို ချေမှုန်းစေချင်တာပါ"
"ကျွန်တော်တို့ ကျောက်မိသားစုနဲ့ ခင်ဗျားတို့ ချင်းမိသားစုကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး... ဘယ်လိုလုပ်ပြီး ခင်ဗျားတို့ ချင်းမိသားစုကို ပစ်မှတ်ထားနိုင်မှာလဲ"
"အဲ့ဒီအနက်ရောင်ဝတ်စုံဝတ်လူက ကျွန်တော်တို့ကို ဒီလိုလုပ်ခိုင်းတာပါ...ကျွန်တော်တို့ ကျောက်မိသားစုနဲ့ ဘာမှမဆိုင်ပါဘူး...ကျွန်တော့်ကို သွားခွင့်ပြုပါ"
"အနက်ရောင်ဝတ်စုံဝတ်လူလား"
ချင်းမင်က ဤအနက်ရောင်ဝတ်စုံဝတ်လူသည် ဤကိစ္စ၏နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်ရမည်ဟု သိရှိလိုက်သည်။ သူက တင်းမာခက်ထန်စွာ မေးလိုက်၏။
"အဲ့ဒီအနက်ရောင်ဝတ်စုံဝတ်လူက ကျောက်မိသားစုကို ဘာအကျိုးကျေးဇူးတွေ ပေးခဲ့လဲ"
"အဆင့်နိမ့်မြေကမ္ဘာ ကျင့်စဉ်တစ်ခုပါ"
ထိုသို့ပြောဆိုပြီးနောက် ကျောက်ခို့က နောက်တစ်ကြိမ် ဦးညွှတ်လိုက်သည်။
"ကျွန်တော်တို့ မှားသွားခဲ့တယ်..တောင်းပန်ပါတယ်... ကျေးဇူးပြုပြီး ကျွန်တော့်ကို သွားခွင့်ပြုပါ"
"အဲ့ဒီ အနက်ရောင်ဝတ်စုံဝတ်လူ ဘယ်မှာလဲ"
ချင်းမင်က အော်ဟစ်လိုက်သည်။
ကျောက်ခို့သည် တုန်လှုပ်သွားပြီး အခန်းတစ်ခန်းကို လက်ညှိုးညွှန်ပြပြီး အလျင်အမြန် ပြောဆိုသည်။
"အဲ့ဒီအခန်းထဲမှာ မြေအောက်ခန်းတစ်ခုရှိတယ် အနက်ရောင်ဝတ်စုံဝတ်လူက အဲ့ဒီအခန်းထဲမှာပါ"
သူက ကျောက်ခို့၏ လက်ညှိုးညွှန်ရာကို ကြည့်လိုက်ရာ ချင်းမင်၏ရှေ့တွင် ထင်းတဲတစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။
"မင်းက ဘာမှအသုံးမဝင်တော့ဘူး...မင်း သေလို့ရပြီ"
ချင်းမင်က သူ၏လက်ဝါးကို မြှောက်ကာ ကျောက်ခို့၏ ခေါင်းပေါ်သို့ ဖိချလိုက်သည်။
"မင်း ကတိမတည်ဘူး"
ထိုသို့ပြောဆိုပြီးနောက် ကျောက်ခို့သည် မြေပြင်ပေါ်သို့ လဲကျကာ သေဆုံးသွားပေ၏။
ကတိတည်ရမယ် ဟုတ်လား...
မင်းလိုသေလူတစ်ယောက်အတွက် ငါက ဘယ်လိုကတိစကားကို တည်ပေးရမှာလဲ...
ချင်းမင်က ထင်းတဲ၏တံခါးဝသို့ လျှောက်သွားပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ အခန်းအောက်တွင် မဟာသိုင်းဆရာကြီးနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦး ပုန်းအောင်းနေသည်ကို သူ အာရုံခံမိလိုက်သည်။
ချင်းမင်က သူ၏ခြေထောက်ကို ဆောင့်လိုက်ရာ မြေကြီးထဲမှ ပြင်းထန်သောတုန်ခါသံတစ်သံ ထွက်ပေါ်လာသည်။
"ထွက်လာခဲ့စမ်း.. ဘာလဲ.. ငါက မင်းကို ဖိတ်ခေါ်ပြီး ထွက်လာခိုင်းရဦးမှာလား"
"မင်းက ဘယ်သူလဲ "
အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက် မြေကြီးထဲမှ ထွက်လာသည်။ သူသည် ချင်းမင်ကို မြင်ချိန်၌ တွေဝေစွာဖြင့် မေးမြန်းလိုက်သည်။
"ငါ ဘယ်သူလဲ ဟုတ်လား.."
ချင်းမင်က အေးစက်စွာ ပြုံးလိုက်သည်။
"မင်းတို့က ငါတို့ ချင်းမိသားစုကို အမြဲတမ်း ဖျက်ဆီးချင်နေတာ မဟုတ်ဘူးလား... ငါက ချင်းမိသားစုဝင်ပဲ"
ဤအနက်ရောင်ဝတ်စုံဝတ်လူသည် မဟာသိုင်းဆရာကြီးနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးပင်။ ချင်းမိသားစုသည် ဤမျှ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးကို ရန်စစော်ကားထားရန် မဖြစ်နိုင်ချေ။ ဤအနက်ရောင်ဝတ်စုံဝတ်လူသည် သူတို့ ချင်းမိသားစုကို ဖျက်ဆီးရန် မည်သည်ကြောင့် ဤမျှထိ ကြိုးစားနေသည်ကို သူ သိချင်သည်။