မင်ကဲ့သို့ မည်းနက်သော ဆေးလုံး
Vol. 1 Ch. 8
"မင်္ဂလာပါ ဧည့်သည်တော်... ရှင် လိုချင်တဲ့ ဆေးပစ္စည်းတွေအားလုံး အဆင်သင့်ဖြစ်ပါပြီ"
အစေခံမလေးက ဆေးပင်များ အပြည့်ပါသော သေတ္တာတစ်လုံးကို လက်ကမ်းပေးလိုက်သည်။
ချင်းမင် တောင်းဆိုခဲ့သော စိတ်ဝိညာဉ်အပင်များသည် အလွန်သာမန်ဖြစ်ပြီး ကျွယ်မင်ခန်းမဆောင်တွင် များစွာရှိနေသည်။
သေတ္တာကို ဆကြည့်ပြီးနောက် ချင်းမင်က မေးလိုက်သည်။
"စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်ကျလဲ"
"အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာ့ကိုးဆယ်ပါ"
"ဒီမှာ"
စိတ်ဝိညာဉ်ကျောက်တုံးများ ပေးချေပြီးနောက် ချင်းမင်က သူ၏ညီမငယ်ကို ခေါ်ဆောင်ကာ သူ၏အိပ်ခန်းသို့ တိုက်ရိုက်ပြန်လာခဲ့သည်။
"အစ်ကို ဘာလုပ်တော့မလို့လဲ... အစ်ကို တကယ်ကြီး ကိုယ်တိုင်ဆေးဖော်စပ်မှာတော့ မဟုတ်ဘူးမလား"
"ဟုတ်တာပေါ့... မဟုတ်ရင် မင်းရဲ့အစ်ကိုက ဒီစိတ်ဝိညာဉ်ဆေးပင်တွေကို ဘာလို့ ဝယ်မယ်လို့ မင်း ထင်လို့လဲ"
ချင်းမင်က ပုံမှန်အတိုင်း ပြောဆိုလိုက်၏။
ချင်းချင်းက အခန်းကို သေသေချာချာ လှည့်ပတ်ကြည့်ရှုပြီး ပြောဆိုသည်။
"အစ်ကို...အစ်ကိုက ဆေးဖော်စပါချင်ရင်တောင် အရင်ဆုံး ဆေးမီးဖိုကိုတော့ ပြင်ဆင်ထားသင့်တယ် မဟုတ်လား"
ချင်းချင်သည် ဆေးဖော်စပ်ခြင်း၏ အခြေခံအသိပညာကို သိရှိထားသည်။
ဆေးလုံးကို သန့်စင်ရန် ဆေးမီးဖို မရှိဘဲ မည်သို့ပြုလုပ်နိုင်မည်နည်း။
သို့သော် ဤအခန်းငယ်လေးထဲတွင် ဆေးမီးဖို လုံးဝမရှိပေ။ သူမ၏အစ်ကိုသည် အိပ်မက်မက်နေသလော။
"ဆေးဖော်ဖို့အတွက် ဆေးမီးဖိုက မရှိမဖြစ် လိုအပ်တယ်လို့ ဘယ်သူပြောလဲ"
ချင်းမင်က အပြုံးနှင့် ပြောဆိုလိုက်သည်။
"ဆေးနတ်ဘုရား၏ခန္ဓာကိုယ်... သန့်စင်စမ်း"
အချိန်တခဏအတွင်းမှာပင် ခရမ်းရောင်မီးတောက်တစ်ခုသည် ချင်းမင်၏ရှေ့မှောက်တွင် ထွက်ပေါ်လာသည်။
"လှ... လှလိုက်တာ..ဒါက အရမ်းလှတာပဲ"
"အစ်ကို... အစ်ကို ဒါကို ဘယ်လိုလုပ်လိုက်တာလဲ...ကျွန်မကို သင်ပေးလို့ရမလား"
ချင်းချင်က သူမ၏ရှေ့မှ လှပသော မီးတောက်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။
"မရဘူး"
ချင်းမင်က ခေါင်းခါလိုက်ပြီး သူ၏လက်ထဲမှ သေတ္တာကို ဖွင့်ကာ အတွင်းမှ စိတ်ဝိညာဉ်ဆေးပင်များကို ထုတ်ယူပြီး မီးတောက်အတွင်းသို့ တိုက်ရိုက်ပစ်ထည့်လိုက်သည်။
စိတ်ဝိညာဉ်အပင်များသည် ယဉ်ကျေးသော သိုးငယ်များကဲ့သို့ တန်းစီကာ ခရမ်းရောင်မီးတောက်ဆီသို့ ချဉ်းကပ်သွားကြသည်။
မီးတောက်နှင့်ထိတွေ့သော ဆေးပင်များသည် ချက်ချင်း အရည်ပျော်သွားပြီး သန့်စင်သော အရောင်များဖြစ်သည့် အနီ အစိမ်း အဝါ ရောင်စုံဆေးပုတီးလုံးလေးများအဖြစ် ပြောင်းလဲသွားကာ အလွန်လှပနေသည်။
မကြာမီမှာပင် ဆေးပင်များအားလုံးသည် သေးငယ်သော ဆေးရည်ပုတီးလုံးများအဖြစ် ပေါင်းစပ်သွားပြီး မမြင်နိုင်သော စွမ်းအားဖြင့် ထောက်ပံ့မှုကြောင့် လေထဲတွင် အပေါ်အောက် ပျံသန်းနေကြ၏။
"ဝိုး..."
ညီမဖြစ်သူ ချင်းချင်းသည် မအံ့ဩဘဲ မနေနိုင်တော့ပေ။
"ပေါင်းစပ်စမ်း..."
ချင်းမင်၏ အသံနှင့်အတူ သေးငယ်သော ဆေးရည်ပုတီးလုံးများသည် အလိုအလျောက် ပေါင်းစပ်သွားပြီး သေးငယ်သော ဆေးလုံးခဲများအဖြစ် ပြောင်းလဲကာ ချင်းမင်၏ လက်ထဲသို့ ပျံသန်းရောက်ရှိလာသည်။
သူ၏လက်ထဲမှ အကွက်ခုနစ်ကွက်ပါသော ချီစုစည်းခြင်းဆေးလုံးကို ကြည့်ရင်း ချင်းမင်က သူ၏နဖူးပေါ်မှ မရှိသော ချွေးများကို သုတ်လိုက်သည်။
ငါ့ရဲ့အစွမ်းက အရမ်းညံ့နေသေးတာပဲ...
အဆင့်မြင့် ချီစုစည်းဆေးလုံးကို ဖော်စပ်ဖို့ ဒီလောက်တောင် အားစိုက်ထုတ်ရတယ်...
ဒါက ပြီးပြည့်စုံတဲ့ ချီစုစည်းခြင်းဆေးလုံးတစ်လုံး ဖြစ်တော့မလို့ပဲ...
ပြီးပြည့်စုံသော အကွက်ကိုးကွက်ပါ ချီစုစည်းဆေးလုံးတစ်လုံးသာ လျိုချန်မြို့ကဲ့သို့ နေရာသေးသေးလေး၌ ထွက်ပေါ်လာခဲ့လျှင် မလိုအပ်သော ဒုက္ခများကို ဖြစ်စေနိုင်သည်။
ကံကောင်းစွာဖြင့် ဆေးနတ်ဘုရား၏ အစွမ်းကို အားကိုးကာ ချင်းမင်သည် အကွက်ကိုးကွက်မဟုတ်ဘဲ အကွက်ခုနစ်ကွက်ပါသော ချီစုစည်းခြင်းဆေးလုံးကို ဖော်စပ်နိုင်ခဲ့သည်။
"ဒါ... ဒါက ဆေးဖော်တာ အောင်မြင်သွားတာလား... ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ချင်းချင်း၏မျက်လုံးများ ပြူးကျယ်နေကာ မယုံနိုင်စွာဖြင့် ချင်းမင်၏ဆေးလုံးကို ကြည့်လိုက်သည်။
တစ် နှစ် သုံး... ခြောက် ခုနစ်...
အိုး ဘုရားရေ
အကွက်ခုနစ်ကွက်တောင် ရှိတယ်..ဒါက အဆင့် မြင့်ဆေးလုံးပဲ..
ဆေးလုံးများကို အဆင့်နိမ့် အလယ်အလတ် အဆင့်မြင့်နှင့် ပြီးပြည့်စုံခြင်းဟူ၍ လေးမျိုး ခွဲခြားထားသည်။
အဆင့်မြင့်ချီစုစည်းခြင်းဆေးလုံးသည် သိုင်းဆရာကြီးများ ကျင့်ကြံရန် အသုံးပြုသော ဆေးလုံးဖြစ်ပြီး တစ်လုံးလျှင် အလယ်အလတ်တန်းစား စိတ်ဝိညာဉ်ကျောက်တုံး ၁၀ တုံး တန်ကြေးရှိသည်။
ဆိုလိုသည်မှာ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀ပင်။
ဆေးဖော်ရတာ ခက်တယ်လို့ ပြောခဲ့တာ မဟုတ်လား....
ဆေးဖော်ဖို့ ဆေးမီးဖို လိုအပ်တယ် မဟုတ်လား...
"အမ်... ဘာလို့ ဆေးလုံးအမည်းတစ်လုံး ရှိနေရတာလဲ"
ချင်းမင်က သူ၏လက်ထဲမှ မည်းနက်နေသော ဆေးလုံးကို ကြည့်ကာ နားမလည်နိုင်ဖြစ်သွားသည်။
သဘောတရားအရ သူ့ဆေးနတ်ဘုရားနယ်ပယ်၏အစွမ်းဖြင့် မအောင်မြင်သော ဆေးလုံးကို ဖော်စပ်ရန်မှာ မဖြစ်နိုင်ပေ။
ဒီဆေးလုံးအမည်းက ဘာဖြစ်သွားတာလဲ...
ချင်းမင်က ဆေးလုံးကို သူ၏နှာခေါင်းနားသို့ ယူကာ အနံ့ခံလိုက်သည်။ ဆေးနတ်ဘုရား၏ ခန္ဓာကိုယ်က ဆေးလုံးကို ချက်ချင်း တုံ့ပြန်လိုက်ပြီး သူသည်လည်း ထိုအရာ၏အာနိသင်ကို သိရှိသွားသည်။
အလယ်အလတ်တန်းစား စိတ်ဝိညာဉ်အမြစ်အောက်ရှိ စိတ်ဝိညာဉ်အမြစ် အရည်အချင်းကို အဆင့်မြှင့်တင်ပေးသည်။
အရည်အချင်းကို အဆင့်မြှင့်တင်ပေးနိုင်တာလား...
ချင်းမင် အံ့အားသင့်သွားသည်။ ဤသည်မှာ ဆေးနတ်ဘုရားခန္ဓာကိုယ်၏ ပင်ကိုယ်စွမ်းရည်ဖြစ်သည့် ထူးခြားသော ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်သည့် အခွင့်အလမ်း အနည်းငယ်ရှိခြင်းကို ဖြစ်ပေါ်စေခဲ့ခြင်းပင်။
ဒါပေမဲ့ ဒီစွမ်းရည်က အရမ်းကို အစွမ်းထက်လွန်းတယ်...
ဤသည်မှာ အရည်အချင်းကို မြှင့်တင်ပေးသည့် အစွမ်းထက်ဆေးလုံးဖြစ်ပြီး ယခင်ဘဝက နှစ်ပေါင်း ၁၀,၀၀၀ ကျော် ရှင်သန်နေထိုင်ခဲ့သော ချင်းမင်ပင် မကြားဖူးခဲ့ပေ။
ဒီစွမ်းရည်ကို... ငါသဘောကျတယ်...