ချင်းမိသားစု၏ရတနာ ချင်းချင်း
Vol. 1 Ch. 3
ချင်းမိသားစု၏ အိမ်တော်အပြင်ဘက်တွင် အရပ်မြင့်မြင့် အားကောင်းမောင်းသန် ယောကျ်ားသားဆယ်ယောက်ကျော်ခန့်သည် ရဲဝံ့စွာ ရပ်နေကြ၏။ ထိုလူများ၏ ရှေ့တွင် အနီရောင်ဖဲကြိုးချည်ထားသော သေတ္တာကြီးတစ်လုံးရှိသည်။ ထိုအနီရောင်ဖဲကြိုးသည် လေတိုက်ခတ်ချိန်၌ တဝှီးဝှီးမြည်နေသည်။
"ချင်းချင်း..ထွက်ခဲ့စမ်း... လူအုပ်နောက်မှာ ပုန်းနေလို့ ဘာထူးမှာလဲ"
ကျောက်ခို့သည် တိုက်ခိုက်ချင်သော်လည်း မတိုက်ခိုက်ဝံ့သော ချင်းမိသားစုဝင်များကို ကြည့်ကာ မောက်မာစွာ ပြောဆိုလိုက်သည်။
ချင်းမိသားစုဝင် အယောက် ၃၀ ကျော်၏ ရှေ့တွင် ကျောက်ခို့သည် မာနကြီးနေဆဲပင်။ ဤသည်မှာ ထိုချင်းမိသားစုဝင်များက အင်အားနည်းသောကြောင့်မဟုတ်ဘဲ ကျောက်ခို့သည် ကျောက်မိသားစုသခင်ကြီး၏သားဖြစ်သောကြောင့်ပင်။ ဤချင်းမိသားစုဝင်များသည် သူ့အား ရိုက်နှက်ရန်ပင် မဝံ့ကြချေ။ သူသည် ယုံကြည်မှုအပြည့်ရှိနေသည်။
"ချင်းချင်း...အပြင်မထွက်နဲ့... သူတို့ မင်းကို ဘာမှမလုပ်ရဲဘူး"
"သူတို့နဲ့ တိုက်ခိုက်ကြတာပေါ့... ဒီလူတွေအားလုံးကို ဒီမှာပဲထားခဲ့ရမယ်"
"သူတို့က ကျောက်မိသားစုကလူတွေ...ကျောက်မိသားစုက လျိုချန်မြို့ရဲ့ အဓိကမိသားစုလေးခုထဲက တစ်ခုလေ.. ပြီးတော့ ကျောက်ခို့ရဲ့အဖေက မဟာသိုင်းဆရာကြီးတစ်ယောက်...ငါတို့ လုံးဝ မယှဉ်နိုင်ဘူး"
မဟာသိုင်းဆရာကြီးဟူသော စကားကိုကြားချိန်၌ ဒေါသထွက်နေသော ချင်းမိသားစုဝင်များအားလုံး တိတ်ဆိတ်သွားပြီး သူတို့၏မျက်နှာများတွင် မချိတင်ကဲဖြစ်မှုများ ပြည့်နှက်သွားသည်။
မိုးပြာရောင်ဝတ်စုံနှင့် တိမ်တိုက်သရဖူဆောင်းထားသော မိန်းကလေးငယ်တစ်ဦးသည် ချင်းမိသားစုဝင်များကြားမှ တိုးထွက်လာသည်။ မိန်းကလေး၏မျက်နှာတွင် မျက်ရည်များရှိနေသော်လည်း သူမ၏မျက်လုံးများမှာ အလွန်တောက်ပနေပြီး ကျောက်မိသားစုဝင်များရှေ့မှ ကျောက်ခို့ကို စိုက်ကြည့်နေသည်။
ကျောက်ခို့သည် ချင်းချင်း၏ ပြင်းထန်သော အကြည့်ကိုခံရသော်လည်း အနည်းငယ်မျှ မကြောက်ရွံ့ပေ။ ထိုအစား သူသည် ချင်းချင်း၏ ပွယောင်းယောင်းဝတ်စုံက မဖုံးကွယ်နိုင်သော ကောက်ကြောင်းများကို ဂရုတစိုက်ကြည့်လိုက်သည်။ ဤသို့ကြည့်ပြီးနောက် ယုတ်မာသောစိတ်ဆန္ဒတစ်ခုသည် သူ၏စိတ်ထဲ၌ဠလျှံတက်လာပြီး ကျောက်ခို့သည် တံတွေးကို ပြင်းပြင်းထန်ထန် မျိုချကာ ပြောဆိုလိုက်သည်။
"ချင်းချင်း ကြည့်စမ်း.. ငါ မင်းအတွက် စေ့စပ်လက်ဆောင်တွေ ယူလာပြီ...ဒီနေ့ ငါ မင်းကို ငါ့ရဲ့ကျောက်အိမ်တော်ကို ခေါ်သွားမယ်.. ငါတို့ ဒီညပဲ မင်္ဂလာဦးညကို ဝင်ကြတာပေါ့.. မင်းလည်း မစောင့်နိုင်တော့ဘူးမလား"
ချင်းချင်းသည် ကျောက်ခို့၏ ဝံပုလွေကဲ့သို့သော မျက်လုံးများကြောင့် အနည်းငယ်ကြောက်ရွံ့သွားပြီး ကျောက်ခို့၏ စော်ကားသောစကားများကို ကြားသောအခါ သူမ၏ပခုံးများမ တုန်ယင်လာသည်။ သူမ၏လှပသောမျက်လုံးကြီးများမှ မျက်ရည်များ တစက်စက်ကျလာပြီး ပြောဆိုလိုက်၏။
"ကျောက်ခို့...နင် အဲ့ဒီစိတ်ကို ဖယ်ရှားလိုက်တော့... ငါ သေသွားရင်တောင် နင့်ကို လက်ထပ်မှာမဟုတ်ဘူး"
"ဘယ်သူက မင်းကို လက်ထပ်စေချင်လို့လဲ... မင်းက ငါတို့ကျောက်မိသားစုကို တက်လမ်းရှိအောင် လုပ်နိုင်စွမ်းရှိလို့လား... ငါက မင်းကို ငါ့ရဲ့ကိုယ်လုပ်တော်အဖြစ်ပဲ လိုချင်တာ"
ကျောက်ခို့က သူ၏နှုတ်ခမ်းကို လျက်လိုက်သည်။ ချင်းချင်း၏ နူးညံ့သိမ်မွေ့သောပုံစံသည် သူ၏အကြည့်ကို ဆွဲဆောင်နေပြီး မျက်လုံးတစ်စုံသည် ချင်းချင်း၏ နိမ့်တုံမြင့်တုံဖြစ်နေသော ရင်ဘတ်ကို စိုက်ကြည့်ကာ ပြောဆိုလိုက်သည်။
"ကျောက်သခင်လေးက မင်းကို သဘောကျတာ မင်းရဲ့ကုသိုလ်ကံပဲ... အထက်တန်းစားဖြစ်ချင်နေတာကတော့ မင်းက တကယ်ကို မျက်နှာပြောင်တိုက်တာပဲ"
"သခင်လေးကို ကောင်းကောင်းဂရုစိုက်...သခင်လေးက မင်းကို ဆုချမှာ သေချာတယ်"
...
ကျောက်မိသားစု၏ နောက်မှ အားကောင်းမောင်းသန်ယောကျ်ားကြီးများက စတင်ပြောဆိုကြသည်။
ဤယောကျ်ားကြီးများသည် ကျောက်ခို့၏ ကိုယ်ရံတော်များဖြစ်ပြီး သူ့အား အထူးကာကွယ်ပေးရန် တာဝန်ယူထားသူများဖြစ်သည်။
"နင်... နင်တို့"
ချင်းချင်းသည် ကျောက်ခို့ကို လက်ညှိုးထိုးကာ အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်၏။
"နင်တို့က အရှက်မရှိတဲ့လူတွေပဲ"
ထိုအခိုက်တွင် ချင်းမိသားစုထံမှ ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာသည်။
"ဘယ်သူက အရှက်မရှိတာလဲ"
အနက်ရောင်ဝတ်ရုံရှည်နှင့် လူငယ်တစ်ဦး ထွက်လာသည်။
ထိုလူငယ်သည် တက်ကြွမှုအပြည့်နှင့် တက်သစ်စနေမင်းကဲ့သို့ပင်။ လူတိုင်းသည် သူတို့ရှေ့မှ လူငယ်ကို မကြည့်ဘဲမနေနိုင်ဖြစ်သွားသည်။
ထိုလူငယ်မှာ အခန်းထဲမှ ထွက်လာသော ချင်းမင်ပင်။ သူသည် လူတိုင်း၏အကြည့်ကို လျစ်လျူရှုကာ သူ၏ညီမ ချင်းချင်းထံသို့ တန်းတန်းမတ်မတ်လျှောက်သွားပြီး နူးညံ့စွာဆိုလိုက်သည်။
"ချင်းချင်း...ဘယ်သူက မင်းကို အနိုင်ကျင့်တာလဲ"
မျက်ရည်စများနှင့် သစ်တော်ပန်းလေးလို လှပနေသော ညီမကိုကြည့်ရင်း ချင်းမင်သည် ဒေါသထွက်လာသည်။ ချင်းချင်းသည် မိသားစုတစ်စုလုံး၏မင်းသမီးလေးအဖြစ် အမြဲရှိခဲ့ပြီး လူတိုင်းက သူမကို အလိုလိုက်ခဲ့ကြသည်။ သူမသည် အပြင်လူများ၏ ဤကဲ့သို့ အနိုင်ကျင့်ခြင်းကို ဘယ်တုန်းက ခံခဲ့ရဖူးပါသနည်း။
"အစ်ကို..."
ချင်းချင်းက သူမ၏ရှေ့မှ လူကိုကြည့်ကာ ခေါ်လိုက်သည်။