ဆေးလုံး ရောင်းချခြင်း
Vol. 1 Ch. 9
သူ၏စိတ်ဝိညာဉ်အမြစ်မှာ မီးစွမ်းအား၏ အကောင်းဆုံး လျှို့ဝှက်စိတ်ဝိညာဉ်အမြစ်ဖြစ်ပြီး အဆင့်မြှင့်တင်ရန် လုံးဝမလိုအပ်ပေ။ သို့သော် သူ၏ညီမငယ်သည် ဤဆေးလုံးကို အသုံးပြုနိုင်ပေ၏။
စိတ်ဝိညာဉ်အမြစ်များကို အဆင့်နိမ့် အလတ်အလတ် အဆင့်မြင့်နှင့် အထွတ်အထိပ်ဟူ၍ ခွဲခြားထားသည်။
"ချင်းချင်း... ဒါဆိုရင် ဒီဆေးလုံး ငါ မင်းကို ပေးမယ်"
ချင်းမင်က ချစ်စဖွယ်ပါးစပ်လေးကို ဟကာ အံ့ဩနေဆဲဖြစ်သော သူ၏ညီမထံသို့ အနက်ရောင်ဆေးလုံးကို ပစ်ပေးလိုက်သည်။
"အဆိပ်ဆေးလုံးလား..."
"ဘာအဆိပ်ဆေးလုံးလဲ...အစ်ကိုက မင်းကို ဒုက္ခပေးစရာလား...ဒါက တခြားသူတွေ အိပ်မက်ထဲမှာတောင် မက်ရတဲ့ ဆေးလုံးကောင်းပဲ"
ချင်းမင်က မကျေမနပ်ဖြင့် ပြောဆိုလိုက်သည်။
"မင်း ယုံယုံကြည်ကြည်နဲ့ သောက်လို့ရတယ်"
အစ်ကိုက ဤသည်မှာ ဆေးလုံးကောင်းတစ်လုံးဟု ဆိုသည့်အတွက် ဤသည်မှာ ကောင်းမွန်သည့် ဆေးတစ်လုံးသာ ဖြစ်ပေမည်။ ချင်းချင်းက ဘာမှမစဉ်းစားဘဲ ဆေးလုံးကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီးနောက် နှုတ်ခမ်းစူကာ ပြောဆိုလိုက်၏။
"ခါးလိုက်တာ"
ရုတ်တရက် ချင်းချင်းက စိတ်စွမ်းအင်များ သူမ၏ ဦးခေါင်းထိပ်မှ စတင်ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး လန်းဆန်းသော ခံစားမှုတစ်ခုက သူမ၏တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။
"အေးလိုက်တာ...."
ဤှခံစားချက်သည် ပူပြင်းသောနေ့တွင် ရေခဲတစ်တုံး စားလိုက်ရသကဲ့သို့ အလွန်အေးမြပြီး လန်းဆန်းစေသည်။
သို့သော် ထိုခံစားချက်သည် လျင်မြန်စွာ ပေါ်လာပြီး လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ သက်တောင့်သက်သာရှိသော ခံစားချက်သည် အချိန်တခဏအတွင်းမှာပင် ပျောက်ကွယ်သွားပေ၏။
"အစ်ကို နောက်ထပ် မရှိတော့ဘူးလား... ကျွန်မ နောက်ထပ်လိုချင်သေးတယ်"
ချင်းချင်းက သူမအစ်ကို၏ လက်မောင်းကို ကိုင်လှုပ်ကာ ပြောဆိုလိုက်သည်။
ချင်းမင်က သူ၏လက်ထဲမှ ဆေးလုံးများကို ဖြန့်ပြပြီး သူ၏ညီမကို ပြောဆိုလိုက်သည်။
"ကြည့်လေ... မရှိတော့ဘူး အကုန်လုံးက ချီစုစည်းခြင်းဆေးလုံးတွေချည်းပဲ"
ချင်းချင်းက သူမအစ်ကို၏ လက်ထဲမှ ဆေးလုံးကို သေသေချာချာ ကြည့်ပြီး ရေတွက်လိုက်သည်။
တစ် နှစ် သုံး... ခြောက်... နှစ်ဆယ်...
ဆေးလုံးနှစ်ဆယ် အတိအကျပင်။
"အစ်ကို... အစ်ကိုက ချီစုစည်းဆေးလုံး အလုံး ၂၀ တောင် ဖော်စပ်လိုက်တာလား"
ချင်းချင်းက ရုတ်တရက် ခုန်ပေါက်ကာ အော်ဟစ်လိုက်သည်။
အကွက်ခုနစ်ကွက်ပါသော ချီစုစည်းခြင်စဆေးလုံးတစ်လုံးကို အနည်းဆုံး အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀ ဖြင့် ရောင်းချရပြီး အလုံး ၂၀ ဆိုလျှင် ၂၀၀၀၀ ဖြစ်သည်။
အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၉၀ ကို ဆေးလုံးအဖြစ် ဖော်စပ်လိုက်ရာ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၉၈၁၀ အမြတ်ရရှိခဲ့သည်။
စုစုပေါင်းမှာ တစ် နှစ် သုံး...
အင်း... မသိတော့ဘူး။
ဘာပဲဖြစ်ဖြစ် အဆပေါင်းများစွာ များတယ်...
ဆေးပညာရှင်တွေက စိတ်ဝိညာဉ်ကျောက်တုံးတွေကို ဒီလိုပဲ ရှာဖွေတာလား...
ချင်းချင်းက ချင်းမင်ကို သံသယဖြင့် ကြည့်ကာ မေးမြန်းလိုက်သည်။
"အစ်ကို... တခြားလူတွေက ချီစုစည်းဆေးလုံးတစ်လုံးက အများဆုံး ဆေးလုံးဆယ်လုံးပဲ ဖော်စပ်နိုင်တယ်လို့ ပြောကြတာ မဟုတ်လား... အစ်ကိုက ဘယ်လိုလုပ်ပြီး..."
"ဒါက တခြားသူတွေက ဗဟုသုတနည်းလို့ပဲ.. တကယ့်ဆေးဆရာတစ်ယောက်က ချီစုစည်းခြင်းဆေးပင်တစ်စုံစာနဲ့ ဆေးလုံးအလုံးနှစ်ဆယ်ကို ဖော်စပ်နိုင်တယ်"
ချင်းမင်က ပုံမှန်အတိုင်း ပြောဆိုလိုက်၏။
တကယ်ပဲလား...
ငါက စာနည်းနည်းပဲ ဖတ်ဖူးတယ်ဆိုပြီး ငါ့ကို မလိမ်နဲ့နော်....
ချင်းချင်းက တစ်ခုခုမှားနေသည်ဟု အမြဲတစေ ခံစားနေရသော်လည်း မည်သည့်အရာဖြစ်သည်ကိုမူ သူမ မပြောနိုင်ခဲ့ပေ။
"သွားမယ်"
ချင်းမင်က ပြောဆိုသည်။
"ဘယ်ကိုသွားမှာလဲ"
"ဆေးလုံးရောင်းမလို့"
ဆေးလုံးရောင်းချရမည့် နေရာမှာလည်း ကျွယ်မင်ခန်းမဆောင်ပင်။ ချင်းမင်က သူ၏ညီမငယ်ကို ထိုခန်းမဆောင်သို့ နောက်တစ်ကြိမ် ခေါ်ဆောင်သွားသည်။
အစေခံမလေးသည် သူမ ခုဏကပင် ဧည့်ခံလိုက်သော ဧည့်သည် ပြန်ရောက်လာသည်ကို မြင်တွေ့ချိန်၌ အလျင်အမြန် သွားရောက်နှုတ်ဆက်ပြီး စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်၏။
"ဧည့်သည်တော်... အကူအညီများ လိုအပ်ပါသလား"
သူမ ခုဏက ရောင်းလိုက်သော စိတ်ဝိညာဉ်ဆေးပင်များနှင့်ပတ်သက်၍ ပြဿနာတစ်ခုခု ရှိနေသလော...။
သို့သော် သူမသည် အစောပိုင်းက ထိုအရာများကို သေသေချာချာ စစ်ဆေးခဲ့သည်။
ထိုစိတ်ဝိညာဉ်ဆေးပင်များအားလုံးသည် ကောင်းမွန်ပြီး လတ်ဆတ်သော ဆေးပင်များ ဖြစ်သည်။
"ငါက ဆေးလုံးရောင်းမလို့ပါ"
ထိုသို့ပြောဆိုပြီးနောက် ချင်းမင်က သူ ကိုင်ထားသော ဆေးလုံးကို လက်ကမ်းပေးလိုက်သည်။
အစေခံမလေးက ပြန့်ကျဲနေသော ဆေးလုံးကို လက်နှစ်ဖက်ဖြင့် အမြန်ထိန်းကိုင်လိုက်ပြီး သက်ပြင်းချလိုက်သည်။ သူမ ရောင်းချခဲ့သော စိတ်ဝိညာဉ်ဆေးပင်များသည် ပြဿနာမရှိသည့်ပုံပင်။
သို့ရာတွင် ဤလူနှစ်ဦးသည် အလွန်ထူးဆန်းနေပေ၏။ ဤကဲ့သို့ ဆေးလုံးရောင်းချသူကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
တခြားသူများက ဆေးလုံးများကို ကျောက်စိမ်းပုလင်းထဲတွင် ထည့်၍ ရောင်းချကြသည်။
သူမ၏ရှေ့မှ အမျိုးသားကမူ ဆေးလုံးကို လက်ဖြင့် တိုက်ရိုက်ဆုပ်ကိုင်ထားသည်။
သူမ ဧည့်ကြိုအဖြစ် လုပ်ကိုင်လာသော နှစ်ပေါင်းများစွာအတွင်း ဤကဲ့သို့သော အဖြစ်အပျက်ကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်ပြီး...
ထို့ပြင် ဤသည်မှာ အဆင့်မြင့် ချီစုစည်းခြင်းဆေးလုံးများပင်။
အိုး ဘုရားရေ...
ဤအရာများအားလုံးသည် အဆင့်မြင့် ချီစုစည်းခြင်းဆေးလုံးများ ဖြစ်သည်။
အဆင့်မြင့်ချီစုစည်းခြင်းဆေးလုံးကို သူ၏လက်ဖြင့် ဆုပ်ကိုင်ထားသလော...
"လေးစားရတဲ့ ဧည့်သည်တော်... ရှင်... ခဏစောင့်ပါအုံး... ကျွန်မတို့ရဲ့ တာဝန်ခံကို သွားခေါ်လိုက်ပါ့မယ်"
မိန်းကလေးငယ်သည် ဤမျှတန်ဖိုးကြီးသော ဆေးလုံးကို မမြင်ဖူးခဲ့သဖြင့် ဆိုင်အတွင်းသို့လှည့်ကြည့်ကာ အလျင်အမြန်အော်ခေါ်လိုက်သည်။
"တာဝန်ခံလီ... တာဝန်ခံလီ မြန်မြန်ထွက်လာခဲ့ပါ... ဒီမှာ ဧည့်သည်တစ်ယောက် ဆေးလုံးလာရောင်းနေတယ်"