← Chapters

အကုန်လုံးထည့်လိုက်ပါ

Vol. 2 Ch. 21

အကုန်လုံးထည့်လိုက်ပါ

Vol. 2 Ch. 21

"ဆိုင်ရှင်....ဘယ်လောက်ကျလဲ"

ချင်းမင်က မေးမြန်းလိုက်သည်။

ချင်းချင်းနှင့် ကြည့်၍ကောင်းသောကြောင့် ချင်းမင်သည် သူ၏ညီမအတွက် ဝယ်ပေးပေမည်။ စိတ်ဝိညာဉ်ကျောက်တုံး မည်မျှထိ သုံးစွဲရပါစေ သူ၏ညီမ ကြိုက်နှစ်သက်သရွေ့ သူ ဂရုမစိုက်ချေ။

"ဒါက ဈေးမကြီးပါဘူး"

ဆိုင်ရှင်အမျိုးသမီးက အပြုံးနှင့် ပြောဆိုလိုက်သည်။

"ဒီဝတ်စုံကို အရမ်းလှတဲ့ မိန်းကလေးက ဝတ်ဆင်မှာမလို့ ကျွန်မက ဈေးသက်သက်သာသာနဲ့ ပေးလိုက်ပါ့မယ်...."

"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀ ပါ... ဘယ်လို သဘောရလဲ"

ချင်းချင်းသည် ထိတ်လန့်သွားပေ၏။

"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးသုံးရာတဲ့လား..."

ဤဝတ်စုံသည် ဈေးကြီးနိုင်သည်ကို သူမ သိသော်လည်း ဤမျှထိ ဈေးကြီးလိမ့်မည်ဟု သူမ တွေးထင်မထားခဲ့ပေ။

"အစ်ကို....ကျွန်မတို့ ဒါကို မဝယ်တော့ဘူး"

ချင်းချင်းက အဝတ်လဲခန်းသို့ ပြန်သွားကာ အဝတ်အစားပြန်လဲရန် ပြင်ဆင်လိုက်သည်။

အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးရာသည် မည်မျှထိ တန်ဖိုးရှိသနည်း။ ချင်းမိသားစု၏ခြောက်လစာဝင်ငွေသည် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးရာသာ ရှိသည်။

ချင်းမင်က အဝတ်အစားလဲလိုသော ချင်းချင်းကို တားဆီးလိုက်ပြီး ဆိုင်ရှင်ကို ပြောလိုက်၏။

"ဒီဝတ်စုံကို ငါတို့ ယူမယ်...ဒါနဲ့ အရည်အသွေးတူညီတဲ့ အဝတ်အစားတချို့ကိုလည်း ပြင်ဆင်ပြီးတော့ ငါတို့အတွက် ထုတ်ပိုးပေးပါအုံး"

"အစ်ကို....အစ်ကိုက ဒီလောက်ထိများတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ဘယ်ကနေ ရတာလဲ"

ချင်းချင်းက သူမ၏လှပသောမျက်လုံးများကို ဖွင့်ကာ သံသယဖြင့် မေးမြန်းလိုက်သည်။

"ဟုတ်ကဲ့ ခဏစောင့်ပါအုံး....ကျွန်မက အခုချက်ချင်း ပြင်ဆင်ပေးပါ့မယ်"

ဆိုင်ရှင်အမျိုးသမီးသည် ငွေရှင်းသရွေ့ စိတ်ဝိညာဉ်ကျောက်တုံးများ မည်သည့်နေရာက လာသည်ကို ဂရုမစိုက်ချေ။

"အစ်ကိုဆီမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီးရှိတယ်....မင်းကြိုက်သရွေ့ လျိုမြို့တစ်မြို့လုံးကိုတောင် ဝယ်ပေးမယ်"

ချင်းမင်က အပြုံးနှင့် ပြောဆိုလိုက်သည်။

"ဒီဝတ်စုံကို ဘယ်လိုထင်လဲ... ဒီဝတ်စုံက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀ ကျပြီးတော့ ဒီမိန်းကလေး ဝတ်ဖို့ အရမ်းသင့်တော်တယ်"

ဆိုင်ရှင်အမျိုးသမီးက ပန်းရောင်ဝတ်စုံတစ်ထည်ကို ထုတ်ယူကာ ချင်းမင်ကိုကြည့်ပြီး ပြောဆိုလိုက်၏။

"ထည့်လိုက်ပါ..."

ချင်းမင်က ပြောဆိုသည်။

"ဒီခရမ်းရောင်ဝတ်ရုံရှည်ကလည်း သင့်တော်တယ်"

"ဒါလည်း ထည့်လိုက်ပါ"

"ဒီတစ်ထည်ကရော..."

"အကုန်လုံး ထည့်လိုက်ပါ"

အချိန်တခဏအကြာတွင် အဝတ်အစားဆိုင်တွင် ချင်းချင်းအတွက် သင့်တော်သော အဝတ်အစားများ မရှိတော့ပေ။

"ကျွန်မ ရှင့်အတွက် တွက်ပေးမယ်....ဒီအဝတ်အစားတွေက စုစုပေါင်း အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ထောင့်သုံးရာ ကျသင့်တယ်...ကျွန်မက ဒါကို အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ထောင်ပဲ ယူလိုက်ပါ့မယ်"

ဆိုင်ရှင်အမျိုးသမီးက အပြုံးနှင့် ပြောဆိုလိုက်သည်။

ဤအဝတ်အစားများကို ရောင်းချပြီးပါက သူမသည် အဆင့်မြင့်ကုန်ကြမ်းပစ္စည်းတချို့ ထပ်မံ၍ဝယ်ယူရန် လိုအပ်ပေမည်။ သူတို့သည် ဆိုင်ထဲမှ အလှဆုံးအဝတ်အစားများကို ဝယ်ယူသွားပြီးဖြစ်သည်။

ယမန်နှစ်က ဆိုင်၏လုပ်ငန်းသည် ယနေ့တစ်နေ့လုံး ရောင်းချရသော ပမာဏကိုပင် မမီခဲ့ပေ။

ထို့ပြင် ဤအဆင့်မြင့်အဝတ်အစားများသည် ဆိုင်ထဲမှ တခြားသာမန်အဝတ်အစားများထက် အဆများစွာ အမြတ်အစွန်းပိုရသည်။

"ဒါဆိုရင် ဒါက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးနှစ်ထောင်ပါ"

ချင်းမင်က လက်ဝှေ့ယမ်းလိုက်ရာ ကောင်တာပေါ်တွင် အလယ်အလတ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံးနှစ်ထောင် ထွက်ပေါ်လာသည်။

"သိုလှောင်ရတနာ..."

ဆိုင်ရှင်အမျိုးသမီးနှင့်ချင်းချင်းတို့ နှစ်ဦးလုံး တွေဝေသွားကြသည်။

သိုလှောင်ရတနာသည် အလွန်အဖိုးတန်သော ပစ္စည်းတစ်ခုပင်။ အနည်းဆုံးအနေဖြင့် ချင်းမိသားစုတွင် သိုလှောင်ရတနာ တစ်ခုမျှ မရှိပေ။ ပုံမှန်အားဖြင့် မဟာသိုင်းဆရာကြီးအဆင့် ကျင့်ကြံသူများသာ သိုလှောင်ရတနာကို ပိုင်ဆိုင်ကြသည်။

ထို့ပြင် ချင်းမင်၏သိုလှောင်ရတနာသည် လက်စွပ်တစ်ခု ဖြစ်ပေ၏။ ဤကဲ့သို့သော သေးငယ်သော သိုလှောင်ရတနာသည် သံသယဖြစ်ဖွယ်မရှိ ပို၍အဖိုးတန်သည်။

ဆိုင်ရှင်အမျိုးသမီးသည် ချက်ချင်းဆိုသလိုပင် ပို၍ရိုသေလေးစားသွားသည်။

"ကျွန်မက ရှင့်ရဲ့စိတ်ဝိညာဉ်ကျောက်တုံးတွေကို လက်ခံပြီးပါပြီ ....ဒါက ရှင် ဝယ်ခဲ့တဲ့ အဝတ်အစားတွေပါ"

ချင်းမင်က ခေါင်းညိတ်ကာ အဝတ်အစားများကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။

"အစ်ကို....အစ်ကိုရဲ့ သိုလှောင်လက်သွပ်က ဘယ်ကရတာလဲ"

သူတို့အဝတ်အစားဆိုင်မှ ထွက်သည်နှင့် ချင်းချင်းက စိတ်မထိန်းနိုင်တော့ဘဲ မေးမြန်းလိုက်၏။

ချင်းမင်က သူမ၏နှာခေါင်းကို တို့ထိကာ ပြောဆိုလိုက်သည်။

"ဒါက ငါ့ရဲ့ဆရာက ပေးထားတာပါ"

"ဒါဆို အစ်ကိုရဲ့ဆရာက အရမ်းအစွမ်းထက်မှာပဲ"

ချင်းချင်းက စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။

"သူက တကယ့်ကို အရမ်းအစွမ်းထက်ပါတယ်" ချင်းမင်၏စိတ်ထဲတွင် သူ့ဆရာ၏ပုံရိပ် ထင်ဟပ်လာသည်။

ထိုညသည် မှောင်မိုက်သော ညတစ်ညပင်။ သူတို့မိသားစုသည် ကျောက်မိသားစု၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ သူ့ကို ထွက်ပြေးနိုင်ရန် ကာကွယ်ပေးခဲ့တသာ သူ၏မိဘများသည် သူ့ရှေ့မှာပင် သေဆုံးသွားခဲ့ကြသည်။

သူ့မိဘများ၏ ကာကွယ်မှုကြောင့် သူသည် အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်ခဲ့ပေ၏။

သူ၏မိဘများသည် သူ့ရှေ့တွင် ကြေကွဲဖွယ်ရာ သေဆုံးခဲ့ကြသည်။ အချိန်တခဏကြာသည်အထိ သူသည် စိတ်ပျက်အားငယ်မှုအတွင်းသို့ ကျရောက်သွားသည်။

ထိုအချိန်တွင် သူသည် သူ၏ဆရာနှင့် တွေ့ဆုံခဲ့လေ၏။

သူ၏ဆရာသည် သူ့ဘဝ၏ အမှောင်မိုက်ဆုံးအချိန်တွင် မျှော်လင့်ချက်အလင်းတန်းတစ်ခု ပေးခဲ့ပြီး သူ့ကို အသက်ဆက်ရှင်သန်ခွင့် ပေးခဲ့သည်။

ဆရာမရှိလျှင် အနာဂတ်တွင် ကုန်းမြေတစ်ခုလုံးကို တုန်လှုပ်စေမည့် 'ဧကရာဇ်မင်' ဆိုသည်မှာ ရှိလာမည် မဟုတ်ချေ။

"ဆရာ စောင့်နေပါ ...ကျွန်တော် ဒီည ဆရာ့ကို လာခေါ်ပါ့မယ်"

All Chapters