← Chapters

ချင်းမင်၏လွှမ်းမိုးချုပ်ကိုင်နိုင်မှု

Vol. 2 Ch. 24

ချင်းမင်၏လွှမ်းမိုးချုပ်ကိုင်နိုင်မှု

Vol. 2 Ch. 24

အကယ်၍ ချင်းမင်သည် သူ၏လက်များကို အသုံးပြုပါက သူ၏လက်များ ညစ်ပတ်သွားသည်ဟု ခံစားရပေလိမ့်မည်။ ထို့ကြောင့် ချင်းမင်သည် ဤအချိန်တစ်လျှောက်လုံး ထိုလူများ၏မျက်နှာများကို ကန်ကျောက်ရန် သူ၏ခြေထောက်များကို အသုံးပြုခဲ့သည်။ ချန်မိသားစု အစေခံတစ်ဦးစီတိုင်း၏ မျက်နှာများသည် ကန်ကျောက်ခံရမှုကြောင့် ဖူးရောင်နေသည်။

ထိုကိစ္စ အဆုံးသတ်သွားပြီးနောက် ချင်းမင်သည် နေရာတွင်ရပ်ကာ သူ၏လက်နှစ်ဖက်ကိုပွတ်သပ်၍ ဖုန်ခါလိုက်သည်။ ချန်မိသားစု၏အစေခံများအားလုံးသည် မြေပြင်ပေါ်၌ လဲကျနေပေ၏။ ချန်သခင်မလေးသည် သူ့ကို ထိတ်လန့်တကြားနှင့်ဒေါသတကြီး ကြည့်လိုက်သည်။

"ညီမလေး သူတို့ကိုကြည့်လိုက်အုံး... ငါမင်းအတွက် ကလဲ့စားချေပေးလိုက်ပြီ"

ချင်းမင်က နောက်သို့လှည့်ကာ ချင်းချင်းကို ပြောဆိုသည်။

ချင်းချင်းသည် ချန်မိသားစုဝင်များကို တစ်ဦးချင်း ကြည့်လိုက်သည်။ သူတို့အားလုံး၏မျက်နှာများသည် ဖူးရောင်နေကြ၏။ အထူးသဖြင့် အစေခံများဖြစ်ကာ သူတို့၏သွားများသည် ကျိုးပဲ့သွားပြီး သူတို့သည် မြေပြင်ပေါ်တွင် သူတို့၏သွားများကို ရှာဖွေနေကြသည်။

ချင်းချင်းသည် ချန်မိသားစု၏ ကြေကွဲဖွယ်ရာ အခြေအနေကို မြင်ချိန်၌ စိတ်မထိန်းနိုင်ဘဲ ရယ်မောမိလိုက်သည်။

ချင်းချင်း၏ရယ်မောသံနှင့်အတူ ပတ်ဝန်းကျင်မှ လူများသည်လည်း ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြသည်။

"ဟား ဟား ဟား..."

"ကြည့်ပါအုံး.. ချန်မိသားစုက အဲ့ဒီသခင်မလေးက အစကတည်းက ရုပ်ဆိုးနေတာ...အခု သူက ဝက်ခေါင်းဖြစ်အောင် အရိုက်ခံလိုက်ရတော့ ပိုတောင်ရုပ်ဆိုးသွားသေးတယ်...ငါ့မှာသာ အဲ့ဒီလောက်ရုပ်ဆိုးတဲ့ သမီးတစ်ယောက်ရှိရင် သူ့ကိုအပြင်ထွက်ခွင့်ပေးမှာ မဟုတ်ဘူး"

"ပြီးတော့ ဒီအစေခံတွေကရော ခုနက အရမ်းမောက်မာခဲ့တာ မဟုတ်ဘူးလား..ဘာလို့ အခုမြေပြင်ပေါ်မှာ သူတို့အားလုံး လဲလျောင်းနေကြတာလဲ....ဒါဆို ဒီလူတွေအားလုံးက အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်တဲ့ လူစားမျိုးတွေပဲ"

ချန်သခင်မလေးသည် ဤကဲ့သို့ အရှက်ခွဲခံရခြင်းကို တစ်ကြိမ်တစ်ခါမျှ မကြုံခဲ့ဖူးချေ။ သူမသည် ပတ်ဝန်းကျင်မှ လူများကို လက်ညှိုးထိုးကာ ဆဲဆိုလိုက်သည်။

"နင်တို့အားလုံး စောင့်နေကြစမ်း...ချန်မိသားစုက နင်တို့ကို ဘယ်တော့မှ အလွတ်ပေးမှာမဟုတ်ဘူး"

သူမ၏အသံ တိတ်သွားသည်နှင့် လူအုပ်ကြီးသည်လည်း အသိဝင်လာကြသည်။ ချန်မိသားစုသည် ဆိုးရွားစွာ အရိုက်ခံခဲ့ရသော်လည်း ဤသည်မှာ သူတို့မစော်ကားနိုင်သော ချန်မိသားစု ဖြစ်နေသည်။

"ပြေးကြတော့..."

ဤအော်ဟစ်သံနောက်တွင် ပတ်ဝန်းကျင်မှ လူအုပ်ကြီးသည် ချက်ချင်း ထွက်ပြေးသွားကြ၏။

ထိုအချိန်ကျမှသာ ချန်သခင်မလေးသည် အနည်းငယ် နေသာထိုင်သာ ရှိသွားသည်။ သူမသည် ယုံကြည်မှုတချို့ ပြန်လည်ရရှိသွားပုံရပြီး ချင်းမင်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ပြင်းထန်စွာ ပြောဆိုလိုက်သည်။

"နင့်မှာအရည်အချင်းရှိရင် နင့်ရဲ့နာမည်ကိုပြောစမ်း.... ငါ နင့်ကို သေချာပေါက် ကလဲ့စားချေမယ်"

သူမသည် အိမ်ပြန်ရောက်ချိန်၌ သူမ၏အစ်ကိုကို ရှာဖွေ၍ သူမအတွက် ကလဲ့စားချေခိုင်းရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

သူမ၏အစ်ကိုသည် ချန်မိသားစု၏သခင်လေးဖြစ်ကာ သူ၏ကျင့်ကြံမှုသည် သိုင်းဆရာကြီးနယ်ပယ် ပထမအဆင့်သို့ ရောက်ရှိနေလေပြီ။

"ချင်းမိသားစု...ချင်းမင်"

ထိုသို့ပြောဆိုပြီးနောက် ချင်းမင်သည် ချင်းချင်း၏လက်ကိုကိုင်ကာ ကျွယ်မင်ခန်းမဆောင်ထံသို့ လျှောက်လှမ်းသွားသည်။

ချင်းမင်သည် စကားဆုံးသည်နှင့် ချက်ချင်း ထွက်သွားကာ သူသည် သူမ၏ကလဲ့စားချေမှုကို တစိုးတစိမျှ စိုးရိမ်ပုံမရချေ။ ချန်သခင်မလေးသည် စိတ်မထိန်းနိုင်တော့ဘဲ ပို၍ပင်ဒေါသထွက်လာသည်။

"ငါတို့ ချန်မိသားစုကို ပြန်ကြမယ်.. ငါက အခုချက်ချင်း ငါ့ရဲ့အစ်ကိုကို သွားရှာပြီးတော့ သူ့ကိုငါ့အတွက် တရားမျှတမှု ပြန်ယူခိုင်းမယ်"

တခြားတစ်ဖက်တွင် ချင်းမင်နှင့် ချင်းချင်းသည် အဝေးသို့ လျှောက်လှမ်းသွားကြလေပြီ။ ချင်းချင်းသည် သူမ၏ရှေ့တွင် လမ်းလျှောက်နေသော သူမ၏အစ်ကိုကို ကြည့်ရင်း စိတ်မထိန်းနိုင်တော့ဘဲ သူမ၏မျက်နှာပေါ်တွင် ပျော်ရွှင်သောအပြုံးတစ်ခု ထင်ဟပ်လာသည်။

သူမသည် သူမ၏အစ်ကိုက သူမကို ကာကွယ်ပေးသည့် ခံစားချက်ကို ကြိုက်နှစ်သက်ပေ၏။ သူမအစ်ကို၏ ကာကွယ်မှုသည် သူမကို လုံခြုံမှုအပြည့် ပေးစွမ်းနိုင်သည်။ သူမသည် ကမ္ဘာလောကတစ်ခုလုံး နေရောင်ခြည်ဖြင့် ပြည့်နှက်နေသည်ဟု ခံစားမိသည်။

သို့သော် သူမကြောင့် သူမ၏အစ်ကိုသည် ယနေ့ တွင် ချန်သခင်မလေးကို ရိုက်ခဲ့သည်။ ထိုကြောင့် သူမသည် အနည်းငယ် စိုးရိမ်မိလေ၏။

"အစ်ကို.... အစ်ကိုက ချန်သခင်မလေးကို ရိုက်လိုက်တယ်...သူက အစ်ကိုကို ကလဲ့စားချေမှာလား ... သူ့မှာ အရမ်းတော်တဲ့ အစ်ကိုတစ်ယောက်ရှိတယ်လို့ ကြားတယ် ....ဒါ့ပြင် ချန်မိသားစုက ထိပ်သီးမိသားစုကြီးလေးစုက တစ်စုပဲ...ချင်းမိသားစုက သူ့ကို စော်ကားလို့မရနိုင်ဘူးလို့ ကျွန်မ ထင်တယ်"

ချင်းမင်က သူ့ညီမ၏ခေါင်းကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။

"စိတ်မပူနဲ့... ငါ ရှိနေသရွေ့ ချန်မိသားစုက ဘာမှမဟုတ်ဘူး"

"ဟုတ်ကဲ့"

ချင်းချင်း၏မျက်နှာပေါ်တွင် ချိုမြိန်သော အပြုံးတစ်ခု ထင်ဟပ်လာသည်။ သူမ၏အစ်ကိုက ဘာမှမဖြစ်ဘူးဟု ပြောသရွေ့ မည်သည့်ကိစ္စမျှ ဖြစ်ပွားလာမည် မဟုတ်ချေ။

ချင်းမင်သည် သူ့ညီမ

မျက်နှာပေါ်မှ မှေးမှိန်ခြင်းမရှိသေးသော အနီရောင်လက်ဝါးကို ကြည့်ပြီးနောင် သူ၏မျက်နှာသည် အေးစက်တင်းမာသွားပေ၏။

"ချန်မိသားစု.... ငါ မင်းတို့ကို အလွတ်ပေးမှာမဟုတ်ဘူး"

"ငါ့ရဲ့ညီမကိုတောင် ရိုက်ရဲတယ်... မင်းတို့အားလုံး သေသင့်တယ်"

ထိုအချိန်မှာပင် သူတို့သည် ကျွယ်မင်ခန်းမဆောင်သို့ ရောက်ရှိလာကြသည်။

"ရောက်လာကြပြီလား... ကျေးဇူးပြုပြီး ဝင်ထိုင်ကြပါအုံး"

အစေခံမလေးသည် ချင်းမင်နှင့်ချင်းချင်းတို့ ရောက်လာသည်ကို မြင်ပြီး သူတို့ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

ချင်းမင်က တာဝန်ခံလီကို ခေါ်လိုသော အစေခံမလေးကို တားဆီးကာ ပြောဆိုလိုက်၏။

"ငါ့က စိတ်ဝိညာဉ်ဆေးပင်တချို့ ဝယ်ရုံပဲ.. တာဝန်ခံလီကို ခေါ်ဖို့မလိုပါဘူး"

အစေခံမလေးသည် တာဝန်ခံလီကိုခေါ်ရန် ဟန်ပြင်နေခြင်းကို အလျင်အမြန်ရပ်တန့်ကာ ပြောဆိုလိုက်သည်။

"သခင်လေးက ဘယ်စိတ်ဝိညာဉ်ဆေးပင်ကို လိုချင်တာလဲ ...ကျွန်မ အခုချက်ချင်း သွားယူလိုက်ပါ့မယ်"

"ရေခဲလီအရေပြား...ရေခဲနှလုံးမြက်..."

ချင်းမင်က စိတ်ဝိညာဉ်ဆေးပင်အချို့ကို ပြောဆိုလိုက်သည်။

ဤအရာများအားလုံးသည် ပထမအဆင့် စိတ်ဝိညာဉ်ဆေးပင်များဖြစ်ပြီး အလွန်အသုံးများသည်။

All Chapters