← Chapters

ဖန်းရှစ်ကျုံးသေဆုံးခြင်း_၃

Vol. 26 Ch. 352

ဖန်းရှစ်ကျုံးသေဆုံးခြင်း_၃

Vol. 26 Ch. 352

ဖန်းရှစ်ကျုံး၏ မျက်လုံးများထဲမှ မယုံကြည်နိုင်ခြင်းနှင့် ပါးပြင်ထက်တွင် စီးကျစွန်းပေနေသည့် မျက်ရည်များကို ကြည့်ရင်း ချန်ကျဲ့ သက်ပြင်းချလိုက်သည်။

မွေးစားအဖေသည် တစ်ခါတလေတွင် စိတ်ရှုပ်ထွေးတတ်သော်ငြား သူ့အပေါ် အလွန်ကောင်းပေးခဲ့သည်။ သူ့အား ကြည့်နေသည့်အလား ဖန်းရှစ်ကျုံး၏မျက်လုံးများကို ကြည့်နေခဲ့ရင်း ချန်ကျဲ့၏ရင်ထဲ နာကျင်မိရသည်။ ချန်ကျဲ့ မထိန်းချုပ်နိုင်စွာ မျက်ရည်များ ထပ်မံ၍ စီးကျလာခဲ့သည်။

“မွေးစားအဖေ စိတ်ချပါ။ အဖေ့ကို မရှင်းမလင်းနဲ့ သေဆုံးသွားခွင့်မပြုနိုင်ဘူး။ ကျွန်တော် သေချာပေါက် လက်စားချေပေးမယ်!”

ချန်ကျဲ့ စောင့်နေလိုက်သည်။ ရန်သူသည် အခင်းနေရာကို ဤသို့စီစဉ်ထားပြီးဖြစ်ရာ သူ့ကိုရှင်းပစ်ရန်အတွက်လည်း လှုပ်ရှားလာလိမ့်မည်ပင်။

ဤအကြံအစည်ကြီး၏ နောက်ကွယ်မှလူကိုလည်း ချန်ကျဲ့ သိချင်မိသည်။ သို့သော် ဤကိစ္စသည် ဖုန်းရွှမ်နှင့် ပတ်သက်မှုမရှိခြင်းငှာ မဖြစ်နိုင်ကြောင်းတော့ သေချာနေပြီးဖြစ်သည်။

ချန်ကျဲ့တွေးနေစဉ် ဖန်းရှစ်ကျုံး၏ အခြားမွေးစားသားများ ရောက်လာကြသည်။ လုရုံနှင့် ကျိုးချူသည် ဖန်းရှစ်ကျုံး၏ ဝမ်းနည်းပူဆွေးဖွယ်သော ရုပ်အလောင်းကို မြင်သောအခါ ရုတ်ချည်း ပြေးဝင်လာကြသည်။

“မွေးစားအဖေ!”

ထို့နောက် မျက်ရည်ဝဲနေသော မျက်လုံးအစုံဖြင့် ဖန့်ဖူလည်း ဝင်လာသည်။ မျက်လုံးဖွင့်လျက် သေဆုံးနေသည့် ဖန်းရှစ်ကျုံးကို မြင်သောအခါ ဖန့်ဖူသည် ဒုန်းခနဲ ဒူးထောက်ချလိုက်သည်။

“သခင်!!”

မျက်ရည်များသည် မိုးရွာသွန်းသည့်အလား စီးကျနေခဲ့သည်။

ဖုန်းရွှမ်သည် နောက်ဆုံးမှ ရောက်လာခဲ့သည်။ ဖုန်းရွှမ်သည် မျက်နှာအမူအရာကင်းမဲ့စွာဖြင့် အခန်းထဲ အပြေးဝင်လာပြီးနောက် ဖန်းရှစ်ကျုံးကို မြင်သောအခါ ရုတ်ချည်း ရှေ့တိုးလာ၏။

“မွေးစားအဖေ မွေးစားအဖေ ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ!”

ဖုန်းရွှမ်သည် ဝမ်းနည်းကြေကွဲစွာဖြင့် ငိုကြွေးနေခဲ့သည်မှာ လုရုံနှင့် ကျိုးချူထက်ပင် ပို၍ ဝမ်းနည်းပူဆွေးဟန် ဖြစ်နေပေသည်။

ထိုမြင်ကွင်းတွင် နန်ပါးထျန်းသည် ချင်းယင်ကို ကြည့်လိုက်သည်။ ချင်းယင်မှ ပြော၏။

“အကြီးအကဲကျန်း ခင်ဗျားရောက်လာတာ အချိန်ကိုက်ပဲဗျာ။ ကျေးဇူးပြုပြီး ဒီအမှုကို ကူညီစစ်ဆေးပေးပါဦး”

ထိုအခါ ကျန်းလီယဲ့သည် အံ့ဩထိတ်လန့်နေသည့်အမူအရာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ရာဇဝတ်သားဖမ်းဆီးရေးအရာရှိ၏ ပညာရှင်ဆန်မှုသည် ပြန်လည်ကိန်းအောင်းလာသည်။ နွေဦးလေပြေပြဇာတ်ရုံအတွင်း အစောင့်အရှောက်ကြီး၁၃ဦးထဲမှ တစ်ဦးသေဆုံးမှုသည် ကျန်းလီယဲ့ကို အကျပ်ရိုက်စေရန် လုံလောက်သည့် အမှုတစ်ခုဖြစ်၏။

ကျန်းလီယဲ့ ရှေ့တိုးသွားပြီး အလောင်းကို စစ်ဆေးသည်။

“ဝူဟုန် မှတ်တမ်းရေးမယ်!”

ထိုအခါ ဝူဟုန်လည်း ချန်ကျဲ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ချန်ကျဲ့သည် ဝမ်းနည်းပူဆွေးနေသော်ငြား တည်ငြိမ်အေးဆေးနေဟန် ရှိ၏။ ဝူဟုန် စိုးရိမ်ပူပန်စွာဖြင့် စိတ်ထဲမှ တွေးလိုက်သည်။

'ကျိုစစ် သတ်လိုက်တာတော့ မဖြစ်နိုင်ပါဘူးနော်?”

ဝူဟုန်သည် တွေးနေရင်းပင် မှတ်တမ်းယူရန် ချက်ချင်း ရှေ့တိုးသွားလိုက်သည်။

“ခြေလက်တွေ၊ မျက်နှာသွင်ပြင်၊ လည်ပင်းတစ်ဝိုက်နေရာတွေမှာ သိသာထင်ရှားတဲ့ ပြင်ပဒဏ်ရာမရှိဘူး”

ကျန်းလီယဲ့သည် စေ့စပ်သေချာစွာ စစ်ဆေးသည်။

ထိုစဉ် နန်ပါးထျန်းသည် မနီးမဝေးရှိ ကြမ်းပြင်ပေါ်တွင် မလှုပ်မယှက်ထိုင်နေသည့် ဟွားသျဲ့ဘက်သို့ လှည့်၍ ပြောသည်။

“မင်းက ဟွားသျဲ့ပဲ”

“အာ? ဟုတ်ပါတယ်၊ ကျွန်မက ဟွားသျဲ့ပါ”

“ခန်းမအရှင်သခင်ဖန်းက ဘယ်လိုသေသွားခဲ့တာလဲ”

“ကျ ကျွန်မ မသိပါဘူး”

ဟွားသျဲ့သည် သနားချင့်စဖွယ်သော အမူအရာဖြင့် ဖြေလာသည်။ နန်ပါးထျန်းမှ ‌ပြန်ပြောသည်။

“မသိဘူးလား?”

“လူက မင်းအခန်းထဲမှာ သေသွားတာကို မင်းက ငါ့ကို မသိဘူးလို့ ပြောနေတာလား”

“လူကြီးမင်း လူကြီးမင်း ကျွန်မ တကယ်မသိတာပါ။ အဲဒီတုန်းက ကျွန်မ ရင်ဘတ်အောင့်နေလို့ ခန်းမအရှင်သခင်ဖန်းက ကျွန်မကို လာကြည့်တာပါ။ ဒါပေမဲ့ ခဏ‌ကြာတော့ ခန်းမအရှင်သခင်ဖန်းက ကျွန်မကို ချန်ကျိုစစ်ကို သွားခေါ်ခိုင်းပါတယ်။ နောက်တော့ ချန်ကျိုစစ်တစ်ယောက်တည်း အခန်းထဲ ဝင်သွားတာပါ။ သူတို့စကားပြောတာကို အခန်းထဲလိုက်ဝင်ပြီး ကျွန်မ နားမထောင်ရဲပါဘူး။ အဲဒါကြောင့် တံခါးဝမှာပဲ ခဏစောင့်နေခဲ့ပါတယ်။ အဲဒီနောက်တော့ ခန်းမအရှင်သခင်ဖန်းရဲ့ သစ္စာဖောက်လို့ အော်ပြောသံကို ကြားလိုက်ရပါတယ်”

“အဲဒီနောက်တော့ ကျွန်မ အခန်းထဲဝင်လိုက်ပါတယ်။ အဲဒီမှာ ခန်းမအရှင်သခင်ဖန်းကို ဒီလိုမျိုး တွေ့လိုက်ရတာပါပဲ။ အဟင့် ဟင့်… ကျွန်မ တကယ် တခြားဘာကိုမှမသိပါဘူး!”

ဟွားသျဲ့မှ ငိုကြွေးလျက် ပြောသည်။

ဟွားသျဲ့၏စကားအဆုံး၌ နန်ပါးထျန်း မျက်မှောင်ကြုတ်သွား၏။

“သစ္စာဖောက်တဲ့လား? ကြည့်ရတာ ခန်းမအရှင်သခင်ဖန်းက သူမသေဆုံးခင်မှာ တစ်‌ယောက်ယောက်နဲ့ အငြင်းပွားခဲ့ပုံပဲ။ အဲဒီသစ္စာဖောက်ဆိုတာက ဘယ်သူ့ကို ရည်ညွှန်းပြောတာဖြစ်မလဲ”

ဘေးရှိ ချင်းယင်မှ ပြောလာသည်။

“ဘယ်သူဖြစ်နိုင်ဦးမှာလဲ”

ထိုသို့ပြောလျက် ချင်းယင်သည် ချန်ကျဲ့ကို ကြည့်လာ၏။

ထိုအခါ လျိုလောင်ကွေ့မှ ပြန်ပြောသည်။

“ဟေး ဟေး မင်းက သူပါလို့ ပြောလိုက်တာနဲ့ပဲ သူက တရားခံဖြစ်ရောလား။ လောင်ဖန်းမှာ သားတွေ အများကြီးရှိတာကို သေချာပေါက် ကျိုစစ်ကို ရည်ညွှန်းတာပဲ ဖြစ်ရမှာလား”

“ပြီးတော့လည်း ကျိုစစ်က လောင်ဖန်း တန်ဖိုးအထားဆုံးသားဆိုတာ လူတိုင်းသိတယ်။ သူပြောခဲ့တဲ့ သစ္စာဖောက်ဆိုတာက ကျိန်းသေပေါက် ကျိုစစ် ဖြစ်ချင်မှဖြစ်မှာပေါ့”

“ဟက် တန်ဖိုးအထားရဆုံးသူဖြစ်နေတာနဲ့ပဲ သစ္စာဖောက်ဖြစ်နိုင်ခြေကနေ ဖယ်ထုတ်လို့ရပြီလို့ ဘယ်တုန်းကများ သတ်မှတ်လိုက်တာလဲ။ ကျုပ်ကြားတာတော့ ဖန်းရှစ်ကျုံးရဲ့ ဒုတိယသားကို ချန်ကျိုစစ် သတ်လိုက်တာတဲ့လေ။ ကိုယ့်ညီအစ်ကို,ကိုတောင် သတ်နိုင်တဲ့လူတစ်ယောက်က ဘယ်လိုလုပ်ပြီး လူကောင်းဖြစ်နိုင်မှာလဲ”

ချင်းယင်မှ ပျက်ရယ်ပြုပြောဆို၏။

နန်ပါးထျန်းမှ ပြောသည်။

“ချင်းယင် သက်သေမရှိဘဲ မပြောစမ်းနဲ့”

ထို့နောက် နန်ပါးထျန်းသည် ကြမ်းပြင်တွင် ဒူးထောက်နေသည့် အစောင့်နှစ်ယောက်ဖြစ်သော ယင်းအာ့နှင့် ယင်းစန်းတို့ကို ပြောသည်။

“မင်းတို့နှစ်ယောက်က ဒီနေ့အတွက် ဆရာတူအစ်ကိုကို အနီးကပ်ကာကွယ်စောင့်ကြပ်ရသူတွေပဲ။ တစ်ခုခု မူမမှန်တာ ရှိခဲ့သေးလား”

ယင်းအာ့နှင့် ယင်းစန်းမှ ပြန်ပြောသည်။

“ခေါင်းဆောင် ကျွန်တော် ကျွန်တော်တို့…”

ထိုစဉ် ဖန့်ဖူလည်း သူတို့ဘက်လှည့်လာပြီး ပြော၏။

“ပြောစမ်း!”

“ဟုတ်ကဲ့ပါ။ သခင်၅က မိန်းကလေးဟွားသျဲ့နဲ့ ထိတွေ့ဆက်ဆံခွင့်ရဖို့အတွက် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့တာက လွဲလို့ ဒီနေ့ ဘာမှ မူမမှန်တာ မရှိခဲ့ပါဘူး။ အဲဒီအကြောင်းကြောင့် သခင်၅နဲ့ ခန်းမအရှင်သခင်တို့ အချင်းများခဲ့ကြပါသေးတယ်။ စကားကြမ်းကြမ်းတွေတောင် ပြောထွက်ခဲ့တာပါ”

“ဘယ်လို စကားကြမ်းကြမ်းမျိုးလဲ”

နန်ပါးထျန်းအပါအဝင် အားလုံးသည် ယင်းအာ့ကို ကြည့်နေခဲ့ကြသည်။

“ခန်းမအရှင်သခင်က သခင်၅ကို မိန်းကလေးဟွားသျဲ့က သူ့ရဲ့မေမေလေးပဲ၊ အဲဒါကြောင့် မိန်းကလေးဟွားသျဲ့အကြောင်း မစဉ်းစားတော့ဖို့ သတိပေးခဲ့ပါတယ်”

ဘာ!!

ထိုစကားတွင် အားလုံး မျက်လုံးပြူးကျယ်သွားကြ၏။

မွေးစားသားနဲ့ မွေးစားအဖေက အမျိုးသမီးတစ်ယောက်အတွက် ပြိုင်ဆိုင်နေကြတာလား?

ဒါကြီးက အရမ်း ပြဇာတ်ဆန်ဆန် ဒုက္ခများရတဲ့အခြေအနေကြီးပဲ!

“မင်းတို့နှစ်ယောက် ပါးစပ်ပိတ်ကြစမ်း! ငါ့ရဲ့ညီငယ်၅က ဖြောင့်မတ်ပြီး ဂုဏ်သိက္ခာရှိတဲ့သူပဲ။ သူက မင်းပြောသလိုလူမျိုး လုံးဝ မဟုတ်ဘူး!”

ထိုစဉ် ဖုန်းရွှမ်သည် ဒေါသတကြီးဖြင့် အော်ငေါက်ပြောဆို၏။ ထို့နောက် ဆက်ပြောသည်။

“ငါ့ရဲ့ညီငယ်၅က လွန်ခဲ့တဲ့ လအနည်းငယ်ကမှ ရှန်းထောင်မြို့ကနေ ရောက်လာပြီး ကျားဖြူခန်းမရဲ့ ကြီးကြပ်သူဖြစ်လာတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ သူ့ရဲ့အလားအလာက အကန့်အသတ်မရှိဘူး!”

“ငါနဲ့ ညီငယ်၃ကလည်း ညီငယ်၅ကို ဆန္ဒအလျောက် အာဏာလက်လွှဲပေးခဲ့တာ။ မွေးစားအဖေကလည်း ညီငယ်၅ကို လေ့ကျင့်ပျိုးထောင်ပေးချင်ခဲ့တာ။ နောက်ထပ်၁၀နှစ်ကျော်လောက်ကြာလို့ မွေးစားအဖေ အသက်ကြီးရင့်လာတဲ့အခါ ညီငယ်၅ကို ကျားဖြူခန်းမရဲ့ စစ်မှန်တဲ့အရှင်သခင်တစ်ပါး ဖြစ်လာစေမှာ။ ညီငယ်၅က မွေးစားအဖေကို အမျိုးသမီးတစ်ယောက်ကြောင့်နဲ့ အန္တရာယ်ပြုမှာ မဟုတ်ဘူး။ မဖြစ်နိုင်ဘူး လုံးဝ မဖြစ်နိုင်ဘူး! မင်းတို့‌နှစ်ကောင် ညီငယ်၅ကို တမင်စွပ်စွဲနေကြတာလား!”

ဖုန်းရွှမ်သည် ယင်းအာ့နှင့် ယင်းစန်းတို့ကို ဒေါသတကြီး လက်ညှိုးငေါက်ငေါက်ထိုးလျက် ကြိမ်းမောင်းသည်။

“ငါမင်းတို့ကို ပြောလိုက်မယ်။ မွေးစားအဖေ ဆုံးသွားပြီဆိုပေမဲ့ ငါက အကြီးဆုံးသားတစ်ယောက်အနေနဲ့ မင်းတို့ ညီငယ်၅ကို စွပ်စွဲချောက်ချတာကို ခွင့်ပြုထားမှာ မဟုတ်ဘူး!”

“ကျွန်တော်တို့ မလုပ်ရဲပါဘူး။ ကျွန်တော်တို့်ပြောတာ အားလုံးအမှန်တွေပါ။ ကြားလိုက်တဲ့သူတွေလည်း အများကြီးရှိလိမ့်မှာပါ။ သခင်ကြီး ကျေးဇူးပြုပြီး အမှန်တရားကို သိမြင်ပေးပါဦး!”

ထိုစဉ် ချင်းယင်မှ ထေ့ငေါ့လျက် မှတ်ချက်ပြုသည်။

“အဟက် ဟက်… တစ်လလောက်လေးနဲ့ ကျားဖြူခန်းမရဲ့ ကြီးကြပ်သူဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ခန်းမအရှင်သခင်ဖြစ်ဖို့ကတော့ ဆယ်စုနှစ်တစ်ခုကျော် ကြာဦးမှာ။ ငါတော့ သိပ်မတရားသလို ခံစားရတာပဲ။ ဖန်းရှစ်ကျုံးကို သတ်လိုက်ရင် ခန်းမအရှင်သခင် ချက်ချင်းဖြစ်သွားနိုင်တာကို ဘာလို့များ ဆယ်နှစ်၊ နှစ်နှစ်ဆယ် စောင့်နေဦးမလဲ”

“ခန်းမအရှင်သခင်ချင်း ခင်ဗျား…”

ဖုန်းရွှမ်သည် ချင်းယင်ကို စိုက်ကြည့်နေ၏။ ချင်းယင်မှ ပြန်ကြည့်လာပြီး ပြောသည်။

“ဖုန်းရွှမ်၊ မင်းရဲ့ညီငယ်၅ကို ကာကွယ်ပေးချင်တာ ငါသိပါတယ်။ ဒါပေမဲ့ ငါတို့ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ကျားဖြူခန်းမအရှင်သခင်ကို ဒီလိုမျိုး မရှင်းမလင်းနဲ့ သေဆုံးသွားခွင့်မပြုနိုင်ဘူး။ ဒီအမှုကို သေချာပေါက် ဖြေရှင်းဖော်ထုတ်ရမယ်!”

All Chapters