လက်ဝါးထဲမှ အဆိပ်
Vol. 2 Ch. 16
“မင်းက ချင်းမိသားစုကလား”
အနက်ရောင်ဝတ်စုံဝတ်လူသည် ချင်းမိသားစုကို သူတိုက်ခိုက်ခြင်းမပြုမီမှာပင် ချင်းမိသားစုက သူ၏တံခါးဝသို့ ရောက်လာလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးချေ။
ယခုအချိန်၌ ကိစ္စသည် ပေါ်လွင်သွားပြီဖြစ်သောကြောင့် ချင်းမိသားစုသည် ကြိုတင်ပြင်ဆင်ထားပေမည်။ အကယ်၍ ကိစ္စများ ရှုပ်ထွေးသွားပါက သူတော်စင်သခင်သည် သူ့ကို သေချာပေါက် အပြစ်ပေးပေလိမ့်မည်။
“မင်းတို့က ဘာလို့ ချင်းမိသားစုကို ဖျက်ဆီးဖို့ အစွမ်းကုန် ကြိုးစားနေရတာလဲ”
ချင်းမင်က အော်ဟစ်လိုက်သည်။
“မင်း သိဖို့မလိုဘူး... ချင်းမိသားစုက သေထိုက်တဲ့လူတွေပဲ”
ထိုသို့ပြောဆိုပြီးနောက် အနက်ရောင်ဝတ်စုံဝတ်လူ၏ခန္ဓာကိုယ်ပေါ်မှ စိတ်ဝိညာဉ်စွမ်းအားများ မြင့်တက်လာပြီး သူ၏လက်ဝါးဖြင့် ချင်းမင်ထံသို့ ရိုက်နှက်လိုက်သည်။
သူ၏လက်ဝါးထဲမှ စိတ်ဝိညာဉ်စွမ်းအားသည် ဆူပွက်နေသော ရေကဲ့သို့ ပြင်းထန်စွာ တုန်ခါနေပြီး အနက်ရောင်အငွေ့လှိုင်းများ ထွက်ပေါ်နေသည်။
“ကြည့်ရတာတော့ မင်းကိုမနှိမ်နင်းမချင်း အမှန်တရားကို ပြောမှာမဟုတ်ဘူးထင်တယ်”
ချင်းမင်သည်လည်း သူ၏လက်သီးကို ဝှေ့ယမ်းကာ အနက်ရောင်ဝတ်စုံဝတ်လူထံသို့ ထိုးနှက်လိုက်၏။
ဂျွတ်ခနဲအသံနှင့်အတူ အနက်ရောင်ဝတ်စုံဝတ် လူ၏လက်ဝါး ကျိုးကြေသွားသည်။
သိုင်းအကြီးအကဲအဆင့်...
အနက်ရောင်ဝတ်စုံဝတ်လူသည် သူ့ရှေ့မှ လူငယ်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ သူ၏စိတ်နှလုံးသားသည် ဖရိုဖရဲ ဖြစ်နေပေ၏။
ချင်းမိသားစုတွင် ဤမျှ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး ရှိနေသော်လည်း သူတို့ထံတွင် ထိုအကြောင်းနှင့်ပတ်သက်၍ သတင်းအချက်အလက် တစ်စုံတစ်ရာ မရှိခဲ့ပေ။
သူ့ရှေ့မှလူ၏အင်အားကို သူ အာရုံမခံမိခဲ့သည်မှာ အံ့အားသင့်စရာမရှိပေ။ အစပိုင်းတွင် သူက သူ့ရှေ့မှ လူငယ်သည် သူ၏ချီစွမ်းအားကို ဖုံးကွယ်ရန် ကျင့်စဉ်တစ်ခုကို လေ့ကျင့်ထားသည်ဟု ထင်ခဲ့သော်လည်း သူ မှားယွင်းစွာတွေးတောခဲ့မိခြင်း ဖြစ်ကြောင်း ထွက်ပေါ်လာခဲ့သည်။
ထိုလူငယ်သည် သူ၏ချီစွမ်းအားကို ဖုံးကွယ်ရန် မည်သည့်ကျင့်စဉ်ကိုမျှ အသုံးမပြုခဲ့ချေ။ ထိုလူငယ်သည် သိုင်းအကြီးအကဲအဆင့်တွင် ရှိနေသောကြောင့် ချီစွမ်းအားကို သူ အာရုံမခံနိုင်ခဲ့ခြင်း ဖြစ်သည်။
ဤမျှထိငယ်ရွယ်သော သိုင်းအကြီးအကဲအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသလော...
“မင်းက ဘယ်သူလဲ"
ဤလူငယ်သည် ချင်းမိသားစုမှ မဟုတ်ဟု သူ သံသယဝင်လာသည်။ ချင်းမိသားစုကဲ့သို့ မိသားစုငယ်လေးတစ်ခုမှ ဤမျှ အစွမ်းထက်သော သိုင်းအကြီးအကဲအဆင့် ကျင့်ကြံသူတစ်ဦးကို မွေးထုတ်နိုင်ရန်မှာ မဖြစ်နိုင်ချေ။
“ငါက ချင်းမိသားစုရဲ့ သခင်လေး ချင်းမင်ပဲ” ချင်းမင်က အနက်ရောင်ဝတ်စုံဝတ်လူကို အေးစက်စွာကြည့်ရင်း လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။
“မင်းက ငါ့ရဲ့လက်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး...ငါနဲ့ပူးပေါင်းဆောင်ရွက်တာက မင်းအတွက် အကောင်းဆုံးပဲ”
“နောက်ပြီး ငါ မင်းကို ပြောပြမယ်...မင်းလက်ထဲက အဆိပ်က ငါ့အတွက် အသုံးမဝင်ဘူး...မင်း အချိန်မဖြုန်းတာ ပိုကောင်းလိမ့်မယ်”
ချင်းမင်နှင့် အနက်ရောင်ဝတ်စုံဝတ်လူသည် အစောပိုင်းက တိုက်ခိုက်ခဲ့ကြသည်။ အနက်ရောင်ဝတ်စုံဝတ်လူ၏ လက်ဝါးနည်းစနစ်တွင် ပြင်းထန်သော အဆိပ်များ ပါဝင်ပေ၏။ ချင်းမင်သည် အနှစ်တစ်သောင်းကျော် ရှင်သန်နေထိုင်ခဲ့ဖူးသော်လည်း ဤကဲ့သို့ အဆိပ်မျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးပေ။
မဟာသိုင်းဆရာကြီးအဆင့် ကျင့်ကြံသူတစ်ဦး၏ကျင့်စဉ်သည် မည်မျှပင် အဆင့်မြင့်နေပါစေ သိုင်းအကြီးအကဲအဆင့် ကျင့်ကြံသူတစ်ဦးကို အဆိပ်ခတ်နိုင်ရန်မှာ မဖြစ်နိုင်ချေ။
သို့ရာတွင် ဤအနက်ရောင်ဝတ်စုံဝတ်လူသည် ထိုသို့ပြုလုပ်နိုင်ခဲ့သည်။ ချင်းမင်ထံ၌ ဆေးနတ်ဘုရားခန္ဓာကိုယ်သာ မရှိခဲ့လျှင် သူသည် သူ၏ခန္ဓာကိုယ်ထဲမှ အဆိပ်ကို မည်သို့ ဖယ်ရှားရမည်အား စဉ်းစားနေရပေလိမ့်မည်။
ဤအဆိပ်သည် အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းပြီး မကြားဖူး မမြင်ဖူးပေ။
“မင်း ဘာမှမဖြစ်ဘူးလား”
ချင်းမင်က သူ၏အကြံအစည်ကို ဖော်ထုတ်လိုက်ပြီးနောက် အနက်ရောင်ဝတ်စုံဝတ် လူ၏မျက်လုံးများတွင် ထိတ်လန့်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
ဤလူငယ်သည် သိုင်းအကြီးအကဲအဆင့်မှ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း သိလိုက်ရသည့်တိုင် သူ ထိတ်လန့်သွားခြင်းမရှိခဲ့ပေ။
သူသည် ယခင်က သိုင်းအကြီးအကဲအဆင့် ကျင့်ကြံသူတစ်ဦးကို အဆိပ်ခတ်၍ သတ်ခဲ့ဖူးသည်။
ချင်းမင်က သူ့ကို စကားဆက်မပြောတော့ပေ။ သူသည် ရှေ့သို့ပြေးဝင်သွားပြီး အနက်ရောင်ဝတ်စုံဝတ်လူ၏ ခြေသလုံးကို ကန်ကျောက်လိုက်သည်။ သူသည် အနက်ရောင်ဝတ်စုံဝတ်လူကို ဦးစွာ နှိမ်နင်းပြီးမှ စစ်မေးရပေမည်။
အနက်ရောင်ဝတ်စုံဝတ်လူသည် ချင်းမင်၏ ကန်ကျောက်မှုကို မြင်ပြီး ရှောင်တိမ်းရန် ကြိုးစားလိုက်၏။ ကံမကောင်းစွာဖြင့် သူနှင့်ချင်းမင်ကြားမှ အင်အားကွာဟချက်သည် အလွန်ကြီးမားနေသည်။ သူ ရှောင်တိမ်းနိုင်စွမ်း မရှိချေ။
အနက်ရောင်ဝတ်စုံဝတ်လူသည် နာကျင်စွာ အော်ဟစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ၏ခြေထောက်အရိုး ကျိုးသွားခဲ့လေပြီ။
ချင်းမင်က သူ၏ညာဘက်ခြေထောက်ကို မြှောက်ကာ ထိုလူ၏ လက်မောင်းနှင့် ခြေထောက်ကို နင်းချလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် သူ၏ခြေလက်လေးဖက်လုံး ကျိုးသွားသည်။
“အခု ပြောလို့ရပြီလား”
ချင်းမင်က အနက်ရောင်ဝတ်စုံဝတ်လူကို မျက်နှာသေဖြင့် ကြည့်ရင်း တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။
အနက်ရောင်ဝတ်စုံဝတ်လူသည် ပြင်းထန်စွာ ချောင်းဆိုးရင်း ချင်းမင်ကို စိုက်ကြည့်လိုက်၏။ သူ၏မျက်လုံးအကြည့် တဖြည်းဖြည်း မှေးမှိန်လာသည်။
“သူတော်စင်သခင်က ငါ့အတွက် သေချာပေါက် ကလဲ့စားချေပေးလိမ့်မယ်... ငါ မင်းကို ငရဲမှာ စောင့်နေမယ်...”
ချင်းမင်က ထိုလူ၏ ပါးစပ်ကို ဖွင့်လိုက်ရာ သူ၏သွားတစ်ချောင်း ကျိုးနေသည်ကို တွေ့လိုက်ရသည်။
အချိန်တခဏအကြာတွင် အနက်ရောင်ဝတ်စုံဝတ်လူ အသက်ရှူရပ်သွားသည်။ သူ သေဆုံးသွားလေပြီ။