ချင်းသခင်ကြီး
Vol. 1 Ch. 5
ထိုအဘိုးအို၏နားထင်ကြောတို့သည် ဖောင်းထွက်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ အားကုန်ပြေးလွှားလာသောကြောင့် သူ၏အဖြူရောင်ဝတ်ရုံရှည်သည် လေထဲတွင် လွင့်နေပြီး အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းသည်။
"သိုင်းဆရာကြီးအဆင့်"
ချင်းမိသားစုထဲမှ တစ်စုံတစ်ယောက်က အာမေဋိတ်သံပြုလိုက်သည်။
"ဦးလေးကိုး..ကျွန်တော့်ကို ကယ်ပါဦး"
ချင်းမင်၏ ပါးရိုက်ခြင်းကို ခံနေရဆဲဖြစ်သော ကျောက်ခို့က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။
ချင်းမင်သည် အဘိုးအို ချဉ်းကပ်လာသည်ကို ကြည့်ပြီး ကျောက်ခို့ကို ထိုအဘိုးအိုထံသို့ ကန်ထုတ်လိုက်သည်။
အဘိုးအိုသည် သူ့ထံသို့ ပျံ့လွင့်လာသော ကျောက်ခို့ကို လျင်မြန်စွာ ဖမ်းယူလိုက်ပြီး ချင်းမင်ကို တင်းမာစွာကြည့်ကာ မဲ့ပြုံးပြုံးရင်း ပြောဆိုသည်။
"ကောင်လေး...ငါ မင်းကို ရပ်ခိုင်းတာ မကြားဘူးလား"
"အသက်ကြီးပြီး မလေးစားစရာကောင်းတဲ့ကောင်..မင်းက ဘာမို့လို့လဲ မင်းက ရပ်ခိုင်းတိုင်း ရပ်ရအောင် မင်းကိုယ်မင်း ငါ့မြေးလို့ ထင်နေတာလား"
ချင်းမင်က မထီမဲ့မြင်ပြုကာ ပြောဆိုလိုက်သည်။
အဘိုးအိုသည် ကျောက်ခို့ကို ဘေးမှ ကျောက်မိသားစု၏အစေခံထံသို့ ပေးအပ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် အေးစက်စက်ပြောဆိုသည်။
"စကားတတ်တဲ့ကောင်လေး... မင်းရဲ့စွမ်းရည်တွေက မင်းရဲ့ပါးစပ်လောက် ကောင်းရဲ့လားဆိုတာ ငါ ကြည့်ချင်သေးတယ်"
ထိုအဘိုးအိုကို ကျောက်မိသားစု၏သခင်ကြီးက ကျောက်ခို့ကို တိတ်တဆိတ်ကာကွယ်ရန် စေလွှတ်ထားခြင်းဖြစ်ပြီး သူ၏အဆင့်အတန်းမှာ ကျောက်ခို့၏ ဦးလေးပင်။
စောစောက သူသည် အနည်းငယ်အဝေးတွင်သာ ရပ်နေခဲ့သည်။ ချင်းမိသားစုထဲမှ တစ်စုံတစ်ယောက်က လက်ပါရဲလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ အနည်းငယ်ဂရုမစိုက်မိလိုက်သောကြောင့် ကျောက်ခို့သည် ဝက်ခေါင်းကဲ့သို့ ရိုက်နှက်ခံခဲ့ရသည်။ သူ ပြန်သွားလျှင် သခင်ကြီးက သူ့အား မည်သို့အပြစ်ပေးမည်ကို သူ မသိနိုင်ချေ။ ဤသို့တွေးမိချိန်၌ ချင်းမင်အပေါ် သူ၏မုန်းတီးမှု ပို၍ကြီးမားလာသည်။
အဘိုးအိုသည် လေဟာနယ်ထဲတွင် လျှပ်ပြက်သကဲ့သို့ လှုပ်ရှားလိုက်ပြီး ချင်းမင်၏ရှေ့သို့ ရောက်ရှိလာသည်။ သူ၏လက်ဝါးဖြင့် ချင်းမင်၏ရင်ဘတ်ကို ရိုက်နှက်လိုက်ရာ လက်ဖဝါးမှ ထွက်ပေါ်လာသော လေပြင်းသံများကို ချင်းမိသားစုဝင်အားလုံးပင် ကြားနိုင်ကြသည်။
"ဖြောင်း..."
ချင်းမင်၏ရှေ့တွင် အရိပ်တစ်ခု ရုတ်တရက်ပေါ်လာသည်။ ထိုအရိပ်သည် အရပ်မြင့်ပြီး အညိုရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ ဝတ်ရုံ၏အနားစများသည် လေနှင့်အတူ လှုပ်ရှားနေပြီး သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအင်လှိုင်းများကြောင့် ကျောက်မိသားစုဝင်များ ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်သွားကြသည်။
"အဖေ"
ချင်းချင်းက အသံကျယ်ကျယ်ဖြင့် အော်ခေါ်လိုက်သည်။
"သခင်ကြီး"
ချင်းမိသားစုဝင်များကလည်း အရိုအသေပြုလိုက်ကြ၏။
ချင်းမင်၏ရှေ့တွင် ရပ်နေသောသူမှာ ချင်းမျိုးနွယ်စု၏ခေါင်းဆောင် သိုင်းဆရာကြီးနယ်ပယ် အထွတ်အထိပ်အဆင့်ရှိသူပင်။
ထိုအရပ်မြင့်မြင့်ပုဂ္ဂိုလ်သည် နောက်သို့လှည့်မကြည့်ဘဲ သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏ရှေ့မှ အဘိုးအိုကို စူးစိုက်ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ဘာလဲ...ကျောက်မိသားစုရဲ့ အကြီးအကဲတွေက တော်လိုက်တာ... လူငယ်တွေကိုတောင် အနိုင်ကျင့်ရဲကြတယ်...လူတွေရယ်မှာ မကြောက်ဘူးလား"
ချင်းမင်သည် သူ့ဖခင်နောက်တွင် ရပ်နေပြီး စကားမပြောဘဲ သူ၏ရှေ့မှ အရပ်မြင့်မြင့်ပုံရိပ်ကို တိတ်တဆိတ်ကြည့်နေသည်။
သူ၏ဖခင်သည် နံဘေးတွင်ပုန်းနေပြီး သူ၏ရှေ့မှ အဖြစ်အပျက်ကို ကြည့်နေခဲ့သည်အား သူ သိပြီးဖြစ်သည်။
သူ၏ဖခင် လက်မပါခဲ့လျှင်ပင် သူသည် ကျောက်မိသားစု၏ အကြီးအကဲကို အလွယ်တကူ အနိုင်ယူနိုင်သော်လည်း သူသည် သူ၏အစွမ်းကို ထုတ်ဖော်ပြသရန် မလိုလားသေးသဖြင့် သူ၏ဖခင်ကို တမင်တကာ ဝင်ပါစေခဲ့သည်။
"ကောင်းပြီ ကောင်းပြီ ကောင်းပြီလေ.."
အဘိုးအိုသည် ကောင်းပြီဟု သုံးကြိမ်ဆက်တိုက်ပြောပြီးနောက် ပြင်းထန်စွာ ပြောဆိုလိုက်၏။
"ကြည့်ရတာ ချင်းမိသားစုက လျိုချန်မြို့မှာ ဆက်မနေချင်တော့ဘူးထင်တယ်..ကျောက်သခင်လေးကို ရိုက်ရဲတယ်ပေါ့...သွားကြစို့"
ထိုစကားကိုပြောပြီးနောက် အဘိုးအိုသည် ထိုလူစုနှင့်အတူ လူတိုင်း၏ရှေ့မှ ပျောက်ကွယ်သွားသည်။ ယခုအချိန်တွင် သူသည် ချင်းမိသားစု၏သခင်ကြီးကို အနိုင်တိုက်နိုင်စွမ်းမရှိချေ။
"ချင်းမင်.. ငါနဲ့အတူ စာကြည့်ခန်းကို လိုက်ခဲ့စမ်း"
ကျောက်မိသားစုထွက်သွားပြီးနောက် ချင်းသခင်ကြီးက တည်ကြည်လေးနက်စွာဆိုလိုက်သည်။
"ဟုတ်ကဲ့"
ချင်းမင်သည် ပြောဆိုပြီးနောက် သူ၏ဖခင်နောက်သို့လိုက်ကာ ချင်းအိမ်တော်ထဲသို့ လျှောက်လှမ်းဝင်သွားသည်။
ညီမဖြစ်သူ ချင်းချင်းသည် သူမ၏အစ်ကိုကို စိုးရိမ်တကြီး ကြည့်နေသည်။ ချင်းမင်သည် သူမကြောင့် ဒုက္ခရောက်ခဲ့ရသည်ကို သူမ သိရှိပေ၏။
အစ်ကိုအတွက် တောင်းပန်ပေးချင်သော်လည်း သူမ အနည်းငယ်ကြောက်ရွံ့ပြီး စည်းကမ်းတင်းကြပ်သော ဖခင်ကြောင့် သူမသည် နေရာတွင်ပင် မလှုပ်မယှက် ရပ်နေမိသည်။
ချင်းအိမ်တော်...သခင်ကြီး၏ စာကြည့်ခန်း...
ချင်းမိသားစု၏သခင်ကြီး ချင်းယွမ်သည် ယခင်နှင့်မတူဘဲ အနည်းငယ်ပြောင်းလဲနေပုံရသော ချင်းမင်ကို အံ့အားသင့်သလို ကြည့်နေသော်လည်း ပို၍ပျော်ရွှင်နေသည်။ သို့သော် ချင်းယွမ်သည် ဖခင်တစ်ယောက်၏ ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းကာ တင်းမာသောမျက်နှာဖြင့် ပြောဆိုလိုက်၏။
"ချင်းမင်...မင်း ဒီနေ့ ဘယ်လောက်ကြီးတဲ့ဒုက္ခကို ဆွဲခေါ်လိုက်လဲဆိုတာ သိရဲ့လား"
ယခင်က ချင်းမင်သည် စာကြည့်ခန်းသို့သွား၍ ဆုံးမခံရမည်ကို အကြောက်ဆုံးဖြစ်ပြီး အကြိမ်တိုင်းတွင် စိုးရိမ်တကြီးဖြစ်နေတတ်သည်။ သို့သော် ယခုမူ သူသည် မာနကြီးခြင်း နှိမ့်ချခြင်းမရှိဘဲ ယုံကြည်မှုအပြည့်ဖြင့် ရပ်နေပြီး သူ၏မျက်လုံးအကြည့်သည် နက်ရှိုင်းကာ သူ၏စိတ်ထဲတွင် အကြံအစည်များရှိနေပုံရသည်။