← Chapters

ပြန်လည်မွေးဖွားခြင်း

Vol. 1 Ch. 1

ပြန်လည်မွေးဖွားခြင်း

Vol. 1 Ch. 1

"အား..."

ချင်းမင်သည် သူ၏လေးလံသော မျက်ခွံတစ်စုံကို ဖွင့်လိုက်သည့်အချိန်၌ ခမ်းနားထည်ဝါသော အခန်းတစ်ခန်းက သူ၏မျက်စိရှေ့တွင် ပေါ်ပေါက်လာသည်။ သူသည် အံ့အားသင့်သွားပြီး နာကျင်နေသော သူ၏ရင်ဘတ်ကို ဆုပ်ကိုင်ရင်း ထထိုင်လိုက်၏။

"ငါ သေသွားပြီလား"

ချင်းမင်သည် တိုင်းပြည်ကိုပင် ပျက်စီးစေနိုင်လောက်သော အလှပိုင်ရှင် ရက်စက်သည့် ထိုအမျိုးသမီးအား စဉ်းစားမိလိုက်ရာ သူ၏ မျက်ဝန်းအစုံတွင် မုန်းတီးမှုတို့ဖြင့် ပြည့်နှက်သွားသည်။

သူနှင့်အရင်းနှီးဆုံးဖြစ်သော အမျိုးသမီး၏ လက်ချက်ဖြင့် အသတ်ခံခဲ့ရသည်ကို သူ ယုံပင်မယုံနိုင်အောင် ဖြစ်နေသည်။ ထိုအမျိုးသမီးသည် သူ၏ ဆေးနတ်ဘုရားခန္ဓာကိုယ်ကို ရရှိရန်အလို့ငှာ သူ ဆေးနတ်ဘုရားအဆင့်သို့ တက်လှမ်းကာ ဆေးနတ်ဘုရားခန္ဓာကိုယ်ကို သန့်စင်နေသည့် အရေးအကြီးဆုံးသော အခိုက်အတန့်တွင် သူ့အား အဆိပ်ခတ်ခဲ့သည်။ ဤမုန်းတီးမှုကို သူ ဘယ်သောအခါမှ မေ့ဖျောက်နိုင်မည် မဟုတ်ချေ။

"ဒီနေရာက..."

ချင်းမင်သည် ရင်းနှီးသလိုရှိပြီး မရင်းနှီးသလိုလည်းဖြစ်နေသော ဤအခန်းကို ကြည့်ကာ ခဏတာအတွင်းတွင် မမှတ်မိနိုင်ဖြစ်သွားပေ၏။

ထိုအခိုက်တွင် "ကျွီ" ဟူသော အသံနှင့်အတူ တံခါးပွင့်လာပြီး ချောမောလှပသော အသက်သုံးဆယ်အရွယ်ခန့် အမျိုးသမီးတစ်ဦးသည် ပန်းကန်လုံးတစ်လုံးကိုကိုင်ကာ ဝင်လာသည်။

လျှောက်လှမ်းလာသော ထိုအမျိုးသမီးကို ကြည့်ရင်း ချင်းမင်သည် ကြောင်ငေးသွားသကဲ့သို့ ဖြစ်သွားသည်။

"အမေ"

မျက်ရည်ကြည်နှစ်ကြောင်းသည် သူ၏ပါးပြင်ပေါ်သို့ လျှောကျလာပေ၏။

"မင်အာ... သား နိုးပြီလား"

ထိုအမျိုးသမီးသည် အံ့အားသင့်စွာ ပြောဆိုလိုက်ပြီး ချက်ချင်းပင် ခုတင်ဆီသို့ လျှောက်လာကာ ချင်းမင်၏ဘေးတွင် ထိုင်လိုက်သည်။

"ဘာလို့ ငိုနေတာလဲ... သား တစ်နေရာရာ နာနေလို့လား"

ထိုသို့ပြောဆိုရင်း အမျိုးသမီးသည် ချင်းမင်၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်၏။

ချင်းမင်သည် ထိုအမျိုးသမီးကို ပွေ့ဖက်လိုက်ပြီး ပြောဆိုသည်။

"အမေ...တကယ် အမေပဲလား... သား အိမ်မက်မက်နေတာ မဟုတ်ဘူးမလား"

ထိုစကားကိုကြားချိန်၌ အမျိုးသမီးက ချင်းမင်သည် ခန္ဓာကိုယ်နာကျင်၍မဟုတ်ဘဲ သူမအား လွမ်းဆွတ်နေမှန်း သဘောပေါက်သွားသည်။ သူမသည် ချင်းမင်၏ကျောကို ပုတ်ပေးရင်း နူးညံ့စွာ ပြောဆိုလိုက်၏။

"ဘာဖြစ်တာလဲ မင်အာ...ခဏလေးခွဲနေတာကို အမေ့ကို လွမ်းနေပြီလား"

ချင်းမင်သည် တုန်ယင်နေပြီး သူ့မိခင်၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

သူသည် မိခင်၏ရင်ခွင်မှ နွေးထွေးမှုကို ခံစားနေရသည်။ ယခင်ဘဝတွင် သူသည် မိခင်ဖြစ်သူကို အိပ်မက်ထဲတွင် အကြိမ်မည်မျှထိ မက်ခဲ့သည်ကို မသိနိုင်သော်လည်း သူ နိုးလာတိုင်း မျက်ရည်ကျခဲ့ရသည်။

ယခင်ဘဝတွင် ချင်းမင်၏မိသားစုသည် ကျောက်မိသားစု၏လက်ချက်ဖြင့် အသတ်ခံခဲ့ရသည်။ သူ၏မိဘများက အသက်စွန့်၍ ကာကွယ်ပေးခဲ့သောကြောင့်သာ ချင်းမင်သည် ထိုဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ရသည်။ သူ၏မိဘနှစ်ပါး သူ၏မျက်စိရှေ့တွင်ပင် သေဆုံးသွားခဲ့ရသည့် မြင်ကွင်းကို သူ ဘယ်သောအခါမှ မေ့နိုင်မည်မဟုတ်ချေ။

ထို့နောက်တွင် သူသည် ဝူလင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီးနောက် လက်စားချေရန် ပြန်လာသောအခါ ကျောက်မိသားစုသည် မျိုးပြုတ်သုတ်သင်ခြင်းကို ခံထားခဲ့ရပြီးဖြစ်သည်။ ချင်းမင်သည် ကျောက်မိသားစုအား မည်သူသတ်ဖြတ်သွားသည်ကို အချိန်ကြာသည်အထိ မစုံစမ်းနိုင်ခဲ့ပေ။ သူ သိရှိခဲ့သည်မှာ ကျောက်မိသားစုသည် သူ၏မိသားစုတစ်စုလုံးကို သတ်ဖြတ်ရန် တိုက်တွန်းခြင်းခံခဲ့ရသည်ဟူသောအချက်ပင်။ ချင်းမင်သည် ရန်သူအစစ်အမှန်ကို ရှာဖွေရန် အစွမ်းကုန်ကြိုးစားခဲ့လေ၏။

ယခုမူကား ချင်းမင်သည် ပြန်လည်မွေးဖွားလာခဲ့ပြီး သူ၏မိခင်သည်လည်း သူ၏မျက်စိရှေ့တွင် အမှန်တကယ် ရှိနေသည်။

ချင်းမင်သည် သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ဤဘဝတွင် သူသည် သူ၏မိသားစုဝင်များကို ကောင်းစွာစောင့်ရှောက်မည်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ သူတို့ကို အနည်းငယ်မျှပင် ထိခိုက်စေရန် ခွင့်ပြုမည်မဟုတ်ဟု သန္နိဋ္ဌာန်ချလိုက်သည်။

အချိန်အတော်ကြာမှသာ သူသည် မိခင်ကို မည်သို့မျှမတတ်သာသဖြင့် လွှတ်ပေးလိုက်ပြီး သူ၏မျက်ရည်များကို လက်ဖြင့်သုတ်လိုက်၏။

"လာ သားလေး မင်အာ... ဆေးသောက်ချိန်ရောက်ပြီ"

သမင်မကြီးချင်းသည် ဆေးပန်းကန်ကိုယူကာ ဇွန်းဖြင့် ချင်းမင်ကို ဖြည်းဖြည်းချင်း ခွံ့ကျွေးသည်။

"နောက်ကို ဘယ်သူနဲ့မှ ရန်ဖြစ်တာမျိုး မလုပ်ရတော့ဘူးနော် ကြားလား..."

မိခင်၏ဆူသံကိုကြားချိန်၌ ချင်းမင်သည် ခေါင်းညိတ်လိုက်ပြီး မိခင်ဖြစ်သူခွံ့ကျွေးသော ဇွန်းကိုကြည့်ကာ ဆေးအားသောက်လိုက်သည်။

ဤဆေးသည် အလွန်ခါးသော်လည်း မိခင်ဖြစ်သူ ခွံ့ကျွေးသောကြောင့် သူသည် အလွန်ချိုသည်ဟု ထင်မှတ်နေပေ၏။

သူ၏မိခင်က ရန်ဖြစ်သည့်အကြောင်းကို ပြောပြသောကြောင့် သူ မည်သည့်အချိန်သို့ ပြန်လည်မွေးဖွားလာသည်ကိုလည်း သိရှိသွားသည်။

သူ မှတ်မိသည်မှာ ယနေ့နံနက်တွင် ကျောက်ခို့က သူ့အားတားပြီး သူ၏ညီမကို လိုချင်ကြောင်းပြောကာ ညီမဖြစ်သူအား စော်ကားသောစကားများကို ပြောဆိုခဲ့သည်။ သူသည် ထိုအရာကို သည်းမခံနိုင်သောကြောင့် ကျောက်ခို့နှင့် ရန်ဖြစ်ခဲ့သည်။ ကျောက်ခို့က သူ့အား အပြင်းအထန်ထိုးကြိတ်ခဲ့ပြီး သတိလစ်သွားစေခဲ့သည်။

ထို့ပြင် မနက်ဖြန်ညတွင် ကျောက်မိသားစုသည် သူတို့မိသားစုကို တိုက်ခိုက်ပြီး မိသားစုဝင်အားလုံးကို ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်၍ သတ်ဖြတ်ကြပေမည်။

"ကောင်းကင်ဘုံ...ငါ့ကို ဒီအချိန်ကို ပြန်ရောက်လာခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်... တကယ်ကို ကျေးဇူးတင်ပါတယ်"

"ဒီဘေးအန္တရာယ်ကို ငါက ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး"

ဆေးသောက်ပြီးနောက် သူ၏မိခင်သည် စိုးရိမ်ကြောင်းများစွာပြောပြီး သူ့အား အနားများများယူရန် တိုက်တွန်းခဲ့လေ၏။ ချင်းမင်၏အခန်းမှ ထွက်ခွာပြီးနောက် သူမသည် အခန်းတံခါးကို ဂရုတစိုက်ပိတ်ပြီးမှ ထွက်သွားသည်။

သူ၏မိခင်ထွက်သွားပြီးနောက် ချင်းမင်သည် မတ်တပ်ထရပ်လိုက်ရာ သူ၏စွမ်းအင်များ လှိုင်းထန်သွားသည်။

သူ၏နောက်တွင် အရိပ်တစ်ခု လျှပ်ပြက်သကဲ့သို့ ပေါ်ထွက်လာပေ၏။

All Chapters