အဆိပ်နဂါးဆေးလုံး
Vol. 2 Ch. 28
အသူရာမီးလျှံဆေးဘုရင်က တစ်စုံတစ်ယောက်သည် လေဟာနယ်အတွင်း၌ ဆေးဖော်စပ်နိုင်လိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မစဉ်းစားခဲ့ဖူးချေ။
ယနေ့တွင် သူ့အား အမှန်တကယ်ကို အမြင်ကျယ်သွားစေခဲ့သည်။
"ဘယ်လိုလဲ...."
ချင်းမင်က ရိုးရိုးရှင်းရှင်း မေးမြန်းလိုက်၏။
အသူရာမီးလျှံဆေးဘုရင်က ချင်းမင်ကို မယုံနိုင်သောအကြည့်ဖြင့် ကြည့်လိုက်သည်။ သူ၏မျက်နှာပေါ်မှ အံ့အားသင့်မှုသည် ပျောက်ကွယ်သွားခြင်း မရှိသေးချေ။
သူ၏ရှေ့မှလူငယ်သည် သူ့တပည့်မှ စေလွှတ်လိုက်သူမဟုတ်ကြောင်း သူ သေချာပြောနိုင်လေပြီ။
သူ၏တပည့် မည်မျှထိ အစွမ်းထက်ပါစေ ဤလူငယ်ကို အမိန့်ပေးနိုင်ရန်မှာ မဖြစ်နိုင်ပေ။
အသူရာမီးလျှံဆေးဘုရင်က ဤလူငယ်သည် ဆေးနတ်ဘုရားအဆင့်သို့ အမှန်တကယ် ရောက်မရောက်ကို အတပ်မပြောနိုင်သော်လည်း တစ်ခုသေချာသည်မှာ...
ဆေးဖော်စပ်သည့်အချိန်တွင် ဤလူငယ်၏ စွမ်းအားသည် နားမလည်နိုင်လောက်အောင်ပင်။
သူ ဖော်စပ်သောဆေးလုံး၏အဆင့်သည် အနည်းဆုံး ဆေးဧကရာဇ် သို့မဟုတ် ဆေးသူတော်စင်အဆင့်တွင် ရှိနေပေလိမ့်မည်။
ဒီလောကကြီးမှာ ဘာတွေမှားနေတာလဲ...
ဒီလောကကြီးက ရူးနေတာလား ဒါမှမဟုတ် ငါက ရူးနေတာလား....
ဒီလူငယ်က ဘယ်လောက်အသက်ကြီးသေးလို့လဲ...
သူ့ရဲ့ ဆေးဖော်စပ်မှုစွမ်းရည်က အခုကတည်းက ဒီလောက်တောင် အစွမ်းထက်နေတယ်....
"မင်းက တကယ်ပဲ ငါ့ကို စောင့်ဖို့ တမင်သက်သက်လာခဲ့တာလား"
အသူရာမီးလျှံဆေးဘုရင်သည် ယုံကြည်နိုင်ခြင်း မရှိသေးချေ။
ချင်းမင်က ခေါင်းညိတ်ပြီး ဆက်လက်၍ ပြောဆိုသည်။
"ခင်ဗျား အခုယုံသင့်ပြီ ...ခင်ဗျားက ကျွန်တော့်အတွက် ဘာတန်ဖိုးမှမရှိဘူး...အနည်းဆုံးတော့ ခင်ဗျားသိသမျှ အရာအားလုံးကို ကျွန်တော်သိတယ်....ကျွန်တော်က ခင်ဗျားရဲ့ ဆေးဘုရင်အဆင့် ဆေးပညာကို အထင်ကြီးဖို့ မဖြစ်နိုင်ဘူး ...ဒါ့ပြင် ခင်ဗျားရဲ့ဒန်တျန်ကလည်း ပျက်စီးနေပြီးတော့ ခင်ဗျား အဆိပ်မိနေတယ်"
"ငါ အဆိပ်မိနေတာလား...မဖြစ်နိုင်ဘူး...ငါက ဆေးဘုရင်တစ်ယောက်.. ဒါကြောင့် အဆိပ်တွေကို အာရုံခံနိုင်မှု အရမ်းမြင့်မားတယ်.. ငါက ဘယ်လိုလုပ်ပြီး အဆိပ်မိနိုင်မှာလဲ"
အသူရာမီးလျှံဆေးဘုရင်က ခေါင်းခါယမ်းပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူသည် ဆေးဘုရင်တစ်ယောက်ပင်။ သူ မည်သည်ကြောင့် အဆိပ်မိနိုင်မည်နည်း။
"အဲ့ဒါက အရောင်မရှိ အနံ့မရှိတဲ့ အဆိပ်နဂါးဆေးလုံးဆိုရင်ရော...."
ချင်းမင်က တည်ငြိမ်သောလေသံဖြင့် ပြောဆိုလိုက်သည်။ သူ၏အသံသည် အလွန်တိုးညှင်းသော်လည်း အသူရာမီးလျှံဆေးဘုရင်၏ နားထဲသို့ ရောက်သွားချိန်တွင် မိုးခြိမ်းသံကဲ့သို့ မြည်ဟီးသွားသည်။
အဆိပ်နဂါးဆေးလုံးသည် အရောင်မရှိ အနံ့မရှိသော နှေးကွေးစွာ အာနိသင်ပြသော အဆိပ်ဆေးလုံးတစ်မျိုးပင်။ အဆိပ်အာနိသင်မပြမီတွင် အဆိပ်မိသူသည် လုံးဝမခံစားနိုင်ချေ။
သူ ခံစားနိုင်သည့်အချိန်တွင် ဆေးလုံး၏အာနိသင်သည် အလွန်ပြင်းထန်နေပေမည်။
"မဖြစ်နိုင်ဘူး ....ငါက ဘယ်လိုလုပ်ပြီး အဆိပ်နဂါးဆေးလုံးနဲ့ အဆိပ်မိနိုင်မှာလဲ.. ဒါ့ပြင် မင်းက ငါ အဆိပ်နဂါးဆေးလုံးရဲ့ အဆိပ်မိနေတယ်ဆိုတာကို ဘယ်လိုလုပ်ပြီး သိနိုင်တာလဲ"
အသူရာမီးလျှံဆေးဘုရင်၏မျက်လုံးများ ပြူးကျယ်နေကာ သူ၏ရှေ့မှ လူငယ်ကိုကြည့်ရင်း ကျယ်လောင်စွာအော်ဟစ်၍ မေးမြန်းလိုက်၏။
ချင်းမင်က အသူရာမီးလျှံဆေးဘုရင်၏ဘေးသို့ လျှောက်သွားပြီး သူ၏ရင်ဘတ်ပေါ်ရှိ ချီစွမ်းအားများစုစည်းသောနေရာကို ညင်သာစွာဖိလိုက်သည်။
အစပိုင်းတွင် အသူရာမီးလျှံဆေးဘုရင်က ရှောင်တိမ်းလိုသော်လည်း သူ မည်မျှထိ ရုန်းကန်ပါစေ ရှောင်တိမ်းရန် မဖြစ်နိုင်ကြောင်း သူ သိလိုက်သည်။
သူ ကြောက်လန့်တကြားဖြစ်သွားကာ သူ၏မျက်နှာဖြူဖျော့သွားစဉ်မှာပင် လူငယ်၏လက်ဝါးမှ ညင်သာသော စိတ်ဝိညာဉ်စွမ်းအားလှိုင်းတစ်ရပ် ဝင်ရောက်လာသည်။
အသူရာမီးလျှံဆေးဘုရင်က အမည်းရောင်သွေးတစ်လုတ် အန်ထုတ်လိုက်ပြီးနောက် သူ၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။
ထိုအမည်းရောင်သွေးများသည် မီးလောင်နေသော ချော်ရည်ကဲ့သို့ဖြစ်ပြီး မြေပြင်ပေါ်မှထုံးကျောက်ကို အမည်းရောင်ဖြစ်သွားစေကာ မကောင်းသောအနံ့အသက်တစ်ခုကို ထုတ်လွှတ်နေသည်။
"ဒါက ခင်ဗျားရဲ့ခန္ဓာကိုယ်ထဲက ဆေးအဆိပ်ပဲ... ကျွန်တော်က ခင်ဗျားခံစားမိအောင် ကျွန်တော့်ရဲ့စွမ်းအားနဲ့ နှိုးဆွပေးလိုက်တာပဲ..."
ချင်းမင်က မြေပြင်ပေါ်မှ အမည်းရောင်သွေးများကိုကြည့်ကာ သူ၏မျက်နှာပေါ်တွင် မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။
"ငါ တကယ့်ကို အဆိပ်မိနေတာပဲ"
မြေပြင်ပေါ်မှ အမည်းရောင်သွေးများကို မြင်တွေ့ချိန်တွင် အသူရာမီးလျှံဆေးဘုရင်သည် သူအဆိပ်မိနေသည်ကို ယုံကြည်သွားလေ၏။
ထို့ပြင် ဤအဆိပ်၏အာနိသင်ကိုကြည့်လျှင် ထိုအရာသည် အဆင့်ခုနစ်ဆေးလုံးများ၏ အဆင့်သို့ အမှန်တကယ်ကို ရောက်ရှိနေလေပြီ။
ဆေးဘုရင်အဆင့်ရှိသော သူ့ကို တိတ်တဆိတ် အဆိပ်ခတ်နိုင်ကာ အဆိပ်မိပြီးနောက် သူ မည်သည့်အရာမျှ မခံစားရရန်အတွက် အဆင့်ခုနစ်အဆိပ်ဆေးလုံးတစ်လုံးသာ ဤသို့ လုပ်နိုင်ပေမည်။
"အခု ခင်ဗျားက ကျွန်တော် ခင်ဗျားကိုစောင့်ဖို့ တမင်သက်သက် လာခဲ့တာကို ယုံပြီလား..ပြီးတော့ ကျွန်တော့်မှာ ခင်ဗျားအပေါ် ဘာမကောင်းတဲ့ ရည်ရွယ်ချက်မျိုးမှ မရှိဘူး"
ချင်းမင်က အသူရာမီးလျှံဆေးဘုရင်ကို ညင်သာစွာ ကြည့်လိုက်သည်။ ဤလူသည် သူ၏ယခင်ဘဝက ဆရာဖြစ်ခဲ့သူပင်။
အသူရာမီးလျှံဆေးဘုရင်၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ ယခုချိန်၌ သူ၏ရှေ့မှလူငယ်သည် သူ့အပေါ်၌ မည်သည့် မကောင်းသော ရည်ရွယ်ချက်မျိုးမျှ မရှိကြောင်း ယုံကြည်သွားလေပြီ။
အစောပိုင်းက လှုပ်ရှားမှုမှတဆင့် ဤလူငယ်၏စွမ်းအားကို သက်သေပြပြီးဖြစ်သည်။ သူ၏ဆေးပညာသည် ဤလူငယ်လောက် အစွမ်းထက်ခြင်း မရှိချေ။
"ချင်းသခင်လေး...ငါ့ကို တပည့်အဖြစ် လက်ခံပေးပါ"
ကုန်းမြေတစ်ခုလုံးကို တုန်လှုပ်စေခဲ့သော အသူရာမီးလျှံဆေးဘုရင်သည် ဒူးတစ်ဖက်ထောက်ကာ ချင်းမင်ကို တောင်းပန်လိုက်သည်။