← Chapters

ငါ့ညီမကို ဘယ်သူရိုက်တာလဲ

Vol. 2 Ch. 23

ငါ့ညီမကို ဘယ်သူရိုက်တာလဲ

Vol. 2 Ch. 23

"မင်းတို့က ဘယ်သူတွေလဲ...ငါ့ညီမရဲ့ အဝတ်အစားတွေကို ချွတ်ရဲတယ်ပေါ့...သေချင်နေကြတာလား"

ချင်းမင်က သူ့ညီမ၏ဘေးသို့ လျှောက်လှမ်းသွားပြီး သူမကို နူးညံညင်သာစွာ ကြည့်လိုက်သည်။

ချင်းမင်က ချင်းချင်း၏ပါးပေါ်တွင်အုပ်ထားသော လက်ငယ်လေးကို တွန်းဖယ်လိုက်သည်။ သိသာထင်ရှားသော လက်ဝါးရာတစ်ခုက ချင်းမင်၏မျက်လုံးရှေ့တွင် ထွက်ပေါ်လာပေ၏။

မူလက သူမ၏ဖြူဖွေးနူးညံသော မျက်နှာသည် ဤအနီရောင်လက်ဝါးရာကြောင့် ပျက်စီးသွားရာ ချင်းမင်၏နှလုံးသားကို နာကျင်သွားစေသည်။

"နာလား..."

ချင်းမင်က နူးညံညင်သာစွာ မေးမြန်းလိုက်သည်။

ချင်းချင်းသည် ဦးစွာခေါင်းခါယမ်းပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူမသည် ချင်းမင်ကို မြင်တွေ့ချိန်၌ သူမ၏မျက်နှာ အနည်းငယ် လန်းဆန်းလာသည်။

"တခြားလူတွေရဲ့ကိစ္စထဲ ဝင်မရှုပ်နဲ့...ငါတို့က ဘယ်သူတွေလဲဆိုတာ မင်း သိလား...ငါတို့က ချန်မိသားစုကပဲ..."

အစေခံကဲ့သို့ ဝတ်ဆင်ထားသော လူထွားကြီးတစ်ဦးက ပြောဆိုလိုက်သည်။

ချန်မိသားစုသည် ယခုအချိန်၌ လျိုမြို့တွင် အလွန်နာမည်ကျော်ကြားနေသည်။ ချန်ယန်မြို့သို့ သွားရာလမ်းသည် ဖြတ်တောက်ခံထားရကာ ချန်မိသားစုသည် မျက်စိတစ်မှိတ်အတွင်း ရေပန်းစားလာသည်။ မြို့တော်ဝန်ပင်လျှင် ချန်မိသားစုထံသို့ ကိုယ်တိုင် သွားရောက်ခဲ့ရသည်။

လျိုမြို့တွင် သူတို့ကို မျက်နှာသာမပေးလိုသော မိသားစုဟူ၍ မရှိချေ။ ဤသည်မှာ သူတို့ကို ယခင်ကထက် ပို၍မောက်မာပြီး ဥပဒေမဲ့ဖြစ်စေခဲ့သည်။

"ငါ့ညီမကို ဘယ်သူရိုက်တာလဲ"

ချင်းမင်၏အသံသည် အနည်းငယ်အေးစက်နေပြီး သူ၏မျက်နှာပေါ်တွင် မည်သည့်အမူအယာမျှ မရှိချေ။ သူသည် လက်ရှိနေရာတွင်ရှိနေသော လူတိုင်းကို တိတ်ဆိတ်စွာ ကြည့်လိုက်၏။

ဤစကားကိုကြားချိန်၌ ချန်မိသားစုမှ အစေခံလူထွားကြီးသည် စိတ်မကျေမနပ် ဖြစ်သွားသည်။

"ငါ ပြောတာကြားလား....မင်းရှေ့ကလူက လျိုမြို့က ချန်မိသားစုရဲ့ သခင်မလေးပဲ"

"ဒီမိန်းမက မင်းအတွက် ဘယ်သူဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး... သူက ငါတို့သခင်မလေးကို စော်ကားတယ်...ဒါကြောင့် သူ ငါတို့ကို တောင်းပန်ရမယ်....မင်း ကြားလား"

"ငါ မေးနေတယ်...ငါ့ရဲ့ညီမကို ဘယ်သူရိုက်တာလဲ"

ချင်းမင်၏အသံ ပို၍အေးစက်တင်းမာလာသည်။

"ဟမ့်..."

ချန်သခင်မလေးက လက်တစ်ဖက်ဖြင့် ခါးထောက်ရင်း မကျေမနပ်ဖြင့် ပြောဆိုလိုက်သည်။

"ဘာဖြစ်လဲ... ငါ ရိုက်တာ...ဘာလုပ်ချင်လဲ.. နင်က ငါ့ကို ရိုက်ချင်နေတာလား"

သူမ၏စကားဆုံးသည်နှင့် ချင်းမင်သည် ချန်သခင်မလေး၏ရှေ့တွင် ထွက်ပေါ်လာသည်။ ချင်းမင်က လက်ဆန့်တန်းကာ သူမကို ရိုက်လိုက်သည်။ ချန်သခင်မလေး၏ မျက်နှာပေါ်တွင် အနီရောင်လက်ဝါးရာကြီး ထင်ဟပ်လာပေ၏။

"နင်က ငါ့ကို ရိုက်ရဲတယ်လား... ငါ ဘယ်သူလဲဆိုတာ နင် သိလား...နင်က ငါ့ကိုတောင် ရိုက်ရဲတယ်"

ချန်သခင်မလေးသည် သူမ၏မျက်နှာကို ဖုံးအုပ်ရင်း ချင်းမင်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။

ဤလူသည် သူမကို ရိုက်ရဲလိမ့်မည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဖူးချေ။ လျိုမြို့တွင် မည်သည့်မိသားစုက ချန်မိသားစု၏ အကူအညီကို မတောင်းဘဲ နေမည်နည်း။ ဤကဲ့သို့အရေးကြီးသော အချိန်အခိုက်အတန့်တွင် သူမကို ရိုက်ရဲသူတစ်ဦး ရှိနေသည်။

"မင်းက သေချင်နေတာလား... ငါတို့ရဲ့သခင်မလေးကို ရိုက်ရဲတယ်ပေါ့.. ညီအစ်ကိုတို့ သူ့ကိုသတ်လိုက်ကြစမ်း"

ချန်မိသားစု၏ အစေခံတစ်ယောက်က ပြောဆိုလိုက်သည်။

ရုတ်ချင်းဆိုသလိုပင် ချန်မိသားစုအစေခံများအားလုံး ချင်းမင်ကို ဝန်းရံလိုက်ကြသည်။

ကြည့်ရှုသူများသည် ချက်ချင်းဆိုသလို့ပင် အဝေးသို့ ရှောင်တိမ်းလိုက်ကြ၏။

ချန်သခင်မလေး အရိုက်ခံရ၍ သူတို့ အလွန်ပျော်ရွှင်ကြသော်လည်း သူတို့သည် ဤလူငယ်ကို ကူညီမည် မဟုတ်ပေ။

ချန်မိသားစုသည် ထိပ်သီးမိသားစုလေးစုအနက်မှတစ်စုပင်။ ဤသည်မှာ သူတို့ကဲ့သို့ သာမန်ပြည်သူများ စော်ကားနိုင်သော အရာမဟုတ်ချေ။

"အစကတော့ ငါက မိန်းမတွေကို မရိုက်ချင်ခဲ့ဘူး.... ဒါပေမဲ့ တချို့မိန်းမတွေက အရမ်းပေါတောတောနိုင်လွန်းတော့ ငါ မရိုက်ဘဲ မနေနိုင်တော့ဘူး"

ချင်းမင်က သူ၏လက်ဝါးကို ပြန်ကြည့်ရင်း ပြောဆိုလိုက်၏။

ချန်မိသားစုသည် ချင်းမင်၏စိတ်ထဲတွင် အမည်ပျက်စာရင်းဝင်သွားလေပြီ။ အနာဂတ်တွင် အခွင့်အရေးရှိပါက ချင်းမင်သည် ချန်မိသားစုကို ချေမှုန်းပစ်ပေမည်။

ကျောက်မိသားစုကဲ့သို့ပင် ချန်မိသားစုမှ မည်သူတစ်ဦးတစ်ယောက်မျှ အသက်ရှင်ရက် ချန်ထားမည် မဟုတ်ချေ။

"နင်တို့အားလုံး သူ့ကိုတိုက်ခိုက်ကြတော့...သူ့ကိုရိုက်သတ်လိုက်ကြစမ်း"

ချန်သခင်မလေးက အော်ဟစ်လိုက်သည်။

ချင်းမင်ကို ဝန်းရံထားသော ချန်မိသားစု၏ အစေခံအနည်းငယ်က မနှစ်မြို့ဖွယ် ပြုံးလိုက်ကြသည်။

"ငါ မင်းကို တခြားလူတွေရဲ့ကိစ္စထဲ ဝင်မရှုပ်နဲ့လို့ ပြောသားပဲ...မင်းက ငါတို့သခင်မလေးကို ရိုက်ရဲတယ်ပေါ့...မင်း အခု ငရဲကိုသွားတော့..."

ထိုသို့ပြောဆိုပြီးနောက် လူအနည်းငယ်သည် ချင်းမင်ကို ဖမ်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် သူ့ထံသို့ ပြေးဝင်လာကြသည်။

ချင်းမင်သည် သူတို့၏လှည့်ကွက်များကို ကြာမြင့်စွာကတည်းက မြင်တွေ့ထားပြီး ဖြစ်သည်။ ဤအစေခံများသည် စစ်သည်တော်အဆင့်တွင်သာ ရှိကြသည်။ သူ၏မျက်စိထဲတွင် သူတို့သည် ပိုးမွှားများနှင့် တူညီသည်။

ချင်းမင်က လေထုအတွင်းသို့ခုန်တက်ကာ သူ့ထံသို့ ပြေးဝင်လာသော အစေခံများကို နင်းချေလိုက်သည်။ သူသည် အစေခံတစ်ဦး၏ မျက်နှာကို ကန်ကျောက်ကာ သူ့ကို လွင့်ထွက်သွားစေသည်။

ချင်းမင်၏မျက်စိထဲတွင် ဤအစေခံများ၏လှုပ်ရှားမှုများသည် အားနည်းချက်များနှင့် ပြည့်နှက်နေပေ၏။ ချင်းမင်၏ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုကိုပင် ဤလူများ မတားဆီးနိုင်ကြချေ။

မကြာမီမှာပင် ထိုလူများအားလုံး မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ သူတို့သည် သူတို့၏မျက်နှာများကို ဖုံးအုပ်ရင်း ချင်းမင်ကို ကြောက်ရွံ့စွာ ကြည့်လိုက်ကြသည်။

All Chapters