← Chapters

ဖန်းရှစ်ကျုံးသေဆုံးခြင်း_၄

Vol. 26 Ch. 353

ဖန်းရှစ်ကျုံးသေဆုံးခြင်း_၄

Vol. 26 Ch. 353

ထိုအခါ ဖုန်းရွှမ်မှ ပြောသည်။

“အကြီးအကဲကျန်း အလောင်းစစ်ဆေးပြီးတဲ့အထိ စောင့်ကြမယ်။ ခင်ဗျားတို့ကို ကျုပ်‌ရဲ့ညီငယ်၅ကို လုံးဝ စွပ်စွဲခွင့်မပြုနိုင်ဘူး!”

“ဟုတ်တယ် ဟုတ်တယ်။ ကျိုစစ်က ဘယ်လိုလုပ်ပြီး မွေးစားအဖေကို သတ်နိုင်မှာတဲ့လဲ။ ဒီကိစ္စက အထင်လွဲနေတာ တစ်ခုခုရှိလိမ့်မယ်၊ သေချာပေါက် အထင်လွဲနေတာပဲ!”

ဤတစ်ကြိမ်၌ ကျိုးချူလည်း ပြောလာသည်။

ထိုအခါ လုရုံမှ ပြောသည်။

“အင်း ကျုပ်တို့ ညီငယ်၅ရဲ့အကျင့်စရိုက်ကို ယုံကြည်တယ်။ သူသတ်တာ မဖြစ်နိုင်ဘူး”

ဖန့်ဖူမှလည်း ပြောသည်။

“ဟုတ်တယ်။ ကျိုစစ်က လူသတ်သမား မဖြစ်နိုင်ဘူး”

ချန်ကျဲ့သည် ကောင်းမွန်သည့်ဂုဏ်သတင်း တည်ရှိမြဲဖြစ်‌သည်။ ထို့ကြောင့် ထိုအခိုက်အတန့်တွင် ဖန်းရှစ်ကျုံးအား သတ်ခဲ့သည့် လူသတ်သမားမှာ ချန်ကျိုစစ်ဖြစ်သည်ဟု မည်သူမျှ မယုံကြည်ကြပေ။ ချန်ကျိုစစ်သည် မိန်းကလေးငယ်တစ်ယောက်အတွက် မွေးစားအဖေကို သတ်လိုက်သည်ဟူသည့် အကြောင်းပြချက်မှာ အလွန်ရယ်စရာကောင်းကာ ဖြစ်နိုင်ချေနည်းပါးသည်။

နန်ပါးထျန်းမှ ပြောသည်။

“မင်းတို့စိတ်ချပါ။ ငါတို့က လူကောင်းတစ်ယောက်ကို နစ်နာစေမှာ မဟုတ်သလို လူဆိုးကိုလည်း လွတ်မြောက်စေမှာ မဟုတ်ဘူး။ ကျိုစစ် မင်းစိတ်ချထားလို့ရတယ်”

ထိုအချိန်၌ ချန်ကျဲ့သည် တိတ်ဆိတ်စွာဖြင့် အရာအားလုံးကို စောင့်ကြည့်နေခဲ့သည်။ ဤကိစ္စသည် ဤမျှရိုးရှင်းလိမ့်မည်ဟု ချန်ကျဲ့ မထင်ပါချေ။

ထို့နောက် နန်ပါးထျန်းသည် ကျန်းလီယဲ့ဘက်သို့ လှည့်ပြီး ပြောသည်။

“အကြီးအကဲကျန်း ခင်ဗျားက ဒီနယ်ပယ်မှာ ကျွမ်းကျင်သူပါ။ ကျုပ်ရဲ့ဆရာတူအစ်ကိုက ဘယ်လိုသေဆုံးခဲ့ရတာပါလဲ”

ကျန်းလီယဲ့၏ မျက်နှာအမူအရာသည် အလွန်မှုန်မှိုင်းနေခဲ့သည်။ ဝူဟုန်သည်လည်း ထိတ်လန့်အံ့ဩကာ နက်ပြာရောင်သန်းနေသည့် မျက်နှာအမူအရာဖြင့် ချန်ကျဲ့ကို ကြည့်လာခဲ့သည်။ သူ၏မျက်လုံးအစုံ၌ ကူကယ်ရာမဲ့ခြင်းများ ပြည့်နှက်နေခဲ့သည်။

ချန်ကျဲ့ မကောင်းသည့်အငွေ့အသက်ကို ခံစားလိုက်ရသည်။

ထို့နောက် ကျန်းလီယဲ့မှ ပြောသည်။

“ကျုပ်ရဲ့စစ်ဆေးမှုအရ သေဆုံးသူမှာ သိသာထင်ရှားတဲ့ ပြင်ပထိခိုက်ဒဏ်ရာမရှိဘူး။ ဒါပေမဲ့ သေဆုံးစေတဲ့ အဓိကအကြောင်းအရင်းကတော့ သေဆုံးသူရဲ့ရင်ဘတ်က လက်ဝါးရိုက်ချက်ကြောင့်ပဲ”

ထို့နောက် ကျန်းလီယဲ့သည် ဖန်းရှစ်ကျုံး၏ ရင်ဘတ်ကို လှစ်ဟပြလိုက်သည်။ ဖန်းရှစ်ကျုံး၏ရင်ဘတ်တွင် ရှင်းလင်းထင်ရှားသည့် အမဲရောင် လက်ဝါးသဏ္ဍာန်ကြီး ထင်ဟပ်နေခဲ့သည်။

ကျန်းလီယဲ့မှ ပြောသည်။

“သေဆုံးသူက ဒီလက်ဝါးရိုက်ချက်ကြောင့် နှလုံးကွဲပြီး သေဆုံးခဲ့ရတာပါ”

စကားအဆုံး၌ နန်ပါးထျန်းမှ ‌အနီးကပ်ကြည့်ရှုသည်။ ထို့နောက်တွင် ရုတ်ချည်း အလွန်တရာ မျက်နှာပျက်သွား၏။ အံ့အားသင့်စွာ ရေရွတ်၏။

“သံမဏိလက်ဝါးသိုင်း!”

“ဘာ!”

ထိုစကားတွင် အားလုံးသည် နန်ပါးထျန်းကို ချောက်ချားတုန်လှုပ်စွာ ကြည့်လိုက်ကြသည်။

သံမဏိလက်ဝါးသိုင်း? ဖန်းရှစ်ကျုံးက သူ့ရဲ့အမှတ်သင်္ကေတဖြစ်တဲ့ သိုင်းပညာနဲ့ သေဆုံးသွားခဲ့ရတာပေါ့လေ!

နန်ပါးထျန်းမှ ပြောသည်။

“ကျုပ် မမှားဘူး။ ဒီသိုင်းကွက်စွမ်းအားက သေချာပေါက် သံမဏိလက်ဝါးသိုင်းပဲ! ခေါင်းဆောင်လျို ခင်ဗျားနဲ့ ကျုပ်ရဲ့ဆရာတူအစ်ကိုတို့ သိကျွမ်းခဲ့တာ ကြာပြီမဟုတ်လား၊ ခင်ဗျား တစ်ချက်လောက် လာကြည့်‌ပါဦး”

ထိုအခါ လျိုလောင်ကွေ့လည်း ကြည့်လာ၏။ ထို့နောက် လျိုလောင်ကွေ့လည်း မျက်နှာပျက်ယွင်းသွားကာ ချန်ကျဲ့ကို မျက်မှောင်ကြုတ်လျက် ကြည့်လာသည်။

“ဟုတ်တယ် သံမဏိလက်ဝါးသိုင်းပဲ၊ မမှားဘူး!”

“သံ သမဏိလက်ဝါးသိုင်း!”

မျန့်ရွှေစီရင်စု အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင်နှစ်ဦးမှ အတည်ပြုပြီးဖြစ်ရာ အားလုံးသည်လည်း ၎င်းမှာ သံမဏိလက်ဝါးသိုင်းဖြစ်ကြောင်း ယုံကြည်လက်ခံသွားခဲ့ကြသည်။

ထိုစကားတွင် ကျားဖြူခန်းမတစ်ခုလုံးမှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား ခံစားသွားကြရကာ အားလုံးသည် ချန်ကျဲ့ကို ကြည့်လာခဲ့ကြ၏။

ချန်ကျဲ့ လေအေးတစ်ရှိုက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်သည်။

ဒါက တကယ့်ချက်ကောင်းကို ထိုးသွင်းလိုက်တာပဲ!

ဖန်းရှစ်ကျုံး၏ အမှတ်သင်္ကေတဖြစ်သော သံမဏိလက်ဝါးသိုင်းသည် ကျားဖြူခန်းမ၏ဆက်ခံသူများသာ သင်ကြားခွင့်ရသည့် သိုင်းပညာဟု သတ်မှတ်နိုင်၏။

သံမဏိလက်ဝါးသိုင်းကို တတ်မြောက်သူကိုလည်း ကျားဖြူခန်းမ၏ အနာဂတ်ဆက်ခံသူဟု သတ်မှတ်ကြပေသည်။

အဲဒီတော့ သံမဏိလက်ဝါးသိုင်းကို အသုံးပြုနိုင်တဲ့သူက ဘယ်သူရှိမလဲ။

လက်ရှိတွင် ကျားဖြူခန်းမတစ်ခုလုံး သိထားသည်မှာ ချန်ကျိုစစ်တစ်ဦးတည်းသာလျှင် သံမဏိလက်ဝါးသိုင်းကို တတ်မြောက်ထားသူဖြစ်ပေသည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ!”

ထိုအခိုက်တွင် လူများစွာတို့သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်မိကြ၏။ သူတို့သည် ခန်းမအရှင်သခင်ကို သတ်ခဲ့သည့် လူသတ်သမားမှာ ချန်ကျိုစစ်ဖြစ်သည်ဟု လက်မခံနိုင်ကြပေ။ သို့သော် သက်သေအားလုံးသည် ချန်ကျိုစစ်တွင် လူသတ်ရန် အကြောင်းပြချက်ရှိပြီး ပြစ်မှုကျူးလွန်ရန် စွမ်းရည်ရှိသည်ဟု ရှင်းရှင်းလင်းလင်း ညွှန်ပြနေခဲ့သည်။

သံမဏိလက်ဝါးသိုင်းကို ချန်ကျိုစစ်တစ်ယောက်တည်းသာ အသုံးပြုနိုင်၏!

ထိုအချိန်၌ ကျိုးချူသည် ချန်ကျဲ့ကို ကြည့်နေခဲ့ကာ မျက်နှာသည်လည်း ရှုပ်ထွေးနေသည့် အမူအရာဖြင့် ချန်ကျဲ့ထံမှ ရှင်းပြချက်ကို ကြားချင်နေခဲ့သည်။

ဝူဟုန်လည်း မသိမသာ မျက်မှောင်ကြုတ်နေ၏။

ကျိုစစ်က မဆင်မခြင်လုပ်လွန်းတာပဲ!

လုရုံသည်လည်း ရှုပ်ထွေးကာ ကူကယ်ရာမဲ့နေသည့် မျက်နှာအမူအရာဖြင့် မှုန်ကုပ်နေခဲ့သည်။

ဖန့်ဖူလည်း နေရာတွင်ပင် ကြောင်အမင်သက်နေခဲ့၏။ သူ၏မျက်လုံးများတွင် မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေပေသည်။

ထိုစဉ် ဖုန်းရွှမ်သည် ခြေတစ်လှမ်းနောက်ဆုတ်သွားပြီး ပြောလာ၏။

“မဟုတ်ဘူး မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကျိုစစ် ကျိုစစ်က ဘယ်လိုလုပ်ပြီး မွေးစားအဖေကို သတ်တဲ့သူ ဖြစ်နိုင်မှာလဲ!”

ဖုန်းရွှမ်၏စကားအဆုံး၌ ချင်းယင်မှ ပျက်ရယ်ပြု၏။

“ဘာကို မဖြစ်နိုင်တာလဲ? မဖြစ်နိုင်ခြင်းတွေ အားလုံးကို ဖယ်ပစ်လိုက်ရင် ဘယ်လောက်ပဲ မဖြစ်တန်တဲ့အရာဖြစ်ပါစေ ကျန်ရစ်တဲ့အရာက အမှန်တရားပဲ။ ကျားဖြူခန်းမတစ်ခုလုံး၊ မျန့်ရွှေစီရင်စုတစ်ခုလုံး မဟုတ်ဘူး တစ်လောကလုံးမှာတောင်မှ ချန်ကျိုစစ်‌တစ်ယောက်ပဲ သံမဏိလက်ဝါးသိုင်းကို တတ်မြောက်နိုင်ခြေရှိတာ။ လောင်ဖန်းသေဆုံးရတာက သံမဏိလက်‌ဝါးကြောင့်ဆိုရင် တရားခံက သူမဟုတ်ရင် တခြားဘယ်သူဖြစ်နိုင်သေးလို့လဲ!”

“သံမဏိလက်ဝါးသိုင်းမဟုတ်တာလည်း ဖြစ်နိုင်တာပဲမဟုတ်လား? မှားယွင်းဖော်ထုတ်မိတာရော မဖြစ်နိုင်ဘူးလား”

ထိုအခါ ချင်းယင်မှ ပြောသည်။

“အထင်ကရဖြစ်တဲ့ မျန့်ရွှေစီရင်စု အစောင့်အရှောက်ကြီး၁၃ဦးရဲ့ ခေါင်းဆောင်နန်နဲ့ ခေါင်းဆောင်လျိုတို့ နှစ်ယောက်စလုံးက သံမဏိလက်ဝါးသိုင်းပါလို့ အတည်ပြုထားတာကို အဲဒါက မှားယွင်းနိုင်ပါ့မလား”

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ! ကျိုစစ်!”

အလွန်တရာ ပူပန်သောကရောက်နေဟန်သော အမူအရာဖြင့် ဖုန်းရွှမ်သည် ယခုတွင် မျက်ရည်များ ကျဆင်းလာခဲ့ကာ မယုံကြည်နိုင်သော မျက်လုံးအကြည့်များဖြင့် ချန်ကျဲ့၏အမည်ကို အော်ခေါ်လာခဲ့သည်။

“ကျိုစစ် ကျေးဇူးပြုပြီး အားလုံးကိုပြောလိုက်ပါ မင်းသတ်တာမဟုတ်ပါဘူးလို့! မွေးစားအဖေကို မင်းသတ်လိုက်တာ မဟုတ်ပါဘူးလို့! ကျိုစစ်!”

ချန်ကျဲ့သည် တစ်ချိန်လုံး တည်ငြိမ်တိတ်ဆိတ်နေခဲ့သည်။ ဖန်းရှစ်ကျုံး၏ရင်ဘတ်မှ သံမဏိလက်ဝါးသိုင်း၏ လက်ဝါးရိုက်ချက်ကို မြင်သောအခါမှသာ ဤထောင်ချောက်မှာ သူ့အတွက် ပြင်ဆင်ထား‌ခြင်းဖြစ်ကြောင်း ချန်ကျဲ့ နားလည်သွားခဲ့‌ရသည်။

သို့တိုင် ရန်သူသည် မည်သို့နည်းလမ်းဖြင့် သံမဏိလက်ဝါးသိုင်းအား တတ်မြောက်ထားခြင်းကိုမူ ချန်ကျဲ့ စဉ်းစားမရသေးပေ။

ဖန်းရှစ်ကျုံးပြောခဲ့ဖူးသည်မှာ သံမဏိလက်ဝါးသိုင်းသည် အထူးကျင့်စဉ်တစ်ခုဖြစ်ပြီး ထိုအချိန်ကလည်း ဖန်းရှစ်ကျုံး၏ဆရာသည် ဖန်းရှစ်ကျုံးတစ်ဦးတည်းကိုသာ သင်ပေးခဲ့သည်ဟူ၍ ဖြစ်၏။

သက်သေအဖြစ် သံမဏိလက်ဝါးသိုင်းရာကြီး ရှိနေသည်ဖြစ်ရာ ချန်ကျဲ့တွင် ချေပရန် အခွင့်မသာပေ။ သူ၏ရန်သူသည် ကြီးမားသည့်ထောင်ချောက်ကို ပြင်ဆင်ထားလိမ့်မည်မှန်း ချန်ကျဲ့သိထားသော်ငြား ဤမျှအထိ ကြီးလေးကာ တပါတည်းချီပြီးတုပ်နှောင်ပြီးသားဖြစ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။

လက်ရှိတွင် သူပြောသမျှ အရာအားလုံးသည် မုသားများအဖြစ်သာ သတ်မှတ်ခံလိမ့်မည်။

ချေပရန် ကြိုးပမ်းခြင်းသည် ဆင်ခြေပေးခြင်းဟုသာ အထင်ခံရလိမ့်မည်။ အဆင်အခြင်မဲ့ ပြုမူခဲ့လျှင် တစ်ဖက်လူသည် မိမိမှာ အရှက်ဒေါသဖြင့် တုံ့ပြန်ပြုမူသည်ဟု ကျိန်းသေပေါက် တွေးထင်လိမ့်မည်။

သို့ဖြစ်ရာ ချန်ကျဲ့သည် ဖန်အိုးထဲမှ ငါးတစ်ကောင်အလား ပိတ်မိနေခဲ့ပြီဖြစ်၏။

ဤအမှုသည် ဖုန်းရွှမ်နှင့် ပတ်သက်နေကြောင်းလည်း ချန်ကျဲ့၏စိတ်ထဲ လုံးဝနီးပါး သေချာသွားခဲ့လေပြီ။ ဖုန်းရွှမ်ကိုယ်တိုင် မွေးစားအဖေကို သတ်ခဲ့ခြင်းလည်း ဖြစ်နိုင်၏။ သို့သော် သက်သေမရှိပေ။

ဒါပေမဲ့ ဖုန်းရွှမ်က အခန်းထဲက ဘယ်လိုထွက်သွားတာလဲ။

ငါ ဒီအခန်းကို လာခဲ့တုန်းက ဟွားသျဲ့က မွေးစားအဖေ အဝတ်အစားဝတ်ရမှာမို့ဆိုပြီး ငါ့ကို တံခါးဝမှာ ခဏစောင့်ဖို့ ‌အရင်ပြောခဲ့သေးတယ်။

ထိုအချိန်က ချန်ကျဲ့သည် သာမန်ကာလျှံကာမျှသာ တွေးခဲ့၏။ သို့သော် မမျှော်လင့်စွာဖြင့် “သစ္စာဖောက်”ဟူသည့် အော်သံကို ကြားလိုက်ရသည်။ ထို့ကြောင့် အခန်းထဲသို့ အပြေးဝင်သွားခဲ့သည်တွင် ဤသို့ထောင်ချောက်အတွင်း ကျဆင်းသွားခဲ့ရလေသည်။

ချန်ကျဲ့ ချေပရန် မတတ်နိုင်ပေ။

ဒါနဲ့ အဲဒီ”သစ္စာဖောက်”ဆိုတဲ့ စကားက မွေးစားအဖေ အော်လိုက်တာရော ဟုတ်ရဲ့လား?

ဒါတွေအားလုံးက ငါ့ကိုထောင်ချောက်ဆင်ထားတာပဲ။

ပြီးတော့ အခု ဖုန်းရွှမ်က သရုပ်ဆောင်နေတယ်။

ဤရက်အနည်းငယ်အတွင်း ဖုန်းရွှမ် မူမမှန်ဘဲ ထူးခြားစွာပြုမူနေရသည့် အကြောင်းအရင်းကို နောက်ဆုံးတော့ ချန်ကျဲ့ နားလည်သွားခဲ့လေပြီ။ အင်အားအာဏာလွှဲပြောင်းပေးခြင်းသည့်အပြင် သူ၏ငြိမ်းချမ်းခြင်းလမ်းမရှိ လုပ်ပိုင်ခွင့်အားလုံးကို ကျိုးချူကို အတင်းလက်လွှဲပေးလိုက်ခြင်းများ အားလုံးသည် ဤထောင်ချောက်အတွက် ကြိုတင်ပြင်ဆင်မှုများ ဖြစ်နေခဲ့ပေသည်။

All Chapters