← Chapters

ဖန်းရှစ်ကျုံးသေဆုံးခြင်း_၂

Vol. 26 Ch. 351

ဖန်းရှစ်ကျုံးသေဆုံးခြင်း_၂

Vol. 26 Ch. 351

ဖန့်ဖူမှ ပြောသည်။

“ဇီယွဲ့ မင်းကိုယ့်ကိုယ်ကိုယ် အရမ်းတင်းကြပ်ဖို့ မလိုပါဘူး။ ငါနဲ့ မင်းအဖေနဲ့က သွေးသောက်ညီအစ်ကိုတွေပဲ။ အဲဒီတုန်းက ငါမှားယွင်းဆုံးဖြတ်ခဲ့တာကြောင့်သာ မဟုတ်ခဲ့ရင် မင်းရဲ့အဖေလည်း ဆုံးပါးခဲ့ရမှာ မဟုတ်ဘူး။ မင်းလည်း မုဆိုးမမိခင်ကြီးနဲ့အတူ ကျန်ရစ်ခဲ့ရပြီး မိဘမဲ့ကလေးတစ်ယောက်ဖြစ်သွားခဲ့ရမှာ မဟုတ်ဘူး။ အရမ်းခက်ခဲတဲ့ဘဝကိုလည်း ဖြတ်သန်းခဲ့ရမှာ မဟုတ်ဘူး”

ထန်ဇီယွဲ့မှ ပြောသည်။

“ဦးလေးဖူ အဲဒီအကြောင်းတွေ မပြောကြရအောင်ပါ။ ဦးလေးရဲ့အမှား မဟုတ်ပါဘူး။ ကျိန်းသေပေါက် တစ်ယောက်ယောက်ကို အပြစ်တင်ရမယ်ဆိုရင်လည်း အဲဒီလူက ဖန်းရှစ်ကျုံးပဲဖြစ်လိမ့်မယ်”

ဖန့်ဖူ မျက်မှောင်ကြုတ်လိုက်သည်။

“ဇီယွဲ့ ခန်းမအရှင်သခင်ဖန်းကလည်း သူများ လှည့်ဖျားတာ ခံခဲ့ရတာပါ…”

“တော်လိုက်ပါတော့ ဦးလေးဖူ။ ခန်းမအရှင်သခင်တစ်ယောက်ဖြစ်ပြီးတော့ လူတွေရဲ့ စိတ်သဘောအစစ်အမှန်ကို သိမြင်နိုင်တဲ့ အရည်အချင်းမရှိတာက သူညံ့ဖျင်းကြောင်း ပြနေတာပဲ။ သူ့ရဲ့ညံ့ဖျင်းမှုက အပြစ်ပဲ။ အခုတော့ ထားလိုက်ပါတော့၊ အဲဒီအကြောင်း မပြောကြရအောင်ပါ။ ဦးလေးဖူ ‌လက်ဖက်ရည်သောက်လိုက်ပါဦး”

“မင်းဒီနေ့ ငါ့ကိုဘာလို့ လက်ဖက်ရည်သောက်ဖို့ ခေါ်ရတာလဲ”

“ဒီတိုင်း လက်ဖက်ရည်သောက်ဖို့ပါပဲ!”

ထန်ဇီယွဲ့မှ ပြန်ပြောသည်။

ဖန့်ဖူမှ မေးသည်။

“လက်ဖက်ရည်သောက်ဖို့ပဲလား?”

“ဟုတ်ပါတယ်။ လက်ဖက်ရည်သောက်ရုံပါပဲ၊ တခြားဘာမှ ပြောစရာမရှိပါဘူး။ ဒီဆိုင်က လက်ဖက်ရည်က အတော်လေး သောက်ကောင်းတယ်လေ”

ထန်ဇီယွဲ့မှ ပြောသည်။

ထိုစကားတွင် ဖန့်ဖူ ထရပ်လိုက်သည်။

“ဒီတိုင်း လက်ဖက်ရည်သောက်ဖို့ပဲဆိုရင်တော့ ငါသွားလိုက်ပါဦးမယ်။ တခြားလုပ်စရာကိစ္စလေးတွေ ရှိသေးလို့ပါ!”

ထန်ဇီယွဲ့မှ ပြောသည်။

“ဦးလေးဖူ ကျွန်တော် ဦးလေးကို အန္တရာယ်မပြုပါဘူး။ ကျေးဇူးပြုပြီး ပြန်ထိုင်လိုက်ပါ!”

“ငါက သွားမှဖြစ်မယ်ဆိုရင်ရော?”

ထန်ဇီယွဲ့မှ ပြုံးလိုက်ပြီး ပြောသည်။

“ဦးလေးဖူ ကျွန်တော် ဒီနှစ်တွေအတွင်းမှာ စာပေလေ့လာတာအပြင် သိုင်းပညာအချို့လည်း သင်ယူခဲ့တယ်။ ဦးလေးဖူအနေနဲ့ ကျွန်တော့်ကို နည်းနည်းလောက် သင်ပြပေးနိုင်မယ်ဆိုရင် ကျေးဇူးတင်မိမှာပါ”

“ဒါဆိုလည်း ကောင်းပြီလေ။ အတွင်းခန်းမအရှင်သခင်တစ်ယောက်ရဲ့ အင်အားက ဘယ်လောက်ရှိသလဲ ကြည့်ရတာပေါ့”

သို့ဖြင့် ဖန့်ဖူသည် ထန်ဇီယွဲ့ကို လက်ဖဝါးရိုက်ချက်တစ်ချက်ဖြင့် တိုက်ခိုက်သည်။ ထန်ဇီယွဲ့သည် လက်ဆန့်ထုတ်၍ ဖန့်ဖူ၏လက်မောင်းကို ချုပ်ကိုင်သည်။ သူတို့နှစ်ဦးသည် လက်ဖက်ရည်ဆိုင်တွင်ပင် အပြန်အလှန် သိုင်းကွက်ဖလှယ်ကြတော့သည်။

သိုင်းကွက်ဒါဇင်ကျော်မျှ ဖလှယ်ပြီးချိန်တွင် ဖန့်ဖူသည် တည်ငြိမ်မနေနိုင်တော့ဘဲ အမြင့်ခုန်၍ တိုက်ခိုက်တော့သည်။

သို့သော် ထန်ဇီယွဲ့သည် တည်ငြိမ်အေးဆေးနေဆဲပင်။ ထန်ဇီယွဲ့မှ ပြုံးလိုက်ပြီး ပြောသည်။

“ဦးလေးဖူရဲ့အင်အားက အရင်အတိုင်း အထင်ကြီးစရာကောင်းမြဲပါပဲ။ ကျွန်တော်က ဦးလေးဖူရဲ့ပြိုင်ဘက် မဟုတ်ပါဘူး”

“ပြီးပြီလား”

“ပြီးပါပြီ”

“ငါသွားလို့ရပြီလား”

“ကြွပါ”

ဖန့်ဖူသည် ထန်ဇီယွဲ့၏ရည်ရွယ်ချက်ကို နားမလည်နိုင်သဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် ထန်ဇီယွဲ့သည် သူ့အား သွားခွင့်ပေးလိုက်ပြီဖြစ်ရာ ပြဇာတ်ရုံဘက်သို့ လှည့်ထွက်ရန် ဦးတည်လိုက်သည်။

ထိုအချိန်တွင် ထန်ဇီယွဲ့၏နောက်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထန်ဇီယွဲ့မှ မေးသည်။

“အောင်မြင်လား”

ထိုလူမှ ပြန်ဖြေသည်။

“အင်း၊ အဲဒီအဖိုးကြီး မွှေးပျံ့အရိုးပျော့ဆေးကို သောက်ထားပြီ။ သူ ဘယ်လိုမှ ခံနိုင်ရည်မရှိနိုင်ဘူး”

(မွှေးပျံ့အရိုးပျော့ဆေး - သိုင်းလောက၏ နာမည်ကြီးအဆိပ်ဖြစ်သည်၊ အရောင်အဆင်းအနံ့အရသာ ကင်းမဲ့ပြီး အဆိပ်ခပ်ရန် အင်မတန်လွယ်ကူသလို၊ သတိပြုမိရန်လည်း ခက်ခဲသည်။ အဆိပ်မိသွားပါက အားအင်ကုန်ဆုံးပြီး အတွင်းအားမသုံးနိုင်၊ သိုင်းပညာအသုံးမပြုနိုင်ပဲ သာမန်လူထက်တောင် အားနည်းသွားမည်။ ဖြေဆေးကိုသောက်မှသာ ပုံမှန်ပြန်ဖြစ်နိုင်မည်။ နဂါးနိုင်ဓားဒရာမာဇာတ်လမ်းတွဲတွင် မွန်ဂိုမင်းသမီးကျောက်မိန်/မိန်မိန်ထျဲမုအော်(ဤဇာတ်လမ်းတွင် သူမအမည်မှာ ကျောက်ယာ/ယာယာထျဲမုအော် ဖြစ်သည်။) က ဂိုဏ်းကြီးခြောက်ဂိုဏ်းမှ သိုင်းပညာရှင်များကို ထိုဆေးခပ်ကာ ဘုရားကျောင်းမျှော်စင်တွင် ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ ဂိုဏ်းချုပ်များမှာ သိုင်းစွမ်းရည်ပြည့်ဝသော်လည်း မွှေးပျံ့အရိုးပျော့ဆေးကြောင့် သာမန်လူများထက်ပင် အားနည်းသွားကြပါတော့သည်။ ယခုလည်း ထိုဆေးကို အသုံးပြုကာ ဖန်းရှစ်ကျုံးကို ထောင်ချောက်ဆင်ထားဟန်ရှိသည်။ ဆက်ဖတ်ကြည့်ပါ။)

ထန်ဇီယွဲ့မှ မေးသည်။

“အားလုံး အဆင်သင့်ဖြစ်ပြီလား”

“မစိုးရိမ်ပါနဲ့။ အားလုံး သူ့နေရာနဲ့သူ အစီအစဉ်တကျပါပဲ။ လျှို့ဝှက်လမ်းကြောင်းတွေကို အထဲကနေ ပိတ်ထားပြီးပြီ။ ဘယ်သူမှ ပြစ်ချက်ရှာတွေ့နိုင်မှာ မဟုတ်ဘူး”

ထန်ဇီယွဲ့ ရယ်မောလိုက်၏။

“ဝမ်းနည်းစရာပဲ။ သူ့ခေတ်သူ့အခါမှာ အမည်ကျော်ကြားတဲ့လူတစ်ယောက်က ဒီလိုမျိုး ကျဆုံးသွားရတော့မယ်တဲ့လေ။ မင်း နည်းနည်းလေးမှ စိတ်မကောင်းမဖြစ်မိဘူးလား”

“ကျုပ်က ဘာလို့ စိတ်မကောင်းဖြစ်ရမှာလဲ”

ထိုလူမှ ပြောသည်။ သူတို့နှစ်ဦး၏ မျက်နှာထက်တွင် အေးစက်စက်အပြုံးများ ဖြစ်တည်လာ၏။

“အဲဒါက သူကိုယ်တိုင်ရဲ့ အမှားကြောင့်ပဲ။ ကျုပ်က သူ့ကို အဖေလို သခင်လို ဆက်ဆံခဲ့တာကို သူကတော့ ကျုပ်ကို ခွေးလိုဝက်လို ဆက်ဆံတယ်။ ကျုပ်က ဘာလို့ စိတ်မကောင်းဖြစ်ရမှာလဲ”

ထန်ဇီယွဲ့သည် ထိုလူကို တစ်ချက်ကြည့်လိုက်ပြီးနောက် လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။ ထို့နောက် မေးသည်။

“ဒါဆို မင်းဘာလို့ တုံ့ဆိုင်းနေတာလဲ”

ထိုလူသည် ခဏမျှ အသံတိတ်သွား၏။ ထို့နောက်မှ ပြန်ပြောလာသည်။

“တစ်ခဏတာ ဂရုဏာစိတ်ဝင်သွားရုံပါပဲ၊ အဲ့လိုထင်တာပဲ”

ထိုလူသည် ဖန့်ဖူထွက်သွားရာဘက်သို့ ကြည့်၍ ပြောသည်။

“သူ့လိုပေါ့။ ခင်ဗျားသာ သူ့အသက်ကို ချမ်းသာပေးဖို့ အတင်းတိုက်တွန်းနေခဲ့လို့ မဟုတ်ရင် ကျုပ် သူ့ကိုလည်း သတ်ပစ်လိုက်မှာပဲ။ ဘာလို့ တုံ့ဆိုင်းနေရမလဲ”

“အဲဒါလည်း တစ်ခဏတာ ဂရုဏာစိတ်ဖြစ်နိုင်ပါ‌တယ်လေ”

ထန်ဇီယွဲ့မှ ပြောသည်။

“ကဲ လုပ်စရာရှိတာတော့ လုပ်ပြီးသွားပြီ။ အခု စင်မြင့်က မင်းအပိုင်ပဲ”

ထိုအခါ အေးစက်စက်ရယ်သံနှင့်အတူ ပုံရိပ်သည် နေရာမှ ပျောက်ကွယ်သွားတော့သည်။

…

ထိုအချိန်၌ ပြဇာတ်ရုံ၏ စင်မြင့်နောက်တွင် ချန်ကျဲ့သည် စိုးရိမ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေခဲ့သည်။ ယင်းအာ့နှင့် ယင်းစန်းသည် ချန်ကျဲ့ကို စောင့်ကြည့်နေသည်။ ထိုစဉ် ဟွားသျဲ့သည် ရုတ်တရက် အခန်းတံခါးဖွင့်လာပြီး သူမ၏ရင်ဘတ်ကို ဖိလျက် ပြောသည်။

“သခင်၅၊ ခန်းမအရှင်သခင်ဖန်းက ရှင့်ကို အရေးတကြီးပြောစရာရှိတယ်လို့ ‌အခေါ်လွှတ်လိုက်ပါတယ်!”

ထိုစကားကြောင့် ချန်ကျဲ့ အံ့ဩသွားခဲ့သည်။

မွေးစားအဖေက မူမမှန်တာကို သတိထားမိသွားပြီလား။

ယင်းအာ့နှင့် ယင်းစန်းမှ ပြောသည်။

“သခင်၅ တစ်ချက်သွားကြည့်လိုက်ပါ”

ခဏမျှ ရပ်နေပြီးနောက် ချန်ကျဲ့ သွားလိုက်သည်။

ချန်ကျဲ့ အခန်းထဲ ဝင်လိုက်ချိန်တွင် ဟွားသျဲ့သည် အခန်းထဲ မဝင်သေးဘဲ တံ‌ခါးပေါက်ဝတွင် ခဏရပ်နေသည်။ ရုတ်တရက် အခန်းထဲမှ အော်ပြောသံ ထွက်ပေါ်လာ၏။

“သစ္စာဖောက်! သားမိုက်”

ဟွားသျဲ့မှ အော်ဟစ်သည်။

“အား… လူသတ်နေတယ်!”

ဆူညံသံများကိုကြားသောအခါ ပြဇာတ်ရုံတစ်ခုလုံး သတိချပ်သွားကြ၏။ ယင်းအာ့နှင့် ယင်းစန်းသည် တံခါးကို ကန်ဖွင့်၍ အခန်းထဲသို့ အပြေးဝင်သည်။

ချန်ကျဲ့သည် အခန်းအလယ်တွင် မတ်တပ်ရပ်နေပြီး အိပ်ရာတစ်ဖက်တွင် အလောင်းတစ်လောင်းသည် ချန်ကျဲ့နှင့် မျက်နှာချင်းဆိုင် လဲကျနေသည်။ အလောင်း၏ မျက်လုံးအစုံမှာ မယုံကြည်နိုင်ဟန် ပြူးကျယ်နေခဲ့ပြီး မျက်လုံးထောင့်စွန်းများ၌ မျက်ရည်များ စီးကျနေခဲ့သည်။

ဘယ်လိုထိတ်လန့်အံ့ဩစရာအကြောင်းကများ ဒီလိုမျက်နှာအမူအရာမျိုး ဖြစ်စေခဲ့ရတာလဲ။

“ခန်းမအရှင်သခင်!”

ယင်းအာ့နှင့် ယင်းစန်းသည် ထိတ်လန့်စွာဖြင့် အော်ခေါ်လာသည်။ ထိုအချိန်တွင် အပြင်ဘက်၌ ပြဇာတ်ကြည့်နေကြသော ပရိသတ်များသည်လည်း ဆူညံသံများကို ကြားလိုက်ရသဖြင့် စင်နောက်သို့ အလျင်စလို ရောက်လာကြသည်။

နန်ပါးထျန်း၊ လျိုလောင်ကွေ့၊ ပိုင်မော့ရှန်း၊ ချင်းယင်နှင့် ကျန်းလီယဲ့.. စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်၅ဦးလည်း အခန်းထဲ ဝင်လာကြသည်။

အလောင်းအဖြစ် ပြောင်းလဲသွားပြီးဖြစ်သော ဖန်းရှစ်ကျုံးကို မြင်သောအခါ အားလုံးသည် နေရာတွင် ကြောင်အစွာဖြင့် စိုက်ကြည့်နေကြလေသည်။ သူတို့အားလုံး အံ့ဩမင်သက်သွားကြ၏။

ထို့နောက် နန်ပါးထျန်းသည် ဝမ်းနည်းပက်လက်ဖြင့် အော်ဟစ်လေသည်။

“ဆရာတူအစ်ကို!”

လျိုလောင်ကွေ့သည် ချန်ကျဲ့သို့ ကြည့်လာ၏။ ထို့နောက် မျက်မှောင်ကြုတ်လျက် မေးသည်။

“မင်းလုပ်ခဲ့တာလား”

ချန်ကျဲ့၏ မျက်နှာအမူအရာသည် ရေသေအလား တည်ငြိမ်နေပြီး မျက်လုံးအစုံသည်တော့ အမျက်ဒေါသများ ပြည့်နှက်နေခဲ့သည်။

ဤအကြံအစည်ကြီးသည် ဖန်းရှစ်ကျုံးကို ပစ်မှတ်ထားရုံသာမက သူ့ကိုလည်း ပါဝင်စေခဲ့ပေသည်။

ချန်ကျဲ့ ဟွားသျဲ့ကို လှည့်ကြည့်လိုက်သည်။ ဟွားသျဲ့သည် ကြောက်ရွံ့မှုကြောင့် ကြမ်းပြင်ပေါ် လဲကျ၍ ကြက်သေသေနေ၏။ ချန်ကျဲ့၏ မျက်လုံးအစုံမှာ သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပြည့်နှက်လာခဲ့သည့်တိုင် ချန်ကျဲ့သည် မိမိကိုယ်ကိုယ် ထိန်းချုပ်ထားခဲ့သည်။

ဟွားသျဲ့သည် လူသတ်သမားဖြစ်ပြီး မျက်မြင်သက်သေလည်း ဖြစ်သည်။ လက်ရှိတွင် ရန်သူသည် ချန်ကျဲ့အား လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။ မိမိမှာ ထောင်ချောက်ထဲ ဝင်သွားခဲ့ပြီးဖြစ်ရာ မဆင်မခြင် မပြုမူသင့်ပေ။

ဥပမာဆို‌ရသော် အကယ်၍ ထွက်ပြေးလိုက်ပါက ထွက်ပြေးချင်လျှင်သော်မှ လက်ရှိအချိန်သည် အချိန်ကောင်းမဟုတ်ပေ။ ယခုအချိန်တွင် ထွက်ပြေးခြင်းသည် သူ့အား အပြစ်ရှိသည်ဟု သေချာသွားစေလိမ့်မည်။ အမှန်တရားသည်လည်း အလိမ်အညာအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ ထို့ကြောင့် သူ ဆက်နေရမည်။

ရန်သူမှာ သူ့အား ထောင်ချောက်ဆင်ရန် စတင်ကြံစည်ကတည်းက အစီအစဉ်များကို စေ့စပ်သေချာစွာ ‌လုပ်ဆောင်ပြီးလောက်ပြီဖြစ်ကြောင်း ချန်ကျဲ့ သဘောပေါက်သော်ငြား

ချန်ကျဲ့သည်လည်း ရန်သူ၏ အင်္ကျီလက်စထဲတွင် မည်သည့်လှည့်ကွက်များ ရှိနေသည်ကို စောင့်ကြည့်ရန် လိုအပ်ပေသည်။ ရန်သူကို နားလည်မှသာ ဤထောင်ချောက်ထဲမှ ဖောက်ထွက်နိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ လက်ရှိတွင် အဆင်အခြင်ကင်းမဲ့စွာ ပြုမူ၍ မဖြစ်ချေ။ ရန်သူသည် နောက်တစ်ဆင့်အနေဖြင့် သေချာပေါက် သူ့အား ချောက်ချလိမ့်မည်ကိုလည်း ချန်ကျဲ့ သိနေပါသည်။ သို့သော်ငြားလည်း ချန်ကျဲ့သည် မိမိကိုယ်ကိုယ် ကယောင်ချောက်ချားဖြင့် ပြုမူလုပ်ဆောင်ခွင့် မပြုနိုင်ပါချေ။

လောလောဆယ်တော့ စောင့်ကြည့်ရုံပဲ တတ်နိုင်မယ်။ ပြစ်ချက်တွေက နောက်ဆုံးမှာတော့ ပေါ်ထွက်လာမှာပါပဲ။

ချန်ကျဲ့ နေရာတွင်သာ ရပ်၍ တိတ်ဆိတ်နေခဲ့သည်။ သူသည် မည်သည့်ရှင်းပြချက်မျှ မပေးပါဘဲ လုံးဝ တိတ်ဆိတ်နေခဲ့သည်။

All Chapters