ဈေးဝယ်ထွက်ခြင်း
Vol. 2 Ch. 20
လျိုမြို့၏လမ်းမပေါ်တွင် ချောမောခန့်ညားသော သခင်လေးတစ်ဦးသည် ငယ်ရွယ်ပြီး လှပသော မိန်းကလေးတစ်ဦးနှင့်အတူ လမ်းလျှောက်နေသည်။
“အစ်ကို..ကြည့်ပါအုံး...အဲ့ဒါက သကြားလုံးတုတ်ထိုးပဲ....ကျွန်မက သကြားလုံးတုတ်ထိုး စားချင်တယ်”
ချင်းချင်းသည် သကြားလုံးတုတ်ထိုးကို စူးစိုက်ကြည့်နေပြီး သွားရည်များကျလိုစိတ်ပင် ဖြစ်နေသည်။
ချင်းမင်က အပြုံးနှင့် မေးလိုက်သည်။
“ဦးလေး...သကြားလုံးတုတ်ထိုးက တစ်ခုဘယ်လောက်လဲ”
“ဒါက ဈေးပေါပါတယ်”
သကြားလုံးတုတ်ထိုးရောင်းသော အဘိုးအိုသည် သကြားလုံးတုတ်ထိုးတစ်ချောင်းကို ချင်းမင်ထံသို့ ချက်ချင်းလက်ကမ်းပေးလိုက်၏။
“ဒီသကြားလုံးတုတ်ထိုးက ကြေးပြားငါးပြားပဲ ကျတယ်...”
“ပိုတာက ခင်ဗျားအတွက်ပါ...ပြန်အမ်းစရာမလိုပါဘူး”
ချင်းမင်က ငွေပြားတစ်ပြားကို လက်ကမ်းပေးရင်း ပြောဆိုလိုက်သည်။
သူထံတွင် ကြေးပြားမရှိသည့်အပြင် သူနှင့်အတူ ကြေးပြားယူဆောင်လာလိုစိတ်လည်း မရှိသောကြောင့် ငွေပြားဖြင့်သာ ငွေရှင်းလိုက်သည်။
“ကျေးဇူးတင်ပါတယ် သခင်လေး”
အဘိုးအိုသည် ငွေပြားကို ပျော်ရွှင်စွာ လက်ခံလိုက်ပြီး အလျင်အမြန် ကျေးဇူးတင်စကား ပြောဆိုလိုက်၏။
“ရော့....”
ချင်းမင်က သကြားလုံးတုတ်ထိုးကို သူ၏ညီမထံသို့ လှမ်းပေးလိုက်သည်။
ချင်းချင်းက သကြားလုံးတုတ်ထိုးကို အလျင်အမြန် ယူလိုက်ပြီး ပြုံးလိုက်သည်။
“ကျေးဇူးတင်ပါတယ် အစ်ကို...အစ်ကိုက ကျွန်မအပေါ် အရမ်းကောင်းတာပဲ"
“မနေ့က မင်းကို စိတ်ဝိညာဉ်ကျောက်တုံး ပေးခဲ့တယ် မဟုတ်လား...မင်းစားချင်ရင် ကိုယ့်ဘာသာကိုယ် ဝယ်စားပေါ့”
ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။
ယမန်နေ့က ချီစုစည်းခြင်းဆေးလုံးကို ရောင်းချပြီးနောက် သူသည် သူ၏ညီမကို အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတချို့ ပေးခဲ့သည်။
“ဟွန့်...အစ်ကိုဝယ်ကျွေးတဲ့ သကြားလုံးတုတ်ထိုးက အကောင်းဆုံးပဲ...ကျွန်မကိုယ်တိုင်ဝယ်တဲ့ သကြားလုံးတုတ်ထိုးက အစ်ကို ဝယ်တာလောက် မကောင်းဘူး”
ချင်းချင်းက နှာခေါင်းရှုံပြီး သူမက ပြောလိုက်သည်။
“ကျွန်မက အစ်ကို ဝယ်ကျွေးတာကို စားရတာပဲ ကြိုက်တယ်...."
“ကောင်းပြီလေ”
ချင်းမင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောရင်း ပြောဆိုလိုက်၏။
“နောင်တစ်ချိန်မှာ ငါက ညီမလေးအတွက် အစားအစာတွေ အများကြီးဝယ်ပေးမယ်... ဘယ်လိုလဲ”
“ဒါက အစ်ကို ပြောတာနော်....ကတိမဖျက်ရဘူး”
“ငါက ကတိမဖျက်ပါဘူး...လူကြီးလူကောင်းတစ်ယောက်က ကတိတည်ပါတယ်”
ချင်းမင်က ကတိပေးလိုက်သည်။
“ဟိုမှာ အဝတ်အစားဆိုင်တစ်ဆိုင် ရှိတယ်...ငါတို့သွားကြည့်ကြမလား”
ချင်းမင်က အလွန်ခမ်းနားထည်ဝါပုံရသော ဆိုင်တစ်ဆိုင်ကို လက်ညှိုးညွှန်ပြရင်း ချင်းချင်းကို ပြောဆိုလိုက်သည်။
“ဒါပေမဲ့ အဲ့ဒီဆိုင်က အဝတ်အစားတွေက အရမ်းဈေးကြီးတယ်"
ချင်းချင်း၏မျက်လုံးများတွင် မျှော်လင့်တောင့်တမှုများဖြင့် ပြည့်နှက်နေသော်လည်း ချီတုံချတုံ ဖြစ်နေသည်။
ချင်းမင်က သူ၏ညီမလက်ကိုကိုင်ကာ ထိုဆိုင်သို့ တိုက်ရိုက်ဆွဲခေါ်သွားသည်။
“ဒါက ဘာဈေးကြီးလို့လဲ...နောက်ကျရင် ငါ မင်းကို ချန်ယန်မြို့ကို ခေါ်သွားပြီး ကြည့်ခိုင်းမယ်.. အဲ့ဒီမှာ ပိုလှတဲ့ အဝတ်အစားတွေ ရှိသေးတယ်...”
“ညီမလေးက တကယ်လှတာပဲ...မင်းရဲ့အလှကို ပေါ်လွင်အောင် လှပတဲ့အဝတ်အစားတွေ ဝတ်ဖို့လိုတယ်... ဒီနေ့မှာ မင်းဝတ်ဖို့ သင့်တော်တဲ့ အဝတ်အစားလှလှလေးတွေ အများကြီးရှိတယ်”
ချင်းမင်နှင့်ချင်းချင်း ဆိုင်ထဲသို့ ဝင်သည်နှင့် ဆိုင်ရှင်အမျိုးသမီးသည် ချင်းချင်းကို ဆွဲကာ သူမအား အဝတ်အစားများကို မိတ်ဆက်ပေးလိုက်သည်။
ဤဆိုင်တွင် ရောင်းချသော အဝတ်အစားများအားလုံးသည် အဆင့်မြင့်အဝတ်အစားများ ဖြစ်ကြသည်။ လျိုမြို့တစ်မြို့လုံးတွင် ဤနေရာမှ အဝတ်အစားများသည် အခမ်းနားဆုံးနှင့် ဈေးအကြီးဆုံး ဖြစ်ပေ၏။
ဈေးကြီးသည့် အဝတ်အစားများကို အသုံးပြုနိုင်သော ဖောက်သည်များစွာမရှိသောကြောင့် လုပ်ငန်းလည်ပတ်မှုသည်လည်း နှေးကွေးပုံပင်။
ထို့ကြောင့် ဆိုင်ရှင်သည် ဤမျှထိ စိတ်အားထက်သန်နေခြင်းဖြစ်သည်။
“ကြည့်ပါအုံး.... ဒီဝတ်စုံကို ဘယ်လိုသဘောရလဲ"
ဆိုင်ရှင်က မိုးပြာရောင် ဝတ်ရုံတစ်ထည်ကို ထုတ်ယူကာ ချင်းချင်းကို ပြောဆိုလိုက်သည်။
ထိုမိုးပြာရောင်ဝတ်ရုံရှည်သည် အရောင်တောက်ပပြီး လက်ရာမှာလည်း သေသပ်သည်။ ဤ၀တ်စုံသည် ထင်ရှားကျော်ကြားသော အပ်ချုပ်သည်တစ်ဦးမှ ပြုလုပ်ထားကြောင်း သိသာထင်ရှားသည်။
“ဒါက အပြာရောင်ယုန်ရဲ့ အမွှေးကနေ လုပ်ထားတာ...အပြာရောင်ယုန်က တတိယတန်းစား နတ်ဆိုးသားရဲတစ်ကောင်ပဲ...သူ့ရဲ့အမွှေးက အရမ်းနူးညံ့တယ်”
“ဒါ့ပြင် အပြာရောင်ယုန်ရဲ့အမွှေးကနေလုပ်တဲ့ အဝတ်အစားတွေက ဆောင်းမှာနွေးပြီး နွေမှာအေးတယ်...အရမ်းသက်တောင့်သက်သာ ရှိတယ်”
“ဘယ်လောက်ကျလဲ”
ချင်းချင်းသည် ဤဝတ်စုံကို အလွန်ကြိုက်နှစ်သက်ကြောင်း သိသာထင်ရှားသည်။ မိန်းကလေးများသည် လှပသော အဝတ်အစားများ၏ဆွဲဆောင်နိုင်မှုအပေါ်တွင် မည်သည့်ခုခံနိုင်မှုမျှ မရှိပေ။
ဆိုင်ရှင်အမျိုးသမီးသည် ချင်းချင်း၏ စကားကို အဖြေမပေးဘဲ ပြောဆိုလိုက်သည်။
“အရင်ဆုံး စမ်းဝတ်ကြည့်ပြီးမှ ဈေးနှုန်းကို နောက်မှပြောကြတာပေါ့...မတော်ရင် ငါက နင့်အတွက် နောက်တစ်ထည် ရွေးပေးမယ်”
“ကောင်းပြီလေ”
ချင်းချင်းသည် ဤဝတ်စုံကို အမှန်တကယ်ကြိုက်နှစ်သက်သည်။ ထို့ပြင် သူမသည် စမ်းဝတ်ကြည့်ရန်အတွက် ပိုက်ဆံကုန်ရန် မလိုပေ။
အချိန်တခဏအကြာတွင် ချင်းချင်းသည် အဝတ်လဲခန်းထဲမှ ထွက်လာသည်။ သူမသည် မိုးပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ခါးနေရာတွင် ဖဲကြိုးနှစ်ခုကို ချည်ထားသည်။
အထူးသဖြင့် သူမ၏စင်ကြယ်ပြီး အပြစ်ကင်းစင်သော အသွင်အပြင်သည် မိုးပြာရောင်ဖြင့် ပေါ်လွင်ထင်ရှားနေသည်။ ဤသည်မှာ တောက်ပပြီး လှပကာ မိန်းကလေးငယ်တစ်ဦး၏ကျက်သရေကို ပြသနေပေ၏။
“အစ်ကို.... ညီမနဲ့ဒီဝတ်စုံက လိုက်ရဲ့လား”
ချင်းချင်းက ချင်းမင်ကိုလှည့်ကြည့်ကာ မေးလိုက်သည်။
“ကြည့်လို့ကောင်းတယ်”
ချင်းမင်က ခေါင်းညိတ်လိုက်၏။ သူ၏ညီမသည် မူလကတည်းက အလွန်လှပသည်။ ယခုအချိန်၌ မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသောကြောင့် သူမသည် ပို၍ပင် ဆွဲဆောင်မှုရှိနေသည်။