← Chapters

ဟန်ဆောင်ခြင်း

Vol. 2 Ch. 30

ဟန်ဆောင်ခြင်း

Vol. 2 Ch. 30

သူ့ဆရာဖြစ်သော ဤလူငယ်သည် သူ့ကို တပည့်အဖြစ် မလိုချင်သော အခြေအနေအပေါ် သူ မည်သို့မျှ မတတ်နိုင်တော့ချေ။ ရုတ်တရက် သူ တစ်ခုခုစဉ်းစားမိသည်။

"ချင်းသခင်လေး....ငါ့မှာ ရန်သူတစ်ယောက်ရှိတယ်... ဒါက မင်းအတွက် ဒုက္ခတွေ ဖြစ်မလာစေဖို့ ငါ မျှော်လင့်မိတယ်"

သူ၏တပည့်သည် သူ့ကို လိုက်လံဖမ်းဆီးနေဆဲပင်။ သူသည် အန္တရာယ်ကို သူ၏ဆရာထံသို့ ယူဆောင်လာမည် မဟုတ်ချေ။

"ခင်ဗျားရဲ့တပည့်အကြောင်းကို ပြောပြနိုင်မလား"

ချင်းမင်က မေးမြန်းလိုက်သည်။ ချင်းယန်၏တပည့်သည် မည်သည်ကြောင့် သူ့ကို ဤမျှထိ ဆိုးရွားသော အခြေအနေမျိုးသို့ ရောက်ရှိစေခဲ့သည်ကို ချင်းမင်လည်း သိလိုပေ၏။

ယခင်ဘဝတွင် ချင်းမင်သည် အလွန်အားနည်းခဲ့သောကြောင့် သူ၏ဆရာသည် ရန်သူများအကြောင်း တစ်ခွန်းမျှမပြောပြခဲ့ဘဲ သူ့ကို ယွမ်ကုန်းမြေသို့သာ ခေါ်ဆောင်သွားခဲ့သည်။

ချင်းယန်သည် ချင်းမင်၏စကားကို ကြားချိန်၌ သူ၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

"ငါ့ရဲ့ရန်သူက ငါ့ရဲ့ တစ်ဦးတည်းသောတပည့်ပဲ.... သူ့ရဲ့နာမည်က ကျွယ်ရှင်း...ငါ့ရဲ့ဒန်တျန် ပျက်စီးသွားတာနဲ့ ငါ့ရဲ့ခန္ဓာကိုယ်ထဲက အဆိပ်က သူ့ကြောင့် ဖြစ်ခဲ့တာပဲ...ငါ မတော်တဆရရှိခဲ့တဲ့ နတ်ဘုရားအဆင့် ဆေးမီးဖိုကို ရဖို့အတွက် သူက အပြင်လူတွေနဲ့ပေါင်းပြီး ငါ့ကို လုပ်ကြံခဲ့တယ်"

" ဒီယုတ်မာတဲ့တပည့်က ငါ့ကိုချောင်းမြောင်းတိုက်ခိုက်ခဲ့ပြီးတော့ ငါရဲ့ဒန်တျန်ကို ဖျက်ဆီးပြီး ငါ့ကို လက်ဝါးနဲ့တောင် ရိုက်ခဲ့တယ်...ငါ့မှာ အဆင့်ရှစ် သေခြင်းရှင်ခြင်းဆေးလုံးတစ်လုံးသာ မရှိခဲ့ရင် ငါက သူရဲ့လက်ထဲမှာ သေနေလောက်ပြီ"

"ကံကောင်းတာက ငါ့ရဲ့စွမ်းအားက မဆိုးတာကြောင့် ငါက သိုင်းဘုရင်အဆင့်ကို ရောက်နေတာပဲ..ဒါ့ပြင် ငါ့ရဲ့ကျင့်ကြံဆင့်ကို ယာယီတိုးမြှင့်ပေးနိုင်တဲ့ ဆေးလုံးတချို့လည်း ငါ့မှာ ရှိတယ်..ဒါကြောင့် ငါက လူတွေအများကြီးရဲ့ ဝိုင်းရံတိုက်ခိုက်မှုအောက်ကနေ ထွက်ပြေးနိုင်ခဲ့တယ်"

သူ၏တပည့်အကြောင်း ပြောချိန်တွင် ချင်းယန်၏မျက်လုံးများအတွင်း၌ မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။

"သူက တကယ်ပဲ မုန်းဖို့ကောင်းတယ်... ဒီလိုလူမျိုးက သေသင့်တယ်"

ချင်းမင်၏မျက်လုံးများတွင်လည်း သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။ သူ၏ယခင်ဘဝတွင် သူ့ထံ၌ စွမ်းအားမရှိခဲ့ပေ။ ဤဘဝတွင် သူသည် ဤလူယုတ်မာကို သေချာပေါက် ဖယ်ရှားရှင်းလင်းရပေမည်။

"ခင်ဗျား ဘာမှစိတ်ပူဖို့မလိုပါဘူး...ကျွန်တော်က တခြားလူတွေရဲ့ အနိုင်ကျင့်တာကို ခံမယ့်သူမျိုးမဟုတ်ဘူး...သူသာ ကျွန်တော့်ကို လာရှာရဲရင် ကျွန်တော်က သူ့ကို ချက်ချင်းသတ်ပစ်လိုက်မယ်"

"ချင်းမိသားစုမှာ သိုင်းဘုရင်အဆင့်တစ်ယောက်ရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်တဲ့ အရည်အချင်းရှိလို့လား"

အသူရာမီးလျှံဆေးဘုရင်က အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။

လျိုမြို့သည် မြို့ကြီးတစ်မြို့မဟုတ်ချေ။ သူတို့အဆင့်သို့ ရောက်ရှိနေသော ကျင့်ကြံသူတစ်ဦးအတွက် လျိုမြို့သည် မြို့ငယ်လေးတစ်မြို့ပင်။

ဤကဲ့သို့ နေရာငယ်လေးတစ်ခုတွင် သိုင်းဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး မည်သို့ ရှိနိုင်မည်နည်း။

ချင်းမင်က ခေါင်းခါယမ်းပြီး ပြောဆိုလိုက်၏။

"ကျွန်တော့်မှာ ဒီအရည်အချင်းရှိတာ မဟုတ်ဘူး... ခင်ဗျားမှာ ဒီလိုအရည်အချင်း ရှိတာပါ"

"ငါလား..."

ချင်းယန်က မယုံကြည်နိုင်စွာဖြင့် အံ့အားတသင့် ပြောဆိုလိုက်သည်။

"ငါ့ရဲ့ဒန်တျန်က ပျက်စီးနေပြီ... အခုချိန်မှာ ငါက ဆေးဖော်စပ်နိုင်တဲ့ အရည်အချင်းတချို့ ရှိတာကလွဲရင် အမှိုက်တစ်စပဲ"

ဒန်တျန်၏အဓိကအသုံးဝင်မှုသည် စိတ်ဝိညာဉ်စွမ်းအားများကို သိုလှောင်ရန်ပင်။ ချင်းယန်သည် ဒန်တျန်ပျက်စီးသွားသည့်တိုင် လေထုအတွင်းမှ စိတ်ဝိညာဉ်စွမ်းအားများကို အသုံးပြုပြီး ဆေးဖော်စပ်နိုင်ပေ၏။

သို့ရာတွင် လေထုအတွင်းမှ စိတ်ဝိညာဉ်စွမ်းအားများကို အသုံးပြုပြီး ဆေးဖော်စပ်ရန်အတွက် စိတ်စွမ်းအင်များစွာ လိုအပ်သည်။

ချင်းယန်သည် ဒန်တျန် ပျက်စီးသွားပြီး စိတ်ဝိညာဥ်စွမ်းအားမရှိတော့သဖြင့် သူသည် စိတ်စွမ်းအင်ကိုသာ အသုံးပြုနိုင်ပေ၏။

ရန်သူများသည် လေဟာနယ်အတွင်းမှ စိတ်ဝိညာဉ်စွမ်းအားများကို သူ ဖြည်းဖြည်းချင်းစုပ်ယူနေသည်ကို စောင့်ဆိုင်းနေမည် မဟုတ်ချေ။ တိုက်ပွဲသည် အချိန်တခဏအတွင်းတွင် တိုက်ခိုက်လေ့ရှိရာ အသူရာမီးလျှံဆေးဘုရင်က သူ၏စိတ်စွမ်းအင်အားလုံးကို သုံးလျှင်ပင် သိုင်းအကြီးအကဲအဆင့်တွင်ရှိသော ရန်သူတချို့ကိုသာ ကိုင်တွယ်နိုင်ပေလိမ့်မည်။

"ခင်ဗျားရဲ့ ဒန်တျန်က ပျက်စီးသွားရုံလေးပါ ....ကျွန်တော် ခင်ဗျားကို မကယ်နိုင်တာတော့ မဟုတ်ဘူး....ခင်ဗျားကိုကယ်ဖို့ လိုအပ်တဲ့ စိတ်ဝိညာဉ်ဆေးပင်တွေက အရမ်းတန်ဖိုးကြီးပေမဲ့ ဒီလောကကြီးမှာ ရှိနေသေးတယ်...ဒီဆေးပင်တွေရှိနေသရွေ့ ခင်ဗျားကို ကယ်နိုင်တယ်... အချိန်တော့ နည်းနည်းကြာလိမ့်မယ်"

ချင်းမင်က ယုံကြည်မှုရှိစွာပြောလိုက်သည်။ အသူရာမီးလျှံဆေးဘုရင်ကို ကုသနိုင်သည့် အဆင့်ကိုးဆေးလုံးတစ်မျိုး ရှိကြောင်း သူ သိရှိထားသည်။

"ဒါပေမဲ့ ခင်ဗျားရဲ့အမြင့်ဆုံးစွမ်းအားကို ယာယီပြန်ရဖို့ နည်းလမ်းတွေ အများကြီးရှိတယ်...အဲ့ဒီတပည့်က ခင်ဗျားကို လာရှာရဲရင် ကျွန်တော်ပေးတဲ့ ဆေးလုံးကို မျိုချပြီး အဲ့ဒီလူယုတ်မာကို ခင်ဗျားလက်နဲ့ ကိုယ်တိုင်သတ်လိုက်ပါ... ကျွန်တော်က ခင်ဗျားရဲ့စွမ်းအားကို ယာယီပြန်ရရစေနိုင်တဲ့ ဆေးလုံးတစ်မျိုးကို သိထားတယ်"

"ကောင်းပြီလေ...ဟား ဟား ဟား..."

အသူရာမီးလျှံဆေးဘုရင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောပြီး ပြောဆိုလိုက်သည်။

"ဒီလိုဆိုမှတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ စိတ်အေးသွားပြီ"

ချင်းမင်က ဆက်လက်၍ ပြောဆိုသည်။

"ကျွန်တော်မှာ ခင်ဗျားကို တောင်းဆိုစရာတစ်ခုရှိတယ်"

"ဘာလဲဆိုတာသာ ပြောပါ...ငါ တတ်နိုင်သရွေ့ အစွမ်းကုန် လုပ်ဆောင်ပေးပါ့မယ်"

အသူရာမီးလျှံဆေးဘုရင်က သူ၏မုတ်ဆိတ်ကိုသပ်ကာ အပြုံးဖြင့်ပြောဆိုလိုက်သည်။

ယခုချိန်၌ သူ၏အကျပ်အတည်း ပြေလည်သွားပြီ။ ထို့ပြင် သူသည် လက်စားချေနိုင်မည့် မျှော်လင့်ချက်ကိုပင် မြင်တွေ့နေရသည်။ အသူရာမီးလျှံဆေးဘုရင်၏အပြုအမူသည် သိသိသာသာ ပြောင်းလဲသွားပေ၏။

"ဒါက ဒီလိုပါ"

ချင်းမင်က ရှက်ကိုးရှက်ကန်းဖြင့် ပြောဆိုလိုက်သည်။

"ကျွန်တော်က ကျွန်တော့်ရဲ့အဖေကို လျှို့ဝှက်ဆန်းကြယ်တဲ့ ထိပ်သီးဆေးပညာရှင်တစ်ယောက်က ကျွန်တော်ရဲ့ဆရာဖြစ်သွားတာကြောင့်ကျွန်တော့်မှာ စွမ်းအားတချို့ရှိလာတာလို့ ပြောထားတယ်... ဒါကြောင့် ကျွန်တော်က ခင်ဗျားကို ကျွန်တော့်ရဲ့ဆရာအဖြစ် ဟန်ဆောင်စေချင်တယ်"

"ဘာ"

အသူရာမီးလျှံဆေးဘုရင်က ထိတ်လန့်သွားပြီး အလျင်အမြန်လက်ဝှေ့ယမ်းလိုက်သည်။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...ငါက ဘယ်လိုလုပ်ပြီး မင်းရဲ့ဆရာအဖြစ် ဟန်ဆောင်နိုင်မှာလဲ"

"မရဘူး...ဒါက လုံးဝမဖြစ်နိုင်ဘူး"

All Chapters