ဖန်းရှစ်ကျုံးသေဆုံးခြင်း_၆
Vol. 26 Ch. 355
“ရှာစမ်း”ဟူသည့် စကားကို ကြားသောအခါ ဟွားသျဲ့သည် ထိတ်လန့်တကြား အော်ပြောသည်။
“လက်မခံနိုင်ဘူး!”
“ဘာကိုလက်မခံနိုင်တာလဲ”
“အမျိုးသမီးအဆောင်ကို ရှာဖွေ့လို့မရဘူး”
နန်ပါးထျန်းမှ ပြောသည်။
“လူ့အသက်က အရေးအကြီးဆုံးပဲ။ အဲဒီလိုအရာတွေကို ထည့်စဉ်းစားပေးနေဖို့ အချိန်မရှိဘူး။ ရှာကြစမ်း!”
“ဟုတ်ကဲ့!”
ထိုအခါ လက်အောက်ငယ်သားများသည် စတင်ရှာဖွေကြသည်။ အခန်းတစ်ခုလုံး ရှုပ်ပွသည်အထိ ရှာဖွေကြပြီး အတွင်းဝတ်များလည်း နေရာအနှံ့ ပြန့်ကျဲကုန်သည်။
“ခေါင်းဆောင်!”
သူတို့သည် အချိန်တိုအတွင်း အဝတ်ပတ်ထားသည့် သေရည်နှစ်ပုလင်းကို ရှာတွေ့သွားကြသည်။
နန်ပါးထျန်းသည် ထိုသေရည်နှစ်ပုလင်းကို ယူ၍ ကျန်းလီယဲ့ကို ကမ်းပေးလိုက်သည်။
ကျန်းလီယဲ့မှ အနံ့ခံကြည့်ပြီးနောက် ပြောသည်။
“ဟုတ်တယ် မွှေးပျံ့အရိုးပျော့ဆေးပဲ။ ပြီးတော့ ခွက်က စိုနေသေးတယ်။ သုံးထားတာ မကြာလောက်သေးဘူး!”
ထိုအခါ နန်ပါးထျန်းသည် ဟွားသျဲ့ကို လှည့်ကြည့်ပြီး ပြောသည်။
“မင်းမှာ တခြားဘာပြောစရာရှိသေးလဲ”
“အား ခေါင်းဆောင်နန် ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ.. ကျွန်မ.. ကျွန်မလည်း.. ဖိအားပေးခိုင်းစေခံရတာပါ!”
ထိုအခါ အားလုံးသည်လည်း မျက်မှောင်ကြုတ်သွားပြီး မေးလာသည်။
“ဘယ်သူခိုင်းတာလဲ”
ဟွားသျဲ့သည် ရုတ်ချည်း တအင့်အင့်ရှိုက်ငိုတော့သည်။
“ဝူး ဝူး ဝူး… ကျွန်မ တကယ် အတင်းအကြပ်ခိုင်းစေခံရတာပါ ကျွန်မ.. ဝူး ဝူး ဝူး…”
ရှိုက်ငိုနေသည့် ဟွားသျဲ့အား နန်ပါးထျန်းမှ အမိန့်ပေးသည်။
“ပြောစမ်း!”
ဟွားသျဲ့သည် ချန်ကျဲ့ဘက်သို့ ခေါင်းလှည့်လာပြီး ပြောသည်။
“သခင်၅ ကျွန်မတောင်းပန်ပါတယ်”
ထိုစကားတွင် အားလုံး၏အကြည့်များသည် ချန်ကျဲ့ဆီသို့ ရောက်လာကြသည်။ ချန်ကျဲ့သည် ခပ်ဖျော့ဖျော့ရယ်မောလိုက်၏။
“ဟားဟားဟား… ကျွန်တော်သိနေတယ် သိနေတယ်။ အဆုံးမှာတော့ ဒါက ကျွန်တော့်ဆီ ပြန်ရောက်လာဦးမှာပဲ”
“ချန်ကျိုစစ် ကြားဖြတ်ပြောမနေစမ်းနဲ့။ သူ့စကားကို ဆုံးအောင်ပြောပါစေ”
ချင်းယင်မှ အော်ငေါက်သည်။
ယခုတွင် ချန်ကျဲ့သည် ဟွားသျဲ့၏စကားများကို ဆက်နားထောင်ရန် စိတ်မဝင်စားတော့ပေ။ ချန်ကျဲ့သည် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ဝဲကြည့်ပြီးနောက် ဤနေရာတွင် ငြင်းခုံနေခြင်းငှာ အဓိပ္ပာယ်မရှိကြောင်း နားလည်လိုက်သည်။ ရန်သူသည် သူ့ကို ချောက်ချရန် စိတ်ဆုံးဖြတ်ထားပြီးဖြစ်သည်။ သူ ထွက်ပြေးရန် လိုအပ်၏။ အနာဂတ်တွင် အခွင့်အရေးရရှိရန်အတွက် မိမိကိုယ်ကိုယ် အရင်ကယ်တင်ထားခြင်းမှာ ပိုကောင်းလိမ့်မည်။
ထိုအချိန်၌ ဟွားသျဲ့သည် တအင့်အင့်ငိုကြွေးလျက် သူမသည် ချန်ကျဲ့၏ ခြိမ်းေခြာက်ခံရခြင်းဖြစ်ကြောင်း စတင် ဝန်ခံနေလေပြီ
ချန်ကျဲ့ စင်နောက်သို့ ဝင်ရောက်လာစဉ်က သူမ၏လည်ပင်းကို ဓားဖြင့်ထောက်၍ သူမကို အတင်းအကြပ် အဆိပ်တိုက်ခဲ့သည်…
သူမလည်း ရွေးချယ်စရာမရှိဘဲ ခိုင်းစေသည့်အတိုင်း လုပ်လိုက်ရပြီးနောက် ချန်ကျဲ့ကို ခေါ်ခဲ့သည်။
ချန်ကျဲ့ အခန်းထဲဝင်သွားပြီး ခဏအကြာတွင် ဖန်းရှစ်ကျုံးနှင့် စတင်အငြင်းပွားကြပြီး နောက်တွင် “သစ္စာဖောက်”ဟူသည့် အော်ဟစ်သံထွက်ပေါ်လာခဲ့သည်။ သို့ဖြင့် ဖန်းရှစ်ကျုံးသည် သေဆုံးသွားခဲ့ပြီး သူမလည်း အော်ဟစ်အကူအညီတောင်းခဲ့သည်… ဟူ၏။
အဖြစ်အပျက်အားလုံးသည် အပြစ်အနာအဆာ မရှိပေ။ အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားကြောင်း သိသာလှသည်။
ထိုဝန်ခံချက်တွင် ဦးနှောက်မရှိသည့် လုရုံမှ ဒေါသပေါက်ကွဲလာ၏။
“ချန်ကျိုစစ် မကောင်းတဲ့ကောင်! မင်းက မွေးစားအဖေကို သတ်ခဲ့တယ်ပေါ့လေ။ ငါမင်းကို သတ်ပစ်မယ်!”
လုရုံသည် သားကောင်ကို ခုန်အုပ်တော့မည့် ကျားတစ်ကောင်အလား ရုတ်တရက်ဆန်လှစွာ ချန်ကျဲ့ဆီသို့ တစ်ဟုန်ထိုးပြေးဝင်လာသည်။
ကျိုးချူမှ လုရုံကို ဝင်ထိန်းလိုက်ပြီး ပြောသည်။
“အစ်ကို၃ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့။ အလျင်မလိုပါနဲ့။ ဒါက ဒီမိန်းကလေးရဲ့အပြောပဲ ရှိပါသေးတယ်။ ကျိုစစ်က အဲဒီလိုလူ မဟုတ်ပါဘူး”
“ကျိုစစ် သူပြောတာ အမှန်ပဲလား”
ဖုန်းရွှမ်သည် မယုံကြည်နိုင်သော မျက်နှာအမူအရာဖြင့် အော်စကာဆုရနိုင်သော သရုပ်ဆောင်ချက်ကို စတင်သည်။ သို့သော် အမြန် ထပ်ပေါင်းပြောဆို၏။
“ကျိုစစ် မွေးစားအဖေက မင်းကို ကျားဖြူခန်းမကိုတောင် ယုံယုံကြည်ကြည်အပ်နှံခဲ့တာ.. မင်းဘာလို့ မွေးစားအဖေကို သတ်လိုက်ရတာလဲ။ မင်း အင်အားအာဏာကို အရမ်းလိုချင်နေတယ်ဆိုရင်တောင်မှ နှစ်နည်းနည်းလောက် ထပ်စောင့်လို့ မရဘူးလား”
“အစ်ကိုကြီး ဒီဝံပုလွေကောင်နဲ့ စကားအပိုတွေ ပြောမနေနဲ့တော့။ ကျွန်တော် သူ့ကိုသတ်ပစ်မယ်!”
ဖန့်ဖူလည်း ချန်ကျဲ့ကို မော့ကြည့်လာပြီး ပြောသည်။
“ကျိုစစ် မင်းလုပ်တာမဟုတ်ပါဘူး ဟုတ်တယ်မလား”
အခြားသူများအားလုံးသည်လည်း ချန်ကျဲ့ကို စူးစိုက်ကြည့်နေကြသည်။
ချန်ကျဲ့ ထိုလူများနှင့် အကြည့်ချင်းဆုံလိုက်သည်။ မိမိမှာ ချေပနိုင်စွမ်းမရှိကြောင်း နားလည်ထားရာ ချန်ကျဲ့ ပြုံးလိုက်ပြီး ပြောခဲ့သည်။
“မိတ်ဆွေတို့ ကျွန်တော် စကားနည်းနည်းပဲ ပြောချင်ပါတယ်။ ပထမအချက် ကျွန်တော် မွေးစားအဖေကို မသတ်ခဲ့ပါဘူး။ ဒုတိယအချက် ကျွန်တော် မွေးစားအဖေရဲ့ သေဆုံးမှုအတွက် လက်စားချေမှာပါ။ ပြီးတော့ ဒီနေ့ ကျွန်တော့်ကို ချောက်ချစွပ်စွဲခဲ့တာအတွက်လည်း လက်စားချေသွားမှာပါ”
“နောက်ဆုံးအနေနဲ့ ဒီချောက်ချစွပ်စွဲမှုက တကယ့်ကို ထက်မြက်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောချင်တာက ကျွန်တော်က သံမဏိလက်ဝါးသိုင်းကို တတ်မြောက်ရုံမကဘဲ တခြားသိုင်းပညာတွေကိုလည်း တတ်မြောက်ထားသူပါ။ တကယ်ပဲ မွေးစားအဖေကို သတ်တဲ့သူက ကျွန်တော်သာဆိုရင် ဘာလို့များ သံမဏိလက်ဝါးသိုင်းကို သုံးရမှာလဲ။ တခြားသိုင်းကို သုံးရင်လည်း ရလဒ်ကောင်းကောင်းနဲ့ အလုပ်ဖြစ်မှာပဲ မဟုတ်ဘူးလား”
“လူကြီးမင်းတို့က တခြားသိုင်းတွေက လူမသတ်နိုင်ဘူးလို့ ပြောချင်တာလား ဒါမှမဟုတ် ကျွန်တော့်ကို သေချာပေါက် ငြိစွန်းစေမယ့် သိုင်းပညာတစ်ခုတည်းကိုမှ ရွေးချယ်သုံးပြီး လူသတ်ရတဲ့အထိ ကျွန်တော်က တုံးအတယ်လို့ ထင်ကြတာများလား!”
ထိုစကားများတွင် လူအုပ်ကြီးသည် တိတ်ဆိတ်သွား၏။ ချင်းယင်မှ ပျက်ရယ်ပြုသည်။
“ဟားဟား စဉ်းလဲတဲ့ခွေးကောင်ရ။ မင်းက အစီအစဉ်ကိုဆွဲထားပြီးသား ဖြစ်လိမ့်မှာပေါ့။ မင်း လူမိမယ့်အကြောင်းကိုလည်း ကြိုတွေးထားခဲ့လောက်မှာပဲ။ အဲဒါကြောင့် မင်းက ဖန်းရှစ်ကျုံးကို သံမဏိလက်ဝါးသိုင်းနဲ့ ရည်ရွယ်ချက်ရှိရှိ သတ်ခဲ့တာပဲ။ ဘာလို့ဆို ကိုယ့်ရဲ့အထင်ကရဖြစ်တဲ့သိုင်းပညာနဲ့ လူကို လုပ်ကြံသတ်ဖြတ်တဲ့သူ မရှိနိုင်ဘူးလို့ ငါတို့အားလုံး ယုံကြည်လိမ့်မယ်လို့ မင်းက ကြိုတွေးထားတာမို့လေ။ အဲဒါက အရမ်း မရူးမိုက်လွန်းဘူးလား! မင်းက နှစ်ကျပ်ကွက်နဲ့ ဒီလိုချေပနိုင်ဖို့ ကြိုပြင်ဆင်ထားမှာပဲလေ ဟင်းဟင်း”
လူအုပ်သည် တီးတိုးပြောဆိုကြတော့သည်။
“အဲဒါဖြစ်နိုင်တယ်။ ပြောင်းပြန်သက်ရောက်မှုနည်းဗျူဟာကိုလည်း တကယ့်ကို သံသယဝင်သင့်တယ်”
ချန်ကျဲ့မှ အဆုံးသတ်ပြောဆိုသည်။
“ကျွန်တော်ပြောချင်တာ အကုန်ပြောပြီးပြီ”
ထိုသို့ပြောပြီးနောက် ချန်ကျဲ့သည် ဘာမျှဆက်၍ ချေပမနေတော့ရာ အားလုံး မျက်မှောင်ကြုတ်လိုက်ကြသည်။ ဖုန်းရွှမ်မှ ပြောသည်။
“ကျိုစစ် မင်းထောက်ပြတာ ကောင်းတယ်။ အဲဒီတော့ အရင်ဆုံး အစ်ကိုကြီးတို့နဲ့ ပြန်လိုက်ခဲ့ပါ။ ငါတို့ ဖြည်းဖြည်းချင်း စုံစမ်းစစ်ဆေးမယ်။ ငါတို့ မင်းကို မှားယွင်းမစွပ်စွဲပါဘူး”
“ဦးလေးဖူ ဘယ်လိုသဘောရလဲ”
ဖန့်ဖူမှ ပြန်ပြောသည်။
“အင်း အရင်ဆုံး ပြန်ကြတာပေါ့! ကျိုစစ် ငါတို့နဲ့အတူ ပြန်လိုက်ခဲ့”
ထိုအခါ ချင်းယင်မှ ပြောသည်။
“ဒါဆိုလည်း ကောင်းပြီ။ အဲဒီကောင်စုတ်လေးကို အရင်ကြိုးချည်လိုက်ဦး။ ငါတို့ သေချာစုံစမ်းစစ်ဆေးမယ်!”
နန်ပါးထျန်းမှ သဘောတူသည်။
“အင်း ကျိုစစ်၊ မင်းကို နည်းနည်း မသက်မသာ ခံစားစေရတော့မယ်။ လာကြစမ်း၊ သူ့ကို ကြိုးချည်လိုက်”
ထိုအခါ ချန်ကျဲ့သည် ဦးညွှတ်အရိုအသေပြုလိုက်ပြီး ပြောသည်။
“ဖြစ်သင့်တာပါပဲ။ ကျေးဇူးပြုပြီး ခေါင်းဆောင်နန် ကျွန်တော့်ရဲ့နာမည်ကို ရှင်းလင်းပေးပါ”
ချန်ကျဲ့မှ လက်ကိုကြိုးချည်ရန် အသင့်အနေအထားပြင်ပေးလိုက်သောအခါ ဖုန်းရွှမ်၏ နှုတ်ခမ်းထောင့်စွန်းများ မသိမသာ ကွေးတက်သွား၏။ ဖုန်းရွှမ်မှာ လှောင်ရယ်ချင်စိတ်ကို မနည်း ဖုံးကွယ်ထားရသည်။
“ငတုံးကောင်ပဲ။ ကြိုးချည်ပြီး ပြန်ခေါ်သွားခံလိုက်ရပြီဆိုတာနဲ့ ‘တရားမျှတမှု’ဆိုတာက… ငါ့ရဲ့နှုတ်ထွက်စကားပဲဖြစ်တော့မှာကွ!”
ငတုံးကောင်!
ဖုန်းရွှမ်သည် ထိုသို့အတွေးများဖြင့် အောင်နိုင်သူတစ်ယောက်၏ အပြုံးကို ခက်ခက်ခဲခဲ ဖုံးကွယ်နေရသည်။
သို့သော် ခဏအကြာ အားလုံး စိတ်အေးလက်အေးဖြစ်သွားပြီး သတိလက်လွတ်ဖြစ်နေကြချိန်တွင် ချန်ကျဲ့သည် ကျယ်လောင်သည့် အသံနှင့်အတူ ပြတင်းပေါက်အား ရုတ်တရက် အရှိန်ပြင်းပြင်း တိုးတိုက်ခုန်ထွက်သွားခဲ့သည်။
“လိုက်ဖမ်းကြစမ်း!”
နန်ပါးထျန်းမှ အော်ဟစ်သည်။
အေးစက်စက်ရယ်သံနှင့်အတူ ချင်းယင်မှ ပြောသည်။
“မင်းကိုယ်မင်း ငါ့လက်ထဲက လွတ်နိုင်မယ် ထင်နေတယ်ပေါ့လေ”
ချန်ကျဲ့သည် လေပေါ်ခုန်တက်၍ အပူတပြင်း ထွက်ပြေးသည်။ နန်ပါးထျန်း၏ နောက်လိုက်များသည် လှေကားမှပြေးဆင်း၍ လိုက်လံဖမ်းဆီးသည်။ ဖုန်းရွှမ်၏ မျက်နှာအမူအရာပြောင်းလဲသွား၏။ ဖုန်းရွှမ်သည် အချိန်ခဏ တွေဝေနေခဲ့ပြီး နောက်ဆုံးတွင်တော့ ရပ်လိုက်သည်။
ထိုအချိန်၌ လုရုံသည်လည်း နောက်မှ လိုက်နေခဲ့သည်။ လုရုံသည် အော်ပြောနေခဲ့၏။
“ညီငယ်၅ မင်းက မွေးစားအဖေကိုတောင် သတ်ရဲတယ်။ ငါမင်းကို လွတ်မြောက်ခွင့်မပေးနိုင်ဘူး!”
ထိုအခိုက်တွင် နောက်ထပ် လူတစ်စုသည်လည်း ပြတင်းပေါက်နောက်တစ်ခုမှ ခုန်ထွက်လိုက်ကြသည်။
ချန်ကျဲ့သည် ရှေ့တူရူသို့သာ အသည်းအသန် ပြေးနေခဲ့သည်။ ထိုစဉ် ခေါင်မိုးပေါ်ရှိ လင်းယုန်ငှက်အလား လူတစ်ဦးမှ ကြိမ်းမောင်းအော်ဟစ်ခဲ့သည်။ ထိုလူ၏ ကိုယ်ဖော့ပညာသည် ချန်ကျဲ့ထက် ပိုကျွမ်းကျင်ပုံရ၏။
“ဟားဟား ချန်ကျိုစစ်၊ မင်းကိုယ်မင်း ဘယ်ထွက်ပြေးနေတယ် ထင်နေလဲ”
ချင်းယင်သည် ခေါင်မိုးတစ်ခုေပါ်မှ ကဲ့ရဲ့ပြောဆိုသည်။
ချန်ကျဲ့ အနီးရှိ လမ်းကြားတစ်ခုထဲသို့ ရုတ်တရက် ပြေးဝင်လိုက်သည်။
ချင်းယင်သည် မိမိမှာ ရှေ့သို့ကျော်ထွက်သွားသောကြောင့် မျက်မှောင်ကြုတ်လိုက်ပြီး နောက်ပြန်လှည့်ကာ ဆက်လိုက်သည်။ ချန်ကျဲ့သည် လိမ်ယှက်လှည့်ပတ်ကာ ပြေးနေခဲ့သောကြောင့် မရပ်မနား လိုက်ဖမ်းနေကြရ၏။
ချန်ကျဲ့သည် လမ်းကြားများအတွင်း လမ်းပျောက်သွားသောကြောင့် ချင်းယင်လက်ထဲ ဖမ်းမိလုနီး ဖြစ်သွားရသည်။ သို့သော် အနီးအနားမှ ရေသံများ ရုတ်တရက် ထွက်ပေါ်လာသည်။
အကြောင်းအရင်းမသိပါဘဲ သူဒီနေ့ဆုံတွေ့ခဲ့သည် မျက်မမြင်အဘိုးကြီးကို ချန်ကျဲ့ သတိရမိလိုက်သည်။ ယိချိုးနှစ်၊ ကွေ့ရေနေ့၊ လမ်းကြားတွေဆီ ရှောင်ရှားသည့်တိုင် ရေမှာ ရှင်သန်မယ်!
တစ်ဖက်တွင် အမှောင်ထုရှိနေပြီး တစ်ဖက်တွင် ရေသံစီးဆင်းနေသည်။
ကြည့်ရတာ ဒါက နိမိတ်ပြတာဖြစ်လိမ့်မယ်။
အမြန်တွေးတောလိုက်ရင်း ချန်ကျဲ့ ရေသံကြားရာဘက်သို့ ပြေးဝင်သွားလိုက်သည်။ နောက်တဒင်္ဂတွင် ချန်ကျဲ့၏အမြင်အာရုံမှာ အလင်းရောင်များ ပြည့်နှက်သွားရ၏။
ယီးဟုန်ဂေဟာပဲ! ငါတော့ ဆောင်ကြာမြိုင်ကို ရောက်လာတာပဲ