← Chapters

ဇနီး : ယောက်ျား၊ ကျွန်မ ယောက်ျားအဆင်ပြေပါတယ်နော် ဟုတ်တယ်မလား_၂

Vol. 26 Ch. 357

ဇနီး : ယောက်ျား၊ ကျွန်မ ယောက်ျားအဆင်ပြေပါတယ်နော် ဟုတ်တယ်မလား_၂

Vol. 26 Ch. 357

ချန်ကျဲ့သည် အခြေအနေကို နားလည်သော်ငြား မအော်ရဲပေ။ မျက်မမြင်လူကြီးကို ယုံကြည်နေပြီဖြစ်သည့်တိုင် ချန်ကျဲ့မှ ထိုမျှအထိ မရဲတင်းပါချေ။

ထိုစဉ် အဝေးရှိ ရေပူစမ်းမှ အမျိုးသမီးတစ်ဦး၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။

“ရဲတင်းလိုက်တဲ့သူခိုးကောင် ငါရေချိုးတာကို ချောင်းကြည့်ရဲတယ်၊ သေလိုက်တော့!”

ဝုန်း!

ရေများ အရပ်လေးမျက်နှာသို့ လွင့်စင်သွားပြီး ရေကန်ထဲမှ နှင်းကဲ့သို့ဖြူဆွတ်သည့် ပုံ‌ရိပ်လေး ပျံထွက်သွားသည်။ ထို့နောက် ချက်ချင်း သူမကိုယ်ကိုယ် ရေချိုးပုဝါဖြင့် ပတ်လိုက်ပြီး ဓားပျော့ကို ဆွဲယူကာ နံရံပေါ်တွင် ရပ်နေသည့် ချင်းယင်အား ဦးတည်တိုက်ခိုက်သည်။

သူမသည် တစ်စုံတစ်ယောက် ချဉ်းကပ်လာနေကြောင်း အာရုံခံမိထားပြီး ဖြစသည်။ သူမ ရှာဖွေခဲ့သော်ငြား ယခုမှ လူကို ရှာတွေ့ခြင်းဖြစ်၏။ ထိုလူမှာ အမှိုက်ကောင်ချင်းယင်ဖြစ်နေမည်ဟု သူမ‌ မျှော်လင့်မထားခဲ့ပေ။

ငါရေချိုးတာကို ချောင်းကြည့်ရဲတယ်။ ငါ နင့်ရဲ့ ပခုံးနှစ်ဖက်လုံးကို အရိုးအဆစ်လွဲအောင် ချိုးပစ်မယ်!

ထိုသို့ရေရွတ်လျက် ချောင်ဟုန်ယန်သည် လက်တွင် ဓားပျော့ကို ကိုင်ဆွဲလျက် ချင်းယင်ဆီသို့ ပျံသန်းသွားသည်။

ချင်းယင်မှ တွန့်ဆုတ်သွားရပြီး ‌လင်းယုန်လက်သည်းဖြင့် ကပျာကယာ တိုက်ခိုက်မှုကို ခုခံလိုက်ရသည်။

သို့ဖြင့် ချောင်ဟုန်ယန်သည်လည်း ချန်ကျဲ့၏ဦးခေါင်းထက်မှ ဖြတ်သန်းသွားပြီး ချင်းယင်နှင့် တိုက်ခိုက်လေသည်။

“သူ အဝတ်ဝတ်ထားလား”

မျက်မမြင်လူကြီးသည် အသံဖြင့် အခြေအနေကိုခန့်မှန်းပြီး ရေတစ်ငုံသောက်လိုက်ရင်း ချန်ကျဲ့ကို မေးလာသည်။

“ဟမ်?”

ချန်ကျဲ့ နားမလည်ပေ။

မျက်မမြင်လူကြီးမှ ပြောသည်။

“အဲဒီမိန်းကလေးက မင်းခေါင်းပေါ်ကနေ ဖြတ်ပျံသွားတာလေ။ သူ အတွင်းခံဝတ်ထားလား မဝတ်ထားလား မင်း ချောင်းမကြည့်လိုက်ဘူးလား”

ချန်ကျဲ့ : (⁠☉⁠。⁠☉⁠)⁠!

“ကျွန်တော် မကြည့်မိလိုက်ဘူး”

ချန်ကျဲ့သည် အဘိုးကြီး၏ လေးစားမှုမရှိသော သိချင်စိတ်ကြောင့် စိတ်ညစ်သွားရသည်။ အထူးသဖြင့် ဤသို့အချိန်မျိုးတွင် ဖြစ်၏။

ဒါပေမဲ့ ခုနက နည်းနည်း ဝါးတားတားပဲ…

သေချာမမြင်လိုက်ရဘူး!

ချန်ကျဲ့ စိတ်ထဲမှ ရေရွတ်လိုက်သည်။ ထိုစဉ် တခြားတစ်ဖက်၌ ချောင်ဟုန်ယန်သည် ချင်းယင်နှင့် စတင်တိုက်ခိုက်နေလေပြီ။

ထိုအချိန်တွင် ချင်းယင်သည် ရှင်းပြရန် အကြိမ်ကြိမ်အခါခါ ကြိုးပမ်းနေပေသည်။

“မိန်းကလေးဟုန်ယန် ဒါက နားလည်မှုလွဲနေတာပါ။ နားလည်မှုလွဲနေတာပါ။ ကျုပ်က လူလိုက်ဖမ်းနေတာပါလို့”

“လူလိုက်ဖမ်းတယ်? ကျွန်မရဲ့ ရေချိုးဆောင်အထိ လိုက်ဖမ်းတယ်ပေါ့လေ ဟုတ်လား။ ဒီဓားချက်ကိုသာ ခံလိုက်စမ်းပါ!”.

“မဟုတ်ဘူး။ အဲဒီကောင်ကသာ ဒီအထဲကို ဝင်ပြေးသွားတာပါ”

“အဓိပ္ပာယ်မရှိတာ၊ ဒီအထဲကို ဘယ်သူမှ ဝင်မလာခဲ့ဘူး!”

“တကယ်ပါ။ ကျုပ်တကယ် လိမ်နေတာ မဟုတ်ရပါဘူး!”

“ရှင် သွားသေလိုက်တော့! [မက်မွန်ပွင့်၁၃သွယ် ဓားသိုင်း!]”

တကယ်ကြီး ဒေါသပေါက်ကွဲနေသည့် ချောင်ဟုန်ယန်ကို မြင်နေရသည်တွင် ချင်းယင်သည် လွန်စွာ ကြောက်ရွံ့ထိတ်လန့်သဖြင့် ဆက်လက်၍ ပြန်မတိုက်ရဲတော့ပေ။ ချင်းယင်သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်ဖြစ်သော်ငြား အင်အားအရာ၌ သူသည် အောက်ဆုံးတွင် ရှိ၏။ သူသည် ချောင်ဟုန်ယန်လောက် အင်အားမကြီးမားပေ။

ဝှစ် ဝှစ် ဝှစ်!

ဓားရောင်ခြည်သည် အရိုင်းဆန်စွာ တောက်ပနေပြီး သတ်ဖြတ်လိုခြင်းအငွေ့အသက်များသည် အရပ်မျက်နှာအားလုံးသို့ သုံးမီတာအကွာအဝေးအထိ ပျံ့နှံ့နေခဲ့သည်။

မိမိဘက်မှ အလေးမသာနေသည့် အခြေအနေကို မြင်သောအခါ ချင်းယင် တွေးလိုက်သည်။

ငါထွက်ပြေးတာပဲ ပိုကောင်းလိမ့်မယ်။

သို့ဖြင့် ကိုယ်ဖော့ပညာကို သုံးကာ မြန်ဆန်လွန်းလှစွာသော အရှိန်နှုန်းဖြင့် ထွက်ပြေးခဲ့တော့သည်။

ကနဦးတွင် ချောင်ဟုန်ယန်သည် နောက်မှ လိုက်လိုခြင်းဖြစ်သည်။ သို့သော် သူမကိုယ်ကိုယ် ရေချိုးပုဝါဖြင့် ပတ်ထားမှန်း သတိရလိုက်သည်။ မီးလျံတွေ ဟုန်းဟုန်းတောက်နေသည့် အပြင်ဘက်လမ်းများသို့ ဤသို့အခြေအနေဖြင့် ထွက်သွားခြင်းငှာ မပြုသင့်မပြုထိုက်ပေ။

သို့ဖြင့် ချောင်ဟုန်ယန်မှ ‌ခြံဝင်းထဲသို့ နောက်ပြန်လှည့်ရန်သာ တတ်နိုင်ခဲ့သည်။

ခြံဝင်းထဲရှိ အစေခံအားလုံးသည် ရှေ့သို့ ‌အပြေးရောက်လာကြသည်။

“ဂေဟာသခင်မ!”

ချောင်ဟုန်ယန်မှ ပြောသည်။

“အခန်းပြန်မယ်!”

ဤအဖြစ်အပျက်‌သည် သူမ၏ ရေချိုးချိန်ကို ပျက်စီးစေခဲ့ရာ ချောင်ဟုန်ယန်လည်း မကြည်သာသော မျက်နှာအမူအရာဖြင့် အခန်းပြန်ရန်သာ တတ်နိုင်တော့သည်။ သူမ၏ ဒေါသအား ထွက်ပေါက်ပေးမည့်အရေးကိုလည်း စဉ်းစားနေခဲ့သည်။

ငါးဖမ်းကုန်သည်အဖွဲ့ ချင်းယင်၊ ကောင်းပြီလေ။

အမျိုးသမီးအုပ်စု ထွက်ခွာသွားသည်ကို စောင့်ကြည့်နေစဉ် မျက်မမြင်လူကြီးသည် သမ်းဝေလိုက်ရင်း ပြောသည်။

“အာ ရေချိုးလို့ပြီးသွားပြီပဲ”

ထိုအခါမှ ချန်ကျဲ့လည်း စိတ်သက်သာရာရသွားပြီး မျက်မမြင်လူကြီးကို ကြည့်၍ ပြောလိုက်သည်။

“လူကြီးမင်း၊ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တွေရဲ့ အမြင်အာရုံကနေ ရှောင်လွှဲနိုင်ခဲ့တာ ဒါက ဘယ်လိုမှော်ပညာမျိုးကို သုံးလိုက်တာလဲဗျ”

မျက်မမြင်လူကြီးမှ ပြောသည်။

“ဒီတိုင်း လှည့်ကွက်သေးသေးလေးပါပဲ။ မင်း ချီမန်သွမ့်ကျားဆိုတာကို ကြားဖူးလား”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ချီမန်သွမ့်ကျား၊ အမတကျင့်စဉ်လား”

မျက်မမြင်လူကြီးသည် ရယ်မော၏။

“ဘာကို အမတကျင့်စဉ်လဲ။ အဲဒါက သိုင်းပညာနဲ့ ဆင်တူတဲ့ ကျင့်စဉ်လေးတချို့ပါပဲ”

မျက်မမြင်လူကြီးသည် လိမ်ညာပြောနေခြင်း မဟုတ်ပေ။ ချီမန်သွမ့်ကျားသည် လူတို့ စိတ်ကူးယဉ်သကဲ့သို့ လျှို့ဝှက်နက်နဲသည့်အရာ မဟုတ်ပါချေ။ လူတို့သည် ချီမန်သွမ့်ကျားကို သုံးပြည်ထောင်မှ ကျူးကယ့်လျန်၊ စုန့်‌မင်းဆက်ခေတ်၏ ကျုံးယွမ်ဂိုဏ်းမှ သမားတော်ဟွမ်ကဲ့သို့ သမိုင်းများမှတစ်ဆင့် သိရှိခဲ့ကြသည်။

သူတို့အားလုံးသည် ချီမန်သွမ့်ကျားပညာရပ်များကို သိရှိကြသည်။

သေချာပေါက်ပင် တူညီသည့် ချီမန်သွမ့်ကျားပညာရပ်ဖြစ်သည့်တိုင် အင်အားအရာ၌ ကွာခြားမှုရှိ၏။

မျက်မမြင်လူကြီး၏ အရည်အချင်းသည် တကယ့်ကို အံ့ချီးဖွယ်ကောင်းလှပေသည်။

နောက်ဆုံးတွင်‌တော့ ချန်ကျဲ့ စိတ်သက်သာရာရစွာ ထိုင်ချလိုက်သည်။ သူ၏စိတ်သည်တော့ ထိန်းချုပ်မရနိုင်စွာ တွေးတောနေခဲ့သည်။ ချန်ကျဲ့သည် တစ်ချိန်က သူ၏ရှေ့တွင် သက်ဝင်လှုပ်ရှားနေခဲ့ပြီး တဒင်္ဂလေးအတွင်း သေဆုံးသွားခဲ့သည့် ‌ဖန်းရှစ်ကျုံးကို ‌တွေးနေမိသည်။

မွေးစားအဖေကို တွေးလိုက်မိသည်တွင် ချန်ကျဲ့ စိတ်ညှိုးငယ်သွား၏။

ချန်ကျဲ့၏ စိတ်အခြေအနေကို မြင်သောအခါ မျက်မမြင်လူကြီးသည် ရယ်မောလျက် ပြော၏

“ဟက်… တချို့ကိစ္စတွေမှာ မင်းကိုယ်မင်း အင်အားမရှိဘူးလို့ ခံစားရတာကြောင့် ဝမ်းနည်းနေတာလား”

ချန်ကျဲ့ မျက်မမြင်လူကြီးကို ပြန်ကြည့်လိုက်ပြီး ပြောသည်။

“ဟုတ်ပါတယ် လူကြီးမင်း။ ထောင်ချောက်ဆင်ထားတာကို ကျွန်တော် သိနေခဲ့တာတောင်မှ ကျွန်တော် ဘာလို့ မကယ်တင်နိုင်ခဲ့ရတာလဲ”

မျက်မမြင်လူကြီးမှ ပြန်ဖြေသည်။

“အဲဒါပုံမှန်ပါပဲ။ မင်းတစ်ယောက်တည်း မဟုတ်ဘဲ နတ်ဘုရားတွေတောင်မှ သူတို့ မလုပ်နိုင်တဲ့အရာတွေ ရှိတယ်။ ဘာလို့ အဲဒါကြောင့်နဲ့ စိတ်ဒုက္ခရောက်နေမလဲ။ လူတိုင်းလူတိုင်းမှာ ကိုယ်စီရဲ့‌ ကောင်းကင်ဘုံက ပြဌာန်းချက်တွေ ရှိကြတယ်လေ။ ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး ကံကြမ္မာကို ပြောင်းလဲဖို့ဆိုတာက ရိုးရိုးရှင်းရှင်းနဲ့ ပြည့်မြောက်နိုင်တဲ့အရာမှ မဟုတ်တာပဲ”

ချန်ကျဲ့ မျက်မမြင်လူကြီးကို ကြည့်နေခဲ့သည်။ မျက်မမြင်လူကြီးမှ ဆက်ပြောသည်။

“ငါဘာလို့ မင်းကို ကျောက်တုံးသုံးတုံးပေးခဲ့လဲ သိလား”

ချန်ကျဲ့ မသိသောကြောင့် ခေါင်းခါလိုက်သည်။

မျက်မမြင်လူကြီးမှ ဆက်ပြောသည်။

“မင်းရဲ့ကံကြမ္မာကို အလယ်နန်းတော်က လေဘကြီးတဲ့ဝံပုလွေက အုပ်စိုးတယ်။ မင်းရဲ့ဘဝက သတ်ဖြတ်မှုတွေကို သယ်ဆောင်လာမှာဖြစ်သလို အဲဒီသတ်ဖြတ်မှုတွေကပဲ အခွင့်အရေးတွေကို ယူဆောင်လာပေးလိမ့်မယ်။ မင်းရဲ့ဘဝတစ်လျှောက် အချိုးအကွေ့တိုင်းမှာ အဲဒီကျောက်တုံးသုံးတုံးကို သေချာပေါက်နီးပါး ကြုံတွေ့ရလိမ့်မယ်လို့ သတ်မှတ်လို့ရနိုင်တယ်”

ချန်ကျဲ့သည် မျက်မမြင်လူကြီးကို ကြည့်နေဆဲပင်။ မျက်မမြင်လူကြီးမှ ဆက်ပြောသည်။

“အဲဒီကျောက်တုံးသုံးတုံးက လှေကားထစ်ကျောက်တုံး၊ ကံကောင်းမှုလွှဲပြောင်းခြင်းကျောက်တုံးနဲ့ သတ်ဖြတ်ခြင်းကျောက်တုံးတွေပဲ”

“ပြီး‌ေတာ့ ဖန်းရှစ်ကျုံးရဲ့ကံကြမ္မာက တံခါးဖွင့်ကျူးချွဲ့ပဲ။ မင်းရဲ့လက်ရှိ ဘဝအချိုးအကွေ့နဲ့ဆို သူ့ရဲ့ကံကြမ္မာက လှေကားထစ်ကျောက်တုံးနဲ့ ကိုက်ညီတယ်”

“လှေကားထစ်ကျောက်တုံးလား?”

ချန်ကျဲ့ ရေရွတ်လိုက်သည်။ မျက်မမြင်လူကြီးမှ ပြောသည်။

“ဟုတ်တယ် လှေကားထစ်ကျောက်တုံးပဲ။ သူ့ရဲ့ကျယ်ပြောပြီး တောင့်တင်းခိုင်မာတဲ့ ခန္ဓာကိုယ်ကို အသုံးပြုလို့ မျိုးဆက်သစ်တွေကို ကြီးကျယ်ခမ်းနားတဲ့ အနာဂတ်ဆီ လမ်းဖွင့်ပေးဖို့က သူ့ကံကြမ္မာပဲ။ ဒါပေမဲ့ ဂုဏ်သတင်းကောင်းမွန်ပြီး အရေးပါတဲ့ အမျိုးသား‌တ‌စ်ယောက်အတွက် အကျင့်သီလမကောင်းမွန်တဲ့ ဇနီးမယား၊ ကျေးဇူးဝတ္တရားမသိတတ်တဲ့ သားသမီးဆိုတာမျိုးက မရှောင်လွှဲနိုင်တဲ့အရာပဲ။ နောက်ဆုံးမှာတော့ လှေကားထစ်ကျောက်တုံးက ကျေးဇူးတင်ခြင်းကို မရရှိခဲ့ရှာဘူး!”

ချန်ကျဲ့ တိတ်ဆိတ်သွားပြီးနောက် ပြောသည်။

“အဲဒီတော့ သူက အဲဒီလိုပဲ သေသွားရမှာလား”

“အဲဒါက သူ့ရဲ့ကံကြမ္မာပဲ။ မင်းလိုမျိုး အခွင့်အရေးကြီးတစ်ခုနဲ့ ပက်ပင်းတိုးပြီး ကောင်းကင်ဘုံကနေ ဘဝကိုအကျိုးပြုမယ့် အထောက်အပံ့တွေ ရရှိခဲ့ရင်တော့ ပြောင်းလဲသွားလိမ့်မှာပေါ့။ မဟုတ်ရင်‌ သူ့ရဲ့အဆုံးသတ်က အတူတူပဲ ဖြစ်လိမ့်မှာပဲ”

“ဒါက ကံကြမ္မာပဲ!”

မျက်မမြင်လူကြီးမှ ပြောသည်။

“ကံကြမ္မာကို ပြောင်းလဲတယ်ဆိုတာ ရိုးရှင်းတဲ့အရာ မဟုတ်ဘူး… မင်း သူ့ကို ဒီတစ်ကြိမ်မှာ ကယ်တင်နိုင်ခဲ့ရင်တောင်မှ နောက်တစ်ကြိမ် ရှိလာဦးမှာပဲ။ ပြောင်းလဲသွားမှာ မဟုတ်ဘူး!”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“ဒါက ကောင်းကင်ဘုံရဲ့ ပြဌာန်းချက်အာဏာဆိုတာလား”

“လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ကောင်းကင်ဘုံရဲ့ ပြဌာန်းချက်အာဏာကို ဆန့်ကျင်နိုင်မှာတဲ့လဲ”

ချန်ကျဲ့ မျက်မမြင်လူကြီးကို ကြည့်၍ မေးမြန်းသည်။

“တကယ်ပဲ ကောင်းကင်ဘုံကို ဖီဆန်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူးလား”

“ကောင်းကင်ဘုံကို ဆန့်ကျင်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ‘ကောင်းကင်ဘုံက လမ်းစဉ်၄၉ခုနဲ့ စီမံခန့်ခွဲပြီး လမ်းစဉ်တစ်ခု ချန်ထားရစ်တယ်၊ အရာအားလုံးမှာ အခွင့်အရေးတစ်ခုရှိမြဲ၊ ဘယ်တော့မှ လက်မလျှော့နဲ့'ဆိုတဲ့ ဆိုရိုးစကားလည်း ရှိတယ်လေ။ အဲ့တော့ ဒီတိုင်း လုပ်ရတာ ခက်ခဲရုံပါပဲ”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ကျွန်တော့်ရဲ့ သံသယတွေကို ဖြေရှင်းပေးတဲ့အတွက် လူကြီးမင်းကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် အခု နားလည်ပါပြီ”

“ဒါပေမဲ့ လူကြီးမင်း ကျွန်တော် နားမလည်တာ တစ်ခုရှိသေးတယ်။ လူကြီးမင်းက ဘာလို့ ကျွန်တော့်ကို ကူညီ‌ချင်ရတာပါလဲ”

All Chapters