← Chapters

စိတ်ဝိညာဉ်ဆေးပင် ဝယ်ယူခြင်း

Vol. 1 Ch. 7

စိတ်ဝိညာဉ်ဆေးပင် ဝယ်ယူခြင်း

Vol. 1 Ch. 7

ချင်းမင်က ခေါင်းခါယမ်းလိုက်ပြီး သူ၏လက်ထဲမှ အိတ်ကို မြှောက်ပြကာ ပြောဆိုလိုက်သည်။

"ငါ့ကို အပြစ်တင်မယ့်အစား ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေကိုတောင် ပေးလိုက်သေးတယ်"

"ဝိုး... စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီးပဲ တစ်ရာ ဒါမှမဟုတ် ဆယ်နဲ့ချီပြီး ရှိလောက်တယ်"

ချင်းချင်း၏ မျက်လုံးများ တောက်ပနေပြီး သူမ၏ရှေ့မှအိတ်ကို မနာလိုစွာ ကြည့်လိုက်သည်။

"ကျွန်မ ဂရုမစိုက်ဘူး.... အစ်ကို့မှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီးရှိမှတော့ ကျွန်မအတွက် အရသာရှိတာတွေ ဝယ်ကျွေးပြီး လှပတဲ့အဝတ်အစားတွေ ဝယ်ပေးရမယ်"

"စိတ်ဝိညာဉ်ကျောက်တုံးနှစ်ရာ ရှိတယ်"

ချင်းမင်သည် အရင်ဘဝက သိုင်းပညာအဆင့်မြင့်မားသူတစ်ဦး ဖြစ်ခဲ့သည်။ သူသည် အိတ်ကို လက်ထဲတွင် ကိုင်လိုက်သည်နှင့် စိတ်ဝိညာဥ်ကျောက်တုံး မည်မျှရှိသည်ကို သိရှိပေ၏။

"မနက်ဖြန်ကျရင် ငါမင်းကို မြို့ထဲခေါ်သွားပြီး ကောင်းကောင်း လျှောက်လည်မယ် ...မင်းလိုချင်တာကို ဝယ်လို့ရတယ်"

ချင်းမိသားစု၏ မင်းသမီးလေးအနေဖြင့် ချင်းချင်းသည် အမြဲတစေ အသိတရားရှိသူဖြစ်သည်။ သူမသည် စိတ်ဝိညာဉ်ကျောက်တုံးများကို လုံးဝဖြုန်းတီးခြင်းမရှိဘဲ အမြဲတစေ ခြိုးခြံစွာ စားသောက်လေ့ရှိပေ၏။ သူ၏ညီမမှ အရသာရှိသောအရာများ စားလိုပြီး လှပသော အဝတ်အစားများ ဝယ်ချင်သည်ဟု ဆိုသော်လည်း သူမသည် စကားအဖြစ်သာ ပြောခြင်းပင်။ သူမသည် ချင်းမင် သူမနှင့်အတူ ဈေးဝယ်ထွက်ပေးရန်ကိုသာ လိုလားခြင်းဖြစ်သည်။ သူမ အများဆုံး ဝယ်လျှင်ပင် အသေးအဖွဲ အသုံးအဆောင်ပစ္စည်းများသာ ဖြစ်ပေလိမ့်မည်။

သို့သော် ဤဘဝတွင် ချင်းမင်က သူ၏ညီမကို ဆိုးဆိုးရွားရွား ဆက်ဆံမည်မဟုတ်ပေ။ သူသည် မနက်ဖြန်တွင် ညီမကို လျိုချန်မြို့ထဲတွင် လျှောက်လည်ခိုင်းပြီး အဝတ်အစားများ ဝယ်ပေးရန် စီစဉ်ထားပြီးဖြစ်သည်။

စိတ်ဝိညာဉ်ကျောက်တုံးများကို မည်သည့်နေရာမှ ရမည်နည်းဟု မေးပါက အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ရာတည်းဖြင့် မဖြစ်နိုင်ပေ။ ဤအဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ရာဖြင့် သူ၏ညီမနှင့် ထိုက်တန်သော အဝတ်အစားများကို မည်သို့ ဝယ်ယူနိုင်မည်နည်း။

စိတ်ဝိညာဉ်ကျောက်တုံးများကို ကျောက်မိသားစုထံမှ ရယူရပေမည်။

"အဲ့ဒါ အစ်ကိုပြောတာနော်... ဒါဆို ဒီအတိုင်း ဆုံးဖြတ်လိုက်ပြီ... မနက်ဖြန်ကျရင် ငါတို့ ဈေးဝယ်ထွက်ကြမယ်"

ချင်းချင်းက ချင်းမင် စကားပြန်ရုပ်သိမ်းသွားမည်ကို စိုးရိမ်သည့်အလား အတည်ပြုလိုက်သည်။

ချင်းမင်က ပြုံးကာ ခေါင်းခါယမ်းလိုက်ပြီး ရယ်မောကာ ဆိုလိုက်သည်။

"သွားမယ်.... ငါတို့ အပြင်ထွက်ကြစို့"

"ဘယ်ကိုလဲ ...ဈေးဝယ်ထွက်မလို့လား"

"မဟုတ်ဘူး... မင်းကို ပျော်စရာကောင်းတာတစ်ခု လုပ်ခိုင်းမလို့..."

"ဘာပျော်စရာကောင်းတာလဲ"

ချင်းချင်းက မျက်လုံးဝိုင်းကြီးများက ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ကလေးငယ်တစ်ဦးကဲ့သို့ ချင်းမင်ကို ကြည့်လိုက်၏။

သူမ၏အစ်ကိုသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပြီး ပို၍ယုံကြည်မှုရှိကာ ပိုမိုလျှို့ဝှက်ဆန်းကြယ်လာသည်ဟု သူမ အမြဲတစေ ခံစားနေရသည်။

ချင်းမင်၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ ကော့တက်သွားပြီး ခပ်ရေးရေးပြုံးကာ ပြောဆိုလိုက်သည်။

"သွားကြစို့...အဲ့ဒီကိုရောက်ရင် မင်း သိလိမ့်မယ်"

လျိုချန်မြို့ ရွှန်းလီလမ်း....

ချင်းမင်နှင့်ချင်းချင်းတို့သည် ခမ်းနားထည်ဝါသော အဆောက်အအုံတစ်ခုဆီသို့ ရောက်ရှိလာခဲ့ပြီး ချင်းမင်က ချင်းချင်းကို လက်ဆွဲကာ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွားသည်။

"ဧည့်သည်တော် ဘာများ မှာယူချင်ပါသလဲ" ယဉ်ကျေးသောအစေခံမလေးတစ်ဦးက သူတို့နှစ်ဦးကို ကြိုဆိုပြီး လေးစားစွာ မေးမြန်းလိုက်၏။

"ငါက ဖယ်ရှားခြင်းအမြစ် ပန်းတစ်ရာဆေးပင် ကျင်ရှန်းလီနဲ့..."

ပထမတန်းစားနှင့်ဒုတိယတန်းစား စိတ်ဝိညာဉ်ဆေးပင် ဆယ်ပင်ကျော်နှင့် တတိယတန်းစား စိတ်ဝိညာဉ်ဆေးပင်တစ်မျိုးသည် ချင်းမင်၏ ပါးစပ်မှ ထွက်ပေါ်လာသည်။

"အစ်ကို... အစ်ကိုက ဘာလို့ ကျွယ်မင်ခန်းမဆောင်မှာ ဒီပစ္စည်းတွေ လာဝယ်နေတာလဲ" ချင်းချင်းက စပ်စုစွာ မေးမြန်းလိုက်သည်။

သူမ၏အစ်ကိုချင်းမင်သည် နားလည်ရခက်လာပေ၏။ သူသည် ဤစိတ်ဝိညာဉ်ဆေးပင်များ၏ အမည်ကို မည်သည့်နေရာတွင် ကြားခဲ့သည်ကို သူမ မသိသည့်အပြင် ဤစိတ်ဝိညာဉ်ဆေးပင်များကို အဘယ်ကြောင့် ဝယ်ချင်သည်ကိုလည်း မသိချေ။

သူမ၏အစ်ကိုသည် ဆေးပညာရပ်ကို သင်ယူချင်နေသလော...

ချင်းချင်းက ခေါင်းကိုခါယမ်းလိုက်ပြီး သူမ၏ မဖြစ်နိုင်သော အတွေးကို ပယ်ဖျက်လိုက်သည်။

ဆေးဖော်စပ်ခြင်းသည် မလွယ်ကူပေ။ သူမတို့၏ ချင်းမိသားစုမှ ဆေးလုံးများကို စီမံခန့်ခွဲသဖြင့် ဆေးလုံးလုပ်ငန်းကို သူမ ကောင်းစွာသိရှိသည်။

ဆေးဖော်စပ်ခြင်းသည် ရိုးရှင်းပုံရကာ ဆေးပင်တချို့ကို ရောနှောပြီး ဆေးမီးဖိုထဲသို့ ထည့်လိုက်ရုံပင်။ အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် ဆေးလုံးများ ရရှိနိုင်သည်။

သို့သော် လက်တွေ့တွင်မူ...

ချင်းမိသားစု၏ အကြီးအကဲဖြစ်သူ နှင့် သူမ၏ဖခင်သည်လည်း ဆေးစပ်ဖော်ခြင်းကို ကြိုးစားခဲ့ဖူးသော်လည်း သူမဖခင်၏သိုင်းပညာအဆင့်ဖြင့် အရိုးရှင်းဆုံးဆေးလုံးကိုပင် မဖော်စပ်နိုင်ခဲ့ပေ။

မရေမတွက်နိုင်သော စိတ်ဝိညာဉ်ဆေးပင်များကို ဖြုန်းတီးပြီးနောက် ဖခင်ဖြစ်သူ ချင်းယွမ်သည် ဆေးဖော်စပ်ရန်အတွေးကို လုံးဝစွန့်လွှတ်ခဲ့သည်။

"မင်း ခဏနေရင် သိရမှာပါ"

ချင်းမင်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။

ချင်းမင်က သူ၏ညီမကို အမှန်အတိုင်း မပြောချင်၍မဟုတ်ဘဲ ဤအရာမှာ အလွန်ပင် မယုံနိုင်စရာ ကောင်းသောကြောင့်ဖြစ်သည်။

သူ့ညီမရှေ့တွင် ချင်းမင်သည် ဆေးတစ်ခါမှ မဖော်စပ်ခဲ့ဖူးပေ။ ရုတ်တရက် တစ်နေ့တွင် သူက "ငါ ဆေးဖော်တတ်တယ် ပြီးတော့ ငါက ဆေးဖော်ခြင်းနယ်ပယ်မှာ နတ်ဘုရားအဆင့် ဆေးဖော်ဆရာတစ်ယောက်ပဲ" ဟု ပြောလိုက်ပါက သူမ၏ညီမကို သတ်လိုက်လျှင်ပင် သူမ ယုံကြည်မည်မဟုတ်ဘဲ သူ အိပ်မက်ထဲတွင် ယောင်ပြောနေသည်ဟုသာ ထင်ပေလိမ့်မည်။

All Chapters