ဆရာသခင်
Vol. 1 Ch. 6
"အဖေ...ဒါက ဘာမှမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ် ..ကျောက်မိသားစုက ကျွန်တော်တို့ ချင်းမိသားစုကို စော်ကားဖို့လာတာ ထင်ရှားနေတာပဲ... ကျွန်တော် မလှုပ်ရှားရင်တောင် ကျောက်မိသားစုက ကျွန်တော်တို့ကို အတင်းအကျပ် လှုပ်ရှားလာအောင် လုပ်လိမ့်မယ်"
ချင်းမင်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
ကျောက်မိသားစုက အမှားရှာရန် တမင်သက်သက် ရောက်လာခြင်းဖြစ်ပြီး ဤနည်းဖြင့်သာ မနက်ဖြန်ညတွင် သူတို့၏ချင်းမိသားစုကို ဖျက်ဆီးရန် အကြောင်းပြချက် ရရှိပေမည်။
ချင်းမင် မလှုပ်ရှားခဲ့လျှင်ပင် ကျောက်မိသားစုက ချင်းမိသားစုကို လှုပ်ရှားလာအောင် အတင်းအကျပ် ဖိအားပေးပေမည်။
ချင်းမင်၏စကားကို ကြားချိန်၌ ချင်းယွမ် အံ့အားသင့်သွားသည်။ ဤအကြောင်းအရာများကို သူ သိပြီးသားဖြစ်သည်။ သူသည် အတွေ့အကြုံများစွာကို ဖြတ်သန်းခဲ့ပြီးဖြစ်ရာ ယနေ့ ကျောက်မိသားစုက တမင်သက်သက် အမှားရှာနေမှန်း သူ သိသည်။
သို့သော် ချင်းမင်ကလည်း အရာရာကို ဤမျှထိ ရှင်းလင်းစွာ မြင်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"အဖေ...အဖေက ကျောက်မိသားစုက တမင်အမှားရှာနေတာကိုပဲ သိတာ ဒါပေမဲ့ ကျောက်မိသားစုရဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ ချင်းမိသားစုတစ်ခုလုံးကို ဖျက်ဆီးဖို့ဆိုတာကိုတော့ အဖေ မတွေးမိလောက်ဘူး အခုသာ ခင်ဗျားသိရင် ညတွင်းချင်း ထုတ်ပိုးပြင်ဆင်ပြီး မိသားစုဝင်တွေနဲ့အတူ ထွက်ပြေးလောက်ပြီ"
ချင်းမင်က အံ့ဩနေသော သူ၏ဖခင်ကို ကြည့်ကာ စိတ်ထဲမှ တွေးလိုက်သည်။
"မင်းက ဘာလို့ ရုတ်တရက်ကြီး အဲ့လောက်တောင် သန်မာလာရတာလဲ"
ချင်းယွမ်က ရုတ်တရက် မေးလိုက်သည်။
ချင်းမင်၏ အရည်အချင်းမှာ သာမန်ဟုသာ ဆိုနိုင်ပြီး မိသားစုလုပ်ငန်းမှာလည်း သိပ်မကောင်းလှပေ။ ထို့ကြောင့် ချင်းမင် လေ့ကျင့်ရန်အတွက် စိတ်ဝိညာဉ်ကျောက်တုံးများ များများစားစား မရှိခဲ့ချေ။ ယခုချိန်၌ ချင်းမင်၏သိုင်းပညာအဆင့်သည် စစ်သည်တော်နယ်ပယ်တွင်သာ ဖြစ်သည်မှာ ထင်ရှားသော်လည်း သူသည် အလွန်ကောင်းမွန်သော သိုင်းပညာတစ်မျိုးကို သုံးစွဲသွားခဲ့ဟန်တူသည်။
ဤတစ်ကြိမ်တွင် ချင်းမင်က စစ်သည်တော် အဆင့်မြင့်ကျင့်ကြံသူကို အနိုင်ယူခဲ့ပြီး သူအသုံးပြုခဲ့သော သိုင်းပညာမှာ သိုင်းဆရာကြီးအဆင့်တွင်ရှိသော ချင်းယွမ်ပင် နားမလည်နိုင်အောင် ဖြစ်ခဲ့ရသည်။
သူ့ဖခင်၏ ခန့်မှန်းချက်ကိုသာ ချင်းမင် သိပါက သူ ဤသို့ ပြန်ပြောမိပေလိမ့်မည်။
'အဖေ... အဖေက အရမ်းတွေးနေတာပဲ.. ဒီလို အားနည်းတဲ့သူတွေကို ရင်ဆိုင်ဖို့ ဘာသိုင်းပညာမှ မလိုပါဘူး မျက်စိနဲ့ လက်မြန်ရင်ကို လုံလောက်နေပါပြီ'
"အဖေ... ကျွန်တော်က ဆရာတစ်ယောက်ကို ကိုးကွယ်ခဲ့ပြီးတော့ သူက ကျွန်တော့်ကို သိုင်းပညာရပ် တချို့ သင်ပေးခဲ့တယ်... ဒါပေမဲ့ အဲ့ဒီဆရာသင်ပေးလိုက်တဲ့ သိုင်းပညာက အဲ့လောက်တောင် အစွမ်းထက်ပြီး ဟိုလူတွေကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မယ်လို့ ကျွန်တော်လည်း မထင်ခဲ့မိဘူး"
ချင်းမင်က ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်သည်။
သူသည် အဖြေကို ကြိုတင်စဥ်းစားထားပြီးဖြစ်သည်။ သူသည် လျှို့ဝှက်ဆန်းကြယ်သော ဆရာတစ်ဦးကို ရရှိခဲ့သည်ဟု ရှင်းလင်းစွာ ပြောလိုက်ရုံဖြင့် သူ၏သိုင်းပညာများ မည်သည့်နေရာမှ ရလာသည်ကို ရှင်းပြနိုင်ပေလိမ့်မည်။ ထို့ပြင် မည်သည့်သိုင်းသမားကမှ သိုင်းပညာ၏ ဇစ်မြစ်ကို အသေးစိတ် လိုက်မေးနေမည်မဟုတ်ပေ။ သူ၏ဖခင်ပင်လျှင် ထိုသို့လုပ်မည်မဟုတ်ချေ။
ချင်းမင်က အစီအစဉ်ဆွဲထားပြီးဖြစ်သည်။ ယနေ့ည ကျောက်မိသားစုကို ဖျက်ဆီးပြီးနောက် မနက်ဖြန်ညတွင် သူ၏ယခင်ဆရာထံ သွားကာ မိသားစုထံသို့ ခေါ်ဆောင်လာပေမည်။
သူ၏ဆရာမှာ ဆေးဘုရင်ဖြစ်ရာ သူ လက်ရှိပိုင်ဆိုင်ထားသော အစွမ်းအစ၏ ဇစ်မြစ်ကို ဖုံးကွယ်ရန် လုံလောက်သည်။
မနေ့က ကျောက်ခို့၏ တိုက်ခိုက်ခြင်းကို အဘယ်ကြောင့် ခံခဲ့ရသနည်းဟု မေးလာပါက ကျောက်မိသားစု၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု သူ ရိုးရှင်းစွာ ရှင်းပြလိုက်ရုံသာ ဖြစ်သည်။
ထို့ပြင် ဤဘဝတွင် သူသည် ဆရာသခင်၏ တာဝန်ကို ဆက်ခံပြီး ဒန်တျန်ကို ဖျက်ဆီးခံခဲ့ရသော ဆရာ့ကိုယ်စား လက်စားချေလိုသည်။
ချင်းယွမ်က ခေါင်းညိတ်လိုက်သည်။ ကျွမ်းကျင်သူတစ်ဦးမှ တပည့်အဖြစ် လက်ခံမှသာ တစ်စုံတစ်ယောက်သည် ဤသို့ ရုတ်တရက် ကြီး အစွမ်းထက်လာနိုင်ပေမည်။
"ချင်းမင်... မင်းဆရာဆီကနေ သေသေချာချာ သင်ယူရမယ်...ဒီလို အားကြီးတဲ့သူက မင်းကို သင်ပေးချင်တယ်ဆိုတာ မင်းရဲ့ကုသိုလ်ကံပဲ"
"စိတ်မပူပါနဲ့ အဖေ... ဆရာက ကျွန်တော့်တို့ မိသားစုဆီ လိုက်လာဖို့ ကတိပေးထားပြီးသားပါ... နှစ်ရက်လောက်နေရင် ကျွန်တော်က ဆရာ့ကို မိသားစုဆီ ခေါ်လာခဲ့ပါ့မယ်"
ချင်းမင်က ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်သည်။
"ကောင်းပြီ"
ချင်းယွမ် ပျော်ရွှင်သွားသည်။ မိသားစုတွင် အားကြီးသော ပုဂ္ဂိုလ်တစ်ဦး ရှိနေပါက ကျောက်မိသားစုက မည်သို့ မောက်မာဝံ့ဦးမည်နည်း။
ချင်းယွမ်က ချင်းမင်သည် လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ကြီးနောက်သို့လိုက်ကာ သိုင်းပညာသင်ယူနေခြင်းအပေါ် အလွန်စိတ်ချမ်းသာမိသည်။ ချင်းမိသားစုတွင် လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ကြီးမှ မျက်စေ့ကျရလောက်အောင် တန်ဖိုးရှိသည့်အရာ ဘာတစ်ခုမှ မရှိပေ။
"ဒါဆိုရင် မင်းက ဆရာနဲ့အတူ ပညာသင်ယူနေမှတော့ စိတ်ဝိညာဉ်ကျောက်တုံးတွေ လိုအပ်မှာပဲ... ဒီမှာ စိတ်ဝိညာဉ်ကျောက်တုံးတချို့ရှိတယ်...မင်း ယူသွားပြီး ကောင်းကောင်းအသုံးချလိုက်..."
စကားဆုံးသည်နှင့် ချင်းယွမ်က ချင်းမင်ထံသို့ အနည်းငယ်လေးသော အိတ်တစ်လုံးကို လက်ကမ်းပေးလိုက်၏။
ချင်းမင်က လက်ခံယူပြီးနောက် ပြောဆိုသည်။
"ကျေးဇူးတင်ပါတယ် အဖေ"
သူ၏ဖခင်မှ ပေးအပ်သောအရာကို သူ မငြင်းပယ်ဝံ့ချေ။
"အင်း... ပြန်သွားပြီးတော့ သေသေချာချာ လေ့ကျင့်တော့"
"ဟုတ်ကဲ့ အဖေ"
ချင်းမင်က စာကြည့်ခန်းထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။
စာကြည့်ခန်းအပြင်ဘက်တွင် ချင်းချင်းက စိုးရိမ်တကြီးဖြင့် ဟိုဟိုသည်သည် လမ်းလျှောက်နေခဲ့သည်။ ချင်းမင် ထွက်လာသည်ကို မြင်ချိန်၌ သူမက အလျင်အမြန် သွားရောက်ကြိုဆိုပြီး စိုးရိမ်စွာဖြင့် မေးလိုက်သည်။
"အစ်ကို... အဖေက အစ်ကို့ကို အပြစ်မပေးဘူးမလား"