← Chapters

ဖန်းရှစ်ကျုံးသေဆုံးခြင်း_၅

Vol. 26 Ch. 354

ဖန်းရှစ်ကျုံးသေဆုံးခြင်း_၅

Vol. 26 Ch. 354

ဖုန်းရွှမ်က ဘာလို့ ငါ့အကျိုးအတွက် ပူးပေါင်းပေးပြီး ကျားဖြူခန်းမရဲ့ ဆက်ခံသူက ငါက လွဲပြီး မဖြစ်သင့်ဘူးလို့ ပြောခဲ့တာဖြစ်မလဲ။

လတ်စသတ်တော့ သူက ဒီပြဇာတ်ကြီးကို ကြိုတင်ပြင်ဆင်နေတာ ဖြစ်နေခဲ့တာပဲ။

သူ့ရဲ့ရည်မှန်းချက်က သူ့ကိုယ်သူ ညီငယ်လေးအတွက် နှလုံးသားတစ်ခုလုံးနဲ့ ဂရုစိုက်ပေးတဲ့ အစ်ကိုကြီးပုံရိပ်သွင်းဖို့ ဖြစ်နေခဲ့တာပဲ။

သူ့ရဲ့ လက်ရှိသရုပ်ဆောင်ချက်ကလည်း တကယ့်ကို ထိပ်တန်းအဆင့်ဖြစ်နေလိုက်တာမှ မျက်လုံးတွေ ပြုတ်ထွက်မတတ် ငိုနေတာ။ ဒီသရုပ်ဆောင်ချက်မျိုးနဲ့ အခု မျန့်ရွှေစီရင်စုက ဘယ်သူကများ ဖုန်းရွှမ်က အစ်ကိုကောင်း သားကောင်းတစ်ယောက်လို့ မတွေးတဲ့သူ ရှိပါဦးမလဲ။

ဖုန်းရွှမ်က တကယ်ကြီး အရာအားလုံး အသင့်ပြင်ထားပြီး ငါ ထောင်ချောက်ထဲ ကျလာတာကို စောင့်ဆိုင်းနေခဲ့တာပဲ။

သို့သော် ချန်ကျဲ့ အချက်တစ်ချက်ကိုတော့ နားမလည်သေးပေ။

ဖန်းရှစ်ကျုံးက ဘယ်လိုသေသွားတာလဲ။

“သံမဏိလက်ဝါးသိုင်း?”

ဖန်းရှစ်ကျုံး၏အင်အားသည် မူလအတိုင်း တည်ရှိနေမြဲဖြစ်ကြောင်း ချန်ကျဲ့ သိထားသည်။ သို့ဖြစ်ရာ ဖန်းရှစ်ကျုံးကို အနိုင်တိုက်လိုပါက သံမဏိလက်ဝါးသိုင်းကို ဖန်းရှစ်ကျုံးနှင့် ညီမျှသည့် တတ်မြောက်မှုမျိုး ရှိထားရန် လိုအပ်သည်။ အနည်းဆုံးတော့ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ရှိရန် လိုအပ်၏။

‌စွမ်းအင်ပြောင်းလဲခြင်းအဆင့်သည်လည်း မလုံလောက်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိပ်တိုက်တိုက်ခိုက်ရပါက နန်ပါးထျန်းကဲ့သို့ အင်အားရှိသူသာလျှင် ဖန်းရှစ်ကျုံးကို သံမဏိလက်ဝါးသိုင်းဖြင့် ထိခိုက်စေနိုင်သည့်စွမ်းရည် ရှိလိမ့်မည်။

ဒါပေမဲ့ မွေးစားအဖေက သံမဏိလက်ဝါးသိုင်းချက် တစ်ချက်တည်းနဲ့ အချိန်တိုလေးအတွင်း သေသွားခဲ့တယ်။

“ဒါက ဘယ်လိုသတ်လိုက်တာဖြစ်မလဲ”

ဤသည်မှာ အမှုစတင်ချိန်မှ စ၍ ချန်ကျဲ့သည် မိမိ၏သံသယကို ပထမဆုံးအကြိမ် ထုတ်ပြောလိုက်ခြင်းဖြစ်သည်။

“အမ်း လက်ရှိမှာ သက်သေတွေအားလုံးနီးပါးက လူသတ်သမားက ကျွန်တော်ပါလို့ ညွှန်ပြနေတယ်။ ကျွန်‌တော့်မှာ လူသတ်ဖို့လှုံ့ဆော်နိုင်တဲ့ အကြောင်းအရင်း၊ ရည်ရွယ်ချက်နဲ့ သံမဏိလက်ဝါးသိုင်းဆိုတဲ့ သိုင်းပညာအထိ ရှိနေတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ မေးစရာတစ်ခုပဲရှိတယ်!”

ချန်ကျဲ့၏စကားတွင် အားလုံးသည် ချန်ကျဲ့၏ရှင်းပြချက်ကို စိတ်အားထက်သန်စွာဖြင့် အာရုံစိုက်နားစွင့်ကြသည်။

ချန်ကျဲ့မှ ပြောသည်။

“စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ယောက်ကို‌ ကျင့်ကြံဆင့်တူညီတဲ့ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင် နောက်တစ်ယောက်ကပဲ သတ်နိုင်မယ်ဆိုတာ လူတိုင်းသိတဲ့ အခြေခံဗဟုသုတပဲ။ ကျွန်တော်က သံမဏိလက်ဝါးသိုင်းကို တတ်မြောက်ထားတာ မှန်ပါတယ်။ ဒါပေမဲ့ မွေးစားအဖေက စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ယောက်ပါ။ ကျွန်တော့်လို သံမဏိအရိုးအဆင့်သိုင်းပညာရှင်တစ်ယောက်က ဘယ်လိုလုပ်ပြီး မွေးစားအဖေကို ထိခိုက်အောင် လုပ်နိုင်မှာပါလဲ”

ထိုအခါ အားလုံး တွေဝေသွားကြသည်။

ဟုတ်တယ်။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်ကို သတ်မယ့်သူက စွမ်းအင်ပြောင်းလဲခြင်းအဆင့်ရှိဖို့ လိုတယ်။ ဖန်းရှစ်ကျုံးလို စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ယောက်ကို သံမဏိအရိုးအဆင့်စွမ်းအားကို အသုံးပြုပြီး လက်ဝါးရိုက်ချက် တစ်ချက်တည်းနဲ့ သတ်ပစ်ဖို့ဆိုတာက…

မဖြစ်နိုင်ဘူး။ ဘယ်လိုမှ မအောင်မြင်နိုင်တဲ့အရာပဲ။

နန်ပါးထျန်းလို အင်အားမရှိတဲ့ သာမန်စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်ဆိုရင်တောင်မှ လုပ်နိုင်စွမ်းမရှိနိုင်ဘူး။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ယောက်ကို လက်ဝါးတစ်ချက်နဲ့ သတ်ဖို့ဆိုရင် စွမ်းအင်ပြောင်းလဲခြင်းအဆင့်အထက် ကျင့်ကြံဆင့်ကိုတောင် လိုအပ်နိုင်တယ်။

ထိုအခိုက်တွင် အားလုံး အတွေးထဲ နစ်မြုပ်သွားကြသည်။

ဟုတ်တယ်။ ချန်ကျိုစစ်ရဲ့အင်အားက မလုံလောက်ဘူး။

ချန်ကျိုစစ်က ဖန်းရှစ်ကျုံးကို ဘယ်လိုသတ်နိုင်မှာလဲ။ အဓိပ္ပာယ်မရှိဘူး။ အင်အားကွာခြားချက်က ဘယ်လိုမှ ငြင်းမရနိုင်တဲ့အချက်ပဲလေ။ ဘယ်လောက်ပဲ အကြောင်းပြချက်တွေ ရှိနေပါစေ အင်အားမရှိတဲ့သူဆိုရင် အရာအားလုံးက ထင်ရာစိုင်းထားတဲ့ ခန့်မှန်းချက်သက်သက်ပဲ။

ထို့နောက် ချင်းယင်မှ ပြောသည်။

“‌ေလာင်ဖန်းက သူဖုန်းစားအိုကြီးနဲ့ တိုက်ခိုက်တုန်းက အပြင်းအထန်ဒဏ်ရာရထားတယ်။ လောင်ဖန်းက ဒဏ်ရာကြောင့် အင်အားမရှိနေ‌လို့ရော မဖြစ်‌နိုင်ဘူးလား”

“လောင်ဖန်းရဲ့ဒဏ်ရာက မပျောက်သေးဘဲ အင်အားမရှိနေဘူးဆိုရင် မဖြစ်နိုင်တာ မဟုတ်တော့ဘူး!”

ထိုအခါ ဖန့်ဖူသည် မျက်ရည်များကို သုတ်လိုက်ပြီး ခေါင်းမော့ပြောလာသည်။

“မဟုတ်ဘူး။ ခန်းမအရှင်သခင်ရဲ့အင်အားက မူလအတိုင်းပဲ ရှိနေတယ်။ ကျွန်တော်သိတယ်!”

အားလုံးသည် ဖန့်ဖူ၏စကားများကို ယုံကြည်ကြ၏။ ထို့ကြောင့် အကြည့်များသည်လည်း ဘေးဘက်သို့ လွှဲသွားကြသည်။

ငါတို့ မှားယွင်းစွပ်စွဲနေမိတာများလား။ တကယ်ပဲ ချန်ကျိုစစ်သတ်တာ မဟုတ်ဘူးလား။

မည်သို့ပင်ဖြစ်စေ ချန်ကျဲ့ကိုယ်တိုင်သည်တော့ ထိုမျှအထိ အကောင်းမမြင်နိုင်သေးပါချေ။ ထောင်ချောက်ဆင်ထားသည့် ရန်သူသည် သူ့အတွက် ထိုမျှထင်ရှားသည့် ဟာကွက်မျိုးကို ထားရှိခဲ့လိမ့်မည် မဟုတ်ပေ။

နန်ပါးထျန်းသည် ကျန်းလီယဲ့ဘက်သို့ လှည့်သွား၏။

“အကြီးအကဲကျန်းကရော ဘယ်လိုထင်ပါသလဲ”

ကျန်းလီယဲ့ မသိမသာ မျက်မှောင်ကြုတ်လိုက်သည်။ သူဒီနေ့ အခြားသူများ၏ အသုံးချခံနေရသည်ဟု ခံစားနေရ၏။ သို့သော် အရာရှိတစ်ယောက်အနေဖြင့် အလုပ်အကိုင်ဆိုင်ရာ တည်ကြည်မှုကို ထိန်းသိမ်းထားရပေမည်။

ကျန်းလီယဲ့မှ ပြောသည်။

“ပြီးတော့ သေဆုံးသူရဲ့ခန္ဓာကိုယ်ကနေ ထူးခြားတဲ့အနံ့တစ်မျိုးကို ရနေပါတယ်။ ကျုပ်အထင် မမှားဘူးဆိုရင် မွှေးပျံ့အရိုးပျော့ဆေးအနံ့ ဖြစ်ပါလိမ့်မယ်”

“ဘာ မွှေးပျံ့အရိုးပျော့ဆေးလား?!”

ထိုစကားတွင် အားလုံး ထိတ်လန့်တုန်လှုပ်သွားကြ၏။ မွှေးပျံ့အရိုးပျော့ဆေးသည် သာမန်ပစ္စည်းတစ်ခု မဟုတ်ပေ။ ၎င်းသည် အဖိုးမဖြတ်နိုင်သော ရှားပါးပစ္စည်းဖြစ်၏။ ကောလာဟလများတွင် ပြောဆိုကြသည်မှာ ၎င်းကို အနောက်တိုင်းရှိ တိုင်းတစ်ပါးသား ဘုန်းတော်ကြီးတစ်ပါးမှ သာ့ချန်တော်ဝင်မိသားစုကို ဆက်သခဲ့ပြီး နောက်ပိုင်းတွင် သိုင်းလောကထဲသို့ ပျံ့နှံ့ရောက်ရှိလာခဲ့သည်ဟု ဆိုကြသည်။

လုပ်ဇာတ်များသည် အမှန်ဖြစ်ဖို့ရာ ခက်ခဲသော်ငြား ၎င်း၏အကျိုးသက်ရောက်မှုသည်တော့ တစ်မူထူးခြား၏။ မွှေးပျံ့အရိုးပျော့ဆေးကို သောက်သုံးမိလိုက်သည်နှင့် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်ကိုပင် အတွင်းအား လုံးဝကင်းမဲ့သွားစေနိုင်ပြီး အားနည်းကာ စိုးစဉ်းသော်မျှ အင်အားထုတ်မသုံးနိုင်ဘဲ ဖြစ်စေနိုင်သည်။ ဆိုလိုသည်မှာ သာမန်လူတစ်ဦးကဲ့သို့ ကူကယ်ရာမဲ့သွားလိမ့်မည်။

‌ထိုဆေးအမည်ကို ကြားလိုက်သောအခါ အားလုံး၏အကြည့်များသည် ချန်ကျဲ့ဆီသို့ ပြန်လည်ရောက်ရှိလာကြသည်။

ဦးစွာ မွှေးပျံ့အရိုးပျော့ဆေးကို အသုံးပြု၍ ဖန်းရှစ်ကျုံး၏ သိုင်းပညာနှင့် အတွင်းအားများကို အသုံးမပြုနိုင်တော့အောင် ပြုလုပ်ပြီးနောက် လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် သတ်လိုက်သည်။ ဤသည်မှာ သေချာပေါက် ဖြစ်နိုင်သည့်အရာဖြစ်၏။ သို့ဖြင့် လက်ရှိအချိန်တွင် အားလုံးနီးပါးသည် တရားခံမှာ ချန်ကျဲ့ဖြစ်ကြောင်း ယုံကြည်သွားကြသည်။

ချန်ကျဲ့ မျက်လုံးမှေးကျုံ့လိုက်၏။ ဤတစ်ကြိမ်တွင်တော့ သူတကယ် ပြောစရာစကားမရှိတော့ကြောင်း နားလည်လိုက်ရသည်။

ထို့နောက် ကျိုးချူမှ ထရပ်လိုက်ပြီး ပြောသည်။

“မဟုတ်ဘူး။ အဲဒီလိုမဖြစ်နိုင်ဘူး။ ဒီနေ့ မွေးစားအဖေက ကျိုစစ်ဆီက ဘာကိုမှ မစားခဲ့ဘူး။ အဲဒါကို ကျိုစစ်က မွေးစားအဖေကို ဘယ်လိုလုပ်ပြီး အဆိပ်ခတ်နိုင်မှာလဲ။ ပြီးတော့လည်း မွေးစားအဖေရဲ့ လုံခြုံရေးကို စိတ်ချရစေဖို့အတွက် ဒီနေ့အတွက် မွေးစားအဖေရဲ့ အစားအသောက်အားလုံးကို ဦးလေးဖူပဲ တာဝန်ယူခဲ့တာ။ ဦးလေးဖူက ကျိုစစ်နဲ့ ပူးပေါင်းပြီး မွေးစားအဖေကို လုပ်ကြံမှာတဲ့လား”

ထိုစကားတွင် အားလုံး ပြန်လည်တွေးတောကုန်ကြပြန်သည်။

ထို့နောက် ဖုန်းရွှမ်မှ ဆက်ပြောသည်။

“ဟုတ်တယ် ဟုတ်တယ်။ တစ်ယောက်ယောက်က မွေးစားအဖေကို မွှေးပျံ့အရိုးပျော့ဆေးခတ်ခဲ့တယ်ဆိုရင်တောင်မှ ကျုပ်တို့ကျိုစစ် မဖြစ်နိုင်ဘူး။ ကျိုစစ်က အဲဒီလိုလုပ်မှာ မဟုတ်ဘူး။ ပြီးတော့ ဦးလေးဖူက မွေးစားအဖေအတွက် ညီအစ်ကိုလိုလူမျိုးပဲ။ ဦးလေးဖူမှာ မွေးစားအဖေကို အန္တရာယ်ပြုစရာ ဘာအကြောင်းအရင်းမှ မရှိဘူး!”

“ဟမ့် ဖုန်းရွှမ်၊ မင်းက အရမ်းစိတ်ပျော့လွန်းတယ်။ မင်းဘာလို့ ဒီလောက်တောင် တုံးအရတာလဲ။ လောင်ဖန်းက ဒီနေ့ ဖန့်ဖူပြင်ဆင်ပေးထားတဲ့ အစားအသောက်တွေကိုပဲ စားတာမို့လို့လား။ အဲဒီသရုပ်ဆောင်က လောင်ဖန်းကို အစားအသောက်နည်းနည်းလေးမှ မဧည့်ခံပေးခဲ့ဘူးတဲ့လား”

ထိုအခါ အားလုံး၏အကြည့်များသည် ကြမ်းပြင်တွင် လဲနေဆဲဖြစ်သည့် ဟွားသျဲ့ဆီသို့ ရောက်သွားကြသည်။

ယခုတွင် ဟွားသျဲ့သည် ကြောက်ရွံ့နေကြောင်း သိသာလှ၏။ ဟွားသျဲ့မှ ပြောသည်။

“ကျွန်မ မသိပါဘူး။ ကျွန်မနဲ့ ဘာမှမဆိုင်ပါဘူး!”

ထိုအခါ ချင်းယင်မှ ပြောသည်။

“မင်းနဲ့ မဆိုင်ဘူးတဲ့လား? မင်းက ‌မဆိုင်ဘူးလို့ ပြောတာနဲ့ပဲ မဆိုင်တော့ဘူးတဲ့လား။ ဒီကိုလာစမ်း!”

ချင်းယင်သည် ထိတ်လန့်တုန်လှုပ်နေသည့် ဟွားသျဲ့ကို ဆွဲခေါ်ရန် လက်လှမ်းလိုက်သည်။

သို့သော် နန်ပါးထျန်းသည် ရုတ်ချည်း မျက်မှောင်ကြုတ်သွားပြီး အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ ချင်းယင်သည် အမြန် နောက်ပြန်ဆုတ်လိုက်ပြီးနောက် နန်ပါးထျန်းအား နားမလည်သည့် မျက်နှာအမူအရာဖြင့် ကြည့်လာခဲ့သည်။

နန်ပါးထျန်းမှ ပြောသည်။

“ငါတို့ အကြမ်းဖက်တဲ့နည်းလမ်းကို မကျင့်သုံးသင့်ဘူး”

ချင်းယင်မှ ပြောသည်။

“ဟုတ်ကဲ့ပါ ခေါင်းဆောင်?”

သို့သော် ချင်းယင်၏မျက်နှာမှာ အံ့ဩသည့်အမူအရာ ထင်ဟပ်နေဆဲပင်။

ဒါက ဘာလို့ ဇာတ်ညွှန်းအတိုင်း မလုပ်ရတာလဲ။

နန်ပါးထျန်းမှ ဆက်ပြောသည်။

“မွှေးပျံ့အရိုးပျော့ဆေးက သောက်သုံးလိုက်မိတာနဲ့ ချက်ချင်းသက်ရောက်မှုဖြစ်တဲ့ ဆေးပဲ။ ဒီနေ့ည ဆရာတူအစ်ကိုဖန်းက မိန်းကလေးဟွားသျဲ့ကို တစ်ယောက်တည်း သွားမတွေ့ခင်အချိန်အထိ မူမမှန်တာ ဘာမှမရှိခဲ့ဘူး။ မိန်းကလေးဟွားသျဲ့အနေနဲ့ ကျုပ်တို့ကို ရှင်းပြချက်တစ်ခုလောက် ပေးနိုင်မလား”

“ကျွန် ကျွန်မ မလုပ်ခဲ့ပါဘူး!”

ဟွားသျဲ့သည် သနားချင့်စဖွယ်ပုံစံလေးဖြင့် ခေါင်းခါရမ်းသည်။

နန်ပါးထျန်းမှ ပြောသည်။

“မင်းလုပ်ခဲ့တယ် မလုပ်ခဲ့ဘူးဆိုတာက မင်းဆုံးဖြတ်လို့ ရတဲ့အရာမဟုတ်ဘူး။ သူ့ကို ငါ့ရှေ့ခေါ်လာပြီး ရှာလိုက်ကြစမ်း!”

All Chapters