← Chapters

ဆေးခန္ဓာကိုယ်

Vol. 1 Ch. 2

ဆေးခန္ဓာကိုယ်

Vol. 1 Ch. 2

"မင်းက ငါနှင့်အတူ ပြန်လည်မွေးဖွားခြင်းကို လိုက်ပါလာခဲ့တာက သေချာနေပြီ... ကြည့်ရသည်မှာ ပါရမီစွမ်းအားတွေနဲ့ သဘာဝလွန်စွမ်းအားတွေက ဝိညာဉ်မှာတည်ရှိတယ်ဆိုတဲ့ ဒဏ္ဍာရီက အမှန်ဖြစ်ပုံပဲ"

"ဆေးနတ်ဘုရားခန္ဓာကိုယ် သန့်စင်စမ်း"

ချင်းမင်က ရေရွတ်လိုက်သည်နှင့် အနီရောင်သန်းနေသော မီးတောက်အပြာတစ်ခုသည် သူ၏ရှေ့တွင် ပေါ်ထွက်လာသည်။

"ကြည့်ရတာ နောက်ပိုင်းမှာ ငါ ဆေးလုံးဖော်စပ်ဖို့အတွက် မီးပြင်းဖိုမလိုအပ်တော့ဘဲနဲ့ လေဟာနယ်ထဲမှာ တိုက်ရိုက်ဖော်စပ်နိုင်တော့မယ်ထင်တယ်"

"ဆေးနတ်ဘုရားခန္ဓာကိုယ် တိုက်ခိုက်စမ်း"

ချင်းမင်၏အရှိန်အဝါသည် တဟုန်ထိုးမြင့်တက်လာပြီး မကြာမီတွင် စစ်သည်တော်နယ်ပယ် ပထမအဆင့်မှ သိုင်းဆရာကြီးနယ်ပယ် ပထမအဆင့်သို့ တက်လှမ်းသွားသည်။

ဤလောကတွင် သိုင်းပညာကျင့်ကြံမှသာ အထွတ်အထိပ်သို့ ရောက်ရှိနိုင်ပြီး သိုင်းပညာနယ်ပယ်များကို ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း စစ်သည်တော် သိုင်းသမား သိုင်းဆရာကြီး မဟာသိုင်းဆရာကြီး သိုင်းအကြီးအကဲ သိုင်းဝိညာဥ် သိုင်းဘုရင် သိုင်းဧကရာဇ် သိုင်းအာဏာရှင် သိုင်းသူတော်စင်နှင့် အုပ်စိုးသူအရှင်ဟူ၍ ပိုင်းခြားသတ်မှတ်ထားသည်။

အဆင့်တစ်ခုနှင့်တစ်ခုကြားတွင် ကြီးမားသောကွာဟချက်ရှိပြီး အဆင့်ကျော်လွန်၍ တိုက်ခိုက်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။ သို့သော် ချင်းမင်၏နတ်ဘုရားအဆင့် ပါရမီစွမ်းအားကမူ ထိုသို့ပြုလုပ်နိုင်စွမ်းရှိသည်။ အဆင့်တစ်ဆင့်တည်းကို ကျော်လွန်နိုင်သည်သာမက အဆင့်သုံးဆင့်အထိပင် ကျော်လွှားတိုက်ခိုက်နိုင်စွမ်းရှိသည်။

"ဒါပေမဲ့ စိတ်ဝိညာဥ်စွမ်းအားကုန်ဆုံးမှုကတော့ နည်းနည်းများတယ်"

ချင်းမင်သည် သူ ဆေးနတ်ဘုရားခန္ဓာကိုယ်ကို အသုံးပြုချိန်၌ ယခင်ဘဝမှ စိတ်ဝိညာဥ်စွမ်းအားများအားလုံး ဆေးနတ်ဘုရားခန္ဓာကိုယ်တွင် သိုလှောင်ထားပြီးဖြစ်သည်ကို သိရှိသည်။ သို့ရာတွင် ထိုအရာများသည် အခြေအမြစ်မရှိသော စိတ်ဝိညာဥ်စွမ်းအားများဖြစ်သောကြောင့် ချင်းမင်သည် အသုံးမပြုဝံ့ပေ။ သူသည် ဆေးနတ်ဘုရားခန္ဓာကိုယ်၏ တိုက်ခိုက်ခြင်းစွမ်းရည်ကို ချက်ချင်းပင် ပိတ်ဆို့လိုက်၏။

သူသည် စိတ်ဝိညာဥ်ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်သည်။

"ဆေးနတ်ဘုရားခန္ဓာကိုယ် စုပ်ယူစမ်း"

စိတ်ဝိညာဥ်ကျောက်တုံးထဲမှ စိတ်ဝိညာဥ်စွမ်းအားများသည် လျင်မြန်စွာ စုပ်ယူခံလိုက်ရပြီး ချက်ချင်းပင် သာမန်ကျောက်တုံးတစ်တုံးအဖြစ်သို့ ပြောင်းလဲသွားသည်။

ချင်းမင်၏နောက်မှ အမည်းရောင်အရိပ်သည်လည်း ပို၍နက်မှောင်လာပြီး သိုလှောင်ထားသော စိတ်ဝိညာဥ်စွမ်းအားများမှာလည်း ပို၍များပြားလာပုံရသည်။

ဤသည်မှာ ဆေးနတ်ဘုရားခန္ဓာကိုယ်၏ စွမ်းအားဖြစ်ပြီး လှပပြီးအဆိပ်ပြင်းသည့် ထိုအမျိုးသမီး အလွန်လိုချင်တပ်မက်ခဲ့သော နတ်ဘုရားအဆင့် ပါရမီစွမ်းအားပင်။

လူတိုင်းသည် ပါရမီစွမ်းအားများကို ကောင်းကင် မြေကမ္ဘာ နက်နဲသိမ်မွေ့ နှင့် အဝါရောင်ဟူ၍ အဆင့်လေးဆင့်ရှိသည်ကိုသာ သိကြသည်။ သို့ရာတွင် ကောင်းကင်အဆင့်အထက်တွင် နတ်ဘုရားအဆင့် ပါရမီစွမ်းအားများ ရှိနေသေးသည်ကိုမူ မသိကြချေ။

နတ်ဘုရားအဆင့် ပါရမီစွမ်းအားများအကြောင်း ဒဏ္ဍာရီများသည် အင်အားကြီးသူများကြားတွင်သာ ပျံ့နှံ့နေပြီး ရရှိနိုင်သောနည်းလမ်းတိုင်းမှာ မယုံနိုင်လောက်အောင် ခက်ခဲလှသည်။ တစ်နည်းအားဖြင့် သူ၏ ဆေးနတ်ဘုရားခန္ဓာကိုယ်ကို ရရှိရန် နည်းလမ်းမှာ သဘာဝလွန်စွမ်းအားမရှိသူတစ်ဦးက သူ၏ကိုယ်ပိုင်စွမ်းရည်ဖြင့် ဆေးနတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်မှသာ ရရှိနိုင်ခြင်းဖြစ်သည်။

ဤလောကတွင် ဆေးနတ်ဘုရားအဆင့်သို့ ရောက်ရှိသူမှာ တစ်ဦးတည်းသာရှိပြီး ထိုဆေးပညာရှင်မှာလည်း လွန်ခဲ့သော နှစ်ပေါင်းသိန်းချီအကြာက သေဆုံးခဲ့ပြီးဖြစ်သည်။ ဒဏ္ဍာရီအရ ထိုဆေးနတ်ဘုရားသည် ဆေးနတ်ဘုရားအဆင့်သို့ တက်လှမ်းချိန်တွင် ကောင်းကင်အဆင့် ပါရမီစွမ်းအားကို အားကိုးခဲ့သောကြောင့်သာ အောင်မြင်ခဲ့သည်ဟုဆိုသည်။ ထို့ကြောင့် ထိုဆေးနတ်ဘုရားသည် ဆေးနတ်ဘုရားခန္ဓာကိုယ်ကို နိုးထစေနိုင်ခဲ့ခြင်းမရှိပေ။

"မင်းက ငါနဲ့အတူ လိုက်ပါလာခဲ့တယ်....ဒါက ငါ ဆေးနတ်ဘုရားအဆင့်ကို အောင်မြင်စွာတက်လှမ်းနိုင်ခဲ့ပြီဆိုတာ သက်သေပြနေတာပဲ မဟုတ်လား"

ဤသို့တွေးမိချိန်၌ ချင်းမင်သည် မိုးကောင်းကင်ကိုမော့ကြည့်ကာ ရယ်မောလိုက်၏။

ဆေးပညာ...ဆေးပညာရပ်၏ နတ်ဘုရား...

ငါ ချင်းမင် နောက်ဆုံးတော့ ဤအဆင့်ကို ရောက်ရှိခဲ့ပြီ။

သူ၏ယခင်ဘဝတွင် ဆေးပညာပါရမီသည် သိပ်မကောင်းလှသော်လည်း ခိုင်မာသောဇွဲလုံ့လဖြင့် နေ့ရောညပါ ဆေးလုံးများကို ဖော်စပ်ခဲ့သည်။

ဤဇွဲလုံ့လဖြင့် သူသည် ဆေးဘုရင်အဆင့်သို့ ရောက်ရှိခဲ့ပြီး ထိုအဆင့်သည် သူ၏မွေးရာပါစွမ်းရည်များဖြင့် ရောက်ရှိခဲ့ခြင်းမဟုတ်ချေ။

ထိုအဖြစ်သည် လောကတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

သူ့အား လောကတွင် ပါရမီအရှိဆုံး ဆေးပညာရှင်အဖြစ် သတ်မှတ်ခဲ့ကြပြီး လောကကြီး၏ လေးစားမှုကို ခံခဲ့ရလေ၏။

ထိုအမျိုးသမီးသည်လည်း ထိုအချိန်အခါတွင်ပင် ပေါ်ပေါက်လာခဲ့သည်။ ယခင်က သူ နားမလည်ခဲ့သော်လည်း ယခုမူ သူ အကြောင်းစုံကို သဘောပေါက်နားလည်သွားလေပြီ။ သူသည် သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် ဆေးနတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခြေရှိသည်ကို သူမက မြင်တွေ့ခဲ့သောကြောင့် သူ့အား တမင်တကာချဉ်းကပ်ခဲ့ခြင်းဖြစ်ပေ၏။ သူမ၏ရည်ရွယ်ချက်မှာ သူ ဆေးနတ်ဘုရားအဆင့်သို့ အောင်မြင်စွာတက်လှမ်းပြီးသည်နှင့် သူ၏ ဆေးနတ်ဘုရားခန္ဓာကိုယ်ကို သိမ်းပိုက်လုယူရန်ပင်။

ငါက မင်းကို နာခံပြီး အသက်နှင့်အမျှ ချစ်ခဲ့ရတာတွေက အလကားပါပဲလား... တကယ်တော့ မင်းက အစကတည်းက ငါ့ကို အကွက်ချစီစဉ်နေခဲ့တာကိုး...

မင်း မမျှော်လင့်ထားတာကတော့ ဆေးနတ်ဘုရားခန္ဓာကိုယ်ကို ဘယ်အရာကမှ ကျူးကျော်ဖျက်ဆီးလို့မရဘူးဆိုတာပဲ...

ငါကိုယ်တိုင်ဖော်စပ်ခဲ့တဲ့ အဆင့်ကိုး သူတော်စင်အဆင့် "နတ်ဘုရားမဲ့ဆေးလုံး" တောင်မှ ငါ့ကို အဆိပ်သင့်စေနိုင်စွမ်းမရှိဘူး...

လူတိုင်းက ငါ့ကို ပါရမီကောင်းတယ်လို့ ပြောကြပေမဲ့ နေ့ရောညပါ လေ့ကျင့်ခဲ့လို့သာ ဆေးဘုရင်အဆင့်ကို ရောက်နိုင်ခဲ့တာကို ဘယ်သူသိမှာလဲ....

နောက်ဆုံးတော့ အဲ့ဒီမိန်းမရဲ့ မိသားစုအထောက်အပံ့နဲ့ ငါ ဆေးနတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ခဲ့တာပဲ...

ငါသာ ဆေးပညာနဲ့ပတ်သက်တဲ့ သဘာဝလွန်စွမ်းအားတွေ နိုးမထစေခဲ့ဘူးဆိုရင် ဒီလောက်အထိ ခရီးဆက်နိုင်ခဲ့မှာ မဟုတ်ဘူး...

ပါရမီစွမ်းအားတွေက ကျင့်ကြံရာမှာ အထောက်အကူပြုတယ်ဆိုတာ လူတိုင်းသိပေမဲ့ အဲ့ဒီ ပါရမီစွမ်းအားတွေက အကြီးမားဆုံးအတားအဆီးဖြစ်လာနိုင်တယ် ဆိုတာကို ဘယ်သူမှမသိဘူး... ဆေးဖော်စပ်တာဖြစ်ဖြစ် ကျင့်ကြံတာပဲဖြစ်ဖြစ် ပါရမီစွမ်းအားတွေကို အကြိမ်ကြိမ်အကူအညီယူမိရင် လိုအပ်တဲ့လေ့ကျင့်မှုတွေ မလွဲမသွေ ပျောက်ဆုံးသွားပြီးတော့ အမြင့်ဆုံးအဆင့်ကို တက်လှမ်းရာမှာ အဟန့်အတားဖြစ်လာစေတယ်...

ဒဏ္ဍာရီအရ နတ်ဘုရားအဆင့် ပါရမီစွမ်းအားက ဧကရာဇ်အဆင့်ကို တက်လှမ်းဖို့ တစ်ခုတည်းသောနည်းလမ်းပဲ...

အရင်ဘဝမှာ ငါ့ရဲ့သိုင်းပါရမီက မလုံလောက်ခဲ့ဘူး...လက်စားချေဖို့အတွက် လမ်းမှားကိုရွေးခဲ့ပြီး နောက်ဆုံးမှာ သိုင်းဧကရာဇ်အဆင့်အထိပဲ ကျင့်ကြံနိုင်ခဲ့တယ်....

ဒီဘဝမှာတော့ ငါ့မှာ ဆေးနတ်ဘုရားခန္ဓာကိုယ်ရော ဆေးနတ်ဘုရားအဆင့် ဆေးပညာရှင်တစ်ယောက်ရဲ့ အသိပညာတွေရော ရှိနေပြီ..

ငါ့ရဲ့ပန်းတိုင်က အရင်ဘဝကလို သိုင်းသူတော်စင်အဆင့်မဟုတ်တော့ဘူး...

အုပ်စိုးသူအရှင် ဒါမှမဟုတ် ဒဏ္ဍာရီထဲက အဆင့်အထိကို ငါ ရည်မှန်းတယ်...

သိုင်းနတ်ဘုရားအဆင့်...

ချင်းမင်သည် အနာဂတ်အတွက် အစီအစဉ်များ ရေးဆွဲနေစဉ် တံခါးအပြင်ဘက်မှ ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။

"ချင်းမိသားစု...လက်ဆောင်ပဏ္ဏာကို လက်ခံဖို့ အမြန်ဆုံးထွက်ခဲ့ကြစမ်း... ငါ သခင်လေး ကျောက်ခို့က မနက်ဖြန်မနက်ကျရင် ချင်းချင်းကို ကိုယ်လုပ်တော်အဖြစ် လက်ထပ်ထိမ်းမြားမယ်.."

"ကျောက်ခို့... နင် ဒီကနေထွက်သွားစမ်း... ငါ သေသွားရင်တောင် နင့်ကို လက်ထပ်မှာမဟုတ်ဘူး"

ချင်းမင်က မျက်မှောင်ကြုတ်လိုက်ပြီး တံခါးအပြင်သို့ ထွက်သွားသည်။

All Chapters