ဇနီး : ယောက်ျား၊ ကျွန်မ ယောက်ျားအဆင်ပြေပါတယ်နော် ဟုတ်တယ်မလား_၃
Vol. 26 Ch. 358
မျက်မမြင်လူကြီးမှ ပြောသည်။
“မင်းကို ကူညီတယ်? ငါက မင်းတစ်ယောက်တည်းကိုပဲ ကူညီတာမဟုတ်ဘူး။ အမှန်အတိုင်းပြောရရင် ငါက လောကကြီးရဲ့ကံကြမ္မာကို လောင်းကြေးအဖြစ်ထားပြီး အနာဂတ်ကို လောင်းကြေးထပ်ရုံပါပဲ!”
ချန်ကျဲ့မှ မေးသည်။
“လူကြီးမင်း၊ လူကြီးမင်းရဲ့ ဟောကိန်းက တိကျသေချာရဲ့လား”
“ဒါပေါ့ တိကျတာပေါ့ကွ”
မျက်မမြင်လူကြီးမှ ပြောသည်။
“ငါက ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေကို လဲလှယ်ဖို့ တန်ကြေးအဖြစ် ငါ့မျက်လုံးတွေကို ပေးခဲ့တာ။ အဲဒါကိုမှ မတိကျဘူးဆိုရင် ငါ့မှာ အချည်းနှီး မျက်လုံးကန်းသွားရတာ ဖြစ်တော့မပေါ့”
ချန်ကျဲ့ မျက်မမြင်လူကြီးကို ကြည့်၍ မေးလိုက်သည်။
“လူကြီးမင်း၊ ဒါဆိုရင် လူကြီးမင်း နေ့လယ်တုန်းက ခေါက်ဆွဲဆိုင်မှာ ပြောခဲ့တဲ့ ကျွန်တော်နဲ့ တူညီတဲ့ကံကြမ္မာကို ပိုင်ဆိုင်ထားတဲ့၊ အနာဂတ်လောကမှာ အပြိုင်ဖြစ်လာမယ့်သူ သုံးယောက်ဆိုတာ… သူတို့က ဘယ်သူတွေပါလဲ”
“မင်း သူတို့နဲ့ အနာဂတ်မှာ ဆုံတွေ့ရလိမ့်မယ်ဆိုတာကိုတော့ ငါပြောပြနိုင်တယ်”
ချန်ကျဲ့မှ မေးသည်။
“ဒါဆို ကျွန်တော် ခန့်မှန်းကြည့်လို့ရမလား”.
“အို ပြောကြည့်လေ”
“အဲဒီတုန်းက ပန်းကန်ထဲမှာ ဝက်ခြေထောက်တစ်ခုပဲ ရှိနေတယ်။ ပြီးတော့ လူကြီးမင်းက ငန်တယ်လို့လည်း ပြောခဲ့တယ်။ အဲ့တော့ အဲဒီလူတွေရဲ့ မျိုးရိုးနာမည်တွေက အဲဒီအရာနှစ်ခုနဲ့ ဆက်စပ်နေတယ်လို့ ဆိုလိုချင်တာများလား။ ဝက်က မျိုးရိုးနာမည်ကျူးကို ကိုယ်စားပြုထားဖြစ်ပြီး ငန်တာက မျိုးရိုးနာမည်ရှန်ကို ကိုယ်စားပြုတာလား။ ဒါမှမဟုတ် အဲဒီလူက ငန်တဲ့အရသာဖြစ်တဲ့ ဆားနဲ့ တစ်ခုခုပတ်သက်ဆက်နွယ်နေတာလား။ ဆားကုန်သွယ်မှုနဲ့ ပတ်သက်ဆက်နွယ်မှုရှိတဲ့သူလား”
ထိုအခါ မျက်မမြင်လူကြီးသည် သူ၏ ဗလာမျက်ဝန်းများကို မှေးကျုံ့လိုက်ရင်း ပြောသည်။
“အင်း စိတ်ဝင်စားစရာပဲ!”
ထိုစကားတွင် ချန်ကျဲ့၏မျက်နှာမှာ အံ့အားသင့်မှုအနည်းငယ်နှင့် ခါးသီးမှုအနည်းငယ် ရောပြွန်းသွားရသည်။
တကယ်တော့ ချန်ကျဲ့သည် ဒီနေ့နေ့လယ်တွင် ဤမျက်မမြင်လူကြီးနှင့် ဆုံတွေ့ခဲ့ပြီးနောက် နွေဦးပြဇာတ်ရုံသို့ သွားချိန်တွင်လည်း ဤအကြောင်းအရာကို တစ်လျှောက်လုံး တွေးတောနေခဲ့ခြင်းဖြစ်သည်။
သို့သော် တွေးတောလေလေ ထူးဆန်းလာလေလေပင်။
အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာရှိ အချို့အရာများသည် သူကျောင်းတက်စဉ်က သမိုင်းအတန်းတွင် သင်ကြားခဲ့ရသည့် ယွမ်မင်းဆက်ခေတ်နှင့် ကိုက်ညီနေသောကြောင့် ဖြစ်သည်။
မြက်ခင်းလွင်ပြင်ဒေသမှ ရေကြည်ရာမြက်နုရာ လှည့်လည်နေထိုင်သည့် မုလန်လူမျိုးများထဲမှ နောက်ပိုင်းတွင် မြက်ခင်းလွင်ပြင်ဒေသကို ပေါင်းစည်းပြီး နိုင်ငံရေး၊ စစ်ရေးနှင့် ယဉ်ကျေးမှုဩဇာကို အရှေ့အာရှမှ အလယ်အာရှကို ဖြတ်ကျော်ပြီး အာရှမှဥရောပ ကုန်းမြေဒေသအထိ သက်ရောက်လွှမ်းမိုးစေခဲ့သည့် ကောင်းကင်ဘုံမှ ခန်း(ထျန်းခယ့်ဟန်) ဘွဲ့တော်ရဧကရာဇ်တစ်ပါး ပေါ်ထွက်လာခဲ့သည်။ နောက်ပိုင်းတွင် မျိုးဆက်သစ်များသည် မျိုးနွယ်စုကြီးလေးခုအဖြစ် ခွဲထွက်သွားခဲ့ပြီး ထိုမျိုးနွယ်စုကြီးများထဲမှ တစ်ခုမှာ အလယ်ပိုင်းမြေပြန့်လွင်ပြင်ဒေသရှိ သာ့ချန်ဖြစ်သည်။
သာ့ချန်မတိုင်မီ မင်းဆက်ကို ချန်စုန့်ဟု ခေါ်တွင်၏။ သမိုင်းအစစ်ထဲတွင် ယွမ်မင်းဆက်ခေတ် မတိုင်မီ မင်းဆက်ခေတ်ကို စုန့်မင်းဆက်ဟု ခေါ်တွင်ခဲ့ခြင်းနှင့် အလားတူပင် ဖြစ်သည်။
အကယ်၍ ဤအရာအားလုံးသည် တိုက်ဆိုင်မှုမျှသာ ဖြစ်ပါက…
ထို့နောက်တွင် ချက်ချင်းပင် ချန်ကျဲ့ သူ၏ညီနောင်ဖြစ်သူ နီဝမ်ကျွင့်ကို သတိရမိလိုက်၏။
ကနဦးတွင် နီဝမ်ကျွင့်ဟူသည့် အမည်ကို ချန်ကျဲ့ မတွေးမိခဲ့ပေ။ သို့သော် နီဝမ်ကျွင့်ဟူသည် သမိုင်းမှတ်တမ်းထဲမှ ဟန့်ဘုရင် ချန်ယုံလျန့်၏ အမည်ကျော်ဇောသည့် အကြံပေးပုဂ္ဂိုလ်၏ အမည်ဖြစ်ကြောင်း မှတ်မိသွားခဲ့သည်။
ထို့ပြင် ပို၍ဆန်းကြယ်သည်မှာ ချန်ယုံလျန့်၏ အမည်ရင်းသည် ချန်ကျိုစစ် ဖြစ်နေခြင်းပင်။ ချန်ကျိုစစ်သည် ရှန်းထောင်မြို့လေးတွင် မူလမျိုးရိုးအမည်ရှဲ့ဖြစ်သော အဖေဖြစ်သူနှင့်အတူ နေထိုင်ခဲ့သည်။ အဖေဖြစ်သူ ရှဲ့သည် မူလက ငါးဖမ်းသမားတစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် လက်ထပ်ထိမ်းမြား၍ ချန်မိသားစုထဲသို့ ဝင်ခဲ့သည်။
အရာအားလုံး တန်းတန်းမတ်မတ် ကိုက်ညီနေသည်။
ထို့ပြင် မျက်မမြင်လူကြီး စားပွဲပေါ်တွင် ချန်ထားခဲ့သည့် ဝက်ခြေထောက်ပါဝင်သော ခေါက်ဆွဲပန်းကန်နှင့် ငန်သည်ဟူသော စကားသည် ယွမ်မင်းဆက်ခေတ်နှောင်းပိုင်းကာလတွင် မကောင်းသတင်းဖြင့် ကျော်ဇောခဲ့သည့် ပုဂ္ဂိုလ်ကြီးနှစ်ဦးကို သတိရစေသည်။
သို့ဖြင့် ချန်ကျဲ့ မျက်မမြင်လူကြီးကို ကြည့်၍ ပြောလိုက်သည်။
“လူကြီးမင်း၊ ကျွန်တော်နဲ့ ကံကြမ္မာတစ်ခုတည်းကို မျှဝေတဲ့သူတွေအဖြစ် လူကြီးမင်းရွေးချယ်ထားတဲ့သူနှစ်ယောက်က မျိုးရိုးနာမည်ကျူးဖြစ်တဲ့သူနဲ့ တရားမဝင် ဆားကုန်သွယ်မှုလုပ်ငန်းမှာ ပါဝင်ပတ်သက်နေတဲ့သူတွေပါလား”
“အမ်း မင်းခန့်မှန်းနိုင်တယ်လား”
မျက်မမြင်လူကြီးသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ချန်ကျဲ့မှ ပြောသည်။
“ကျွန်တော် ဆက်ပြီး ခန့်မှန်းကြည့်ပါရစေ။ မျိုးရိုးနာမည်ကျူးရဲ့ နာမည်က ကျူးချုံပါးဖြစ်ပြီး တရားမဝင် ဆားကုန်သွယ်မှုလုပ်ငန်းမှာ ပါဝင်ပတ်သက်နေတဲ့သူက ကျန်းကျိုစစ် ဟုတ်ပါသလား”
“ဟင် မင်းက အဲဒါကို ဘယ်လိုသိတာလဲ”
ချန်ကျဲ့၏ စကားအဆုံးတွင် မျက်မမြင်လူကြီးသည် တည်ငြိမ်စွာ ထိုင်မနေနိုင်တော့ပေ။ မျက်မမြင်လူကြီးသည် တစ်စုံတစ်ရာကို မြင်နိုင်သည့်အလား ချန်ကျဲ့ရှိရာဘက်သို့ သူ၏ဗလာကျင်းသော မျက်လုံးများဖြင့် ငေးစိုက်ကြည့်နေခဲ့သည်။
ချန်ကျဲ့လည်း မြေပြင်တွင် ထိုင်ချလိုက်ပြီး စိတ်ထဲမှ အံ့အားသင့်စွာ ပြောဆိုမိရ၏။
“မြတ်စွာဘုရား! ဒါက တကယ်ကြီး ယွတ်ခေတ်နှောင်းပိုင်းပဲဟ။ ကျူးချုံပါး၊ ကျန်းကျိုစစ်၊ ကျူးယွမ်ကျန်း၊ ကျန်းရှစ်ချန်၊ ပြီးတော့ ငါပေါ့?”
ချန်ကျဲ့ မျက်မမြင်လူကြီးကို မော့ကြည့်လိုက်ပြီး မေးသည်။
“လူကြီးမင်း အရင်တစ်ခေါက်က ကျွန်တော့်မှာ တခြားနာမည်ရှိသေးလားလို့ မေးခဲ့တုန်းက ကျွန်တော့်ကို နာမည်တစ်ခုပေးဖို့ စဉ်းစားနေခဲ့တာလား”
ထိုအခါ မျက်မမြင်လူကြီးသည် စကားမပြောနိုင်လောက်အောင် အံ့ဩသွားတော့သည်။
ဒီကလေးက တကယ်ကြီး ပါရမီရှင်ပဲ။
မျက်မမြင်လူကြီးသည် ချန်ကျဲ့မှ အခြားလူနှစ်ဦး၏ မျိုးရိုးအမည်နှင့် အလုပ်အကိုင်များကို ခန့်မှန်းနိုင်ခြင်းအား မအံ့ဩမိပေ။ သို့သော် နာမည်အပြည့်အစုံကို ခန့်မှန်းနိုင်ခြင်းမှာမူ အလွန်တရာမှ မယုံကြည်နိုင်ဖွယ်ဖြစ်၏။
အချိန်အတော်ကြာ စဉ်းစားတွေးတောနေပြီးနောက် မျက်မမြင်လူကြီးမှ ပြောသည်။
“ဟုတ်တယ်၊ အဲဒီတော့ ငါမင်းကို ဘယ်လိုနာမည်မျိုး ပေးချင်ခဲ့တာလို့ ထင်သလဲ”
ချန်ကျဲ့ မျက်မမြင်လူကြီးကို ကြည့်၍ ပြောလိုက်သည်။
“ယုံလျန့်တော့ မဟုတ်ပါဘူးနော်”
“မင်း!”
မျက်မမြင်လူကြီးသည် တည်ငြိမ်မှုများ လုံးဝ ပျောက်ဆုံးသွားရကာ အံ့ဩထိတ်လန့်စွာ မတ်တပ်ထရပ်၏။ ထို့နောက် ပြောသည်။
“လောကကြီးမှာ တကယ်ပဲ မွေးရာပါ ဥာဏ်ပညာနဲ့ မွေးဖွားလာသူတွေ ရှိတာလား”
မျက်မမြင်လူကြီးသည် ချန်ကျဲ့ကို ပြန်ကြည့်လာပြီး ပြောသည်။
“ငါမင်းကို အဲဒီစာလုံးနှစ်လုံးနဲ့ အမည်ပေးချင်တယ်ဆိုတာ မင်းဘယ်လိုသိလဲ”
“ခန့်မှန်းလိုက်တာ!”
မျက်မမြင်လူကြီးသည် စိတ်ခံစားချက်များကို ဖြည်းဖြည်းချင်း ပြန်လည်တည်ငြိမ်စေလိုက်ပြီးနောက် ပြောသည်။
“ကြီးမြတ်တဲ့လူတစ်ယောက်က သာမန်ထက်လွန်ကဲတဲ့ အရာတစ်ခုခုကို ပိုင်ဆိုင်ထားလိမ့်မှာပေါ့လေ။ ကောင်းကင်ဘုံက တကယ်ပဲ ငါ့ကို မလှည့်စားခဲ့ဘူးပဲ ဟားဟားဟား…”
မျက်မမြင်လူကြီးသည် စိတ်လှုပ်ရှားပျော်ရွှင်စွာ ရယ်မော၏။ ထို့နောက် ချန်ကျဲ့ကို ပြောသည်။
“တကယ့်ကိုပဲ။ ငါမင်းကို မှားယွင်းအကဲမဖြတ်ခဲ့ဘူး။ မင်းက သာမန်လူမဟုတ်ဘူး။ သတ်ဖြတ်ခြင်းတွေကို စေစားနိုင်တဲ့ လောဘကြီးတဲ့ဝံပုလွေရဲ့ လွှမ်းမိုးမှုအောက်မှာ မွေးဖွားလာခဲ့သူပဲ။ ပြီးတော့လည်း မင်းမှာ မင်းရဲ့အသက်နန်းတော်ကို ပြောင်းလဲနိုင်တဲ့ ပြင်ပအသက်စွမ်းအင်တစ်ခုလည်း ရှိနေတယ်။ မင်းက ငါ့ရဲ့ မသေချာခဲ့တဲ့ လောင်းကြေးသုံးခုမှာ တစ်ဦးတည်းသော တစ်မူထူးခြားသူဖြစ်လိမ့်မယ်။ ကောင်းတယ်၊ အရမ်းကောင်းတယ်”
မျက်မမြင်လူကြီး၏ စိတ်လှုပ်ရှားနေသည့် စကားများကို နားထောင်နေသည့် ချန်ကျဲ့သည်တော့ အေးဆေးတည်ငြိမ်နေခဲ့သည်။
ချန်ကျဲ့သည် မိမိမှာ ချန်ယုံလျန့်ဖြစ်ကြောင်း သိလိုက်ရသည်တွင် လုံးဝ တည်ငြိမ်အေးဆေးသွားခဲ့သည်။
ဘယ်လိုအရှုပ်တွေလဲ။ ငါက ဘယ်လိုလုပ်ပြီး ချန်ယုံလျန့်ဖြစ်နေရတာလဲ။ ပြီးတော့ ငါ သမိုင်းကို မှတ်မိတာ မမှားခဲ့ရင် ငါက သစ္စာဖောက်ဗီလိန်ကြီးဖြစ်နေရမှာ မဟုတ်ဘူးလား။ အရင်ဆုံး နီဝမ်ကျွင့်ကို သတ်ခဲ့ပြီး နောက်ကျ ရွှီရှို့ဟွေးကို သတ်ခဲ့တဲ့ ဗီလိန်ကြီးလေ?
နီဝမ်ကျွင့်!
ငါက တကယ်ပဲ အစ်ကိုကြီးနီကို ငါ့လက်နဲ့ ကိုယ်တိုင် သတ်ပစ်လိုက်မှာလား။
ချန်ကျဲ့ အိပ်မက်ဆန်လွန်းသည်ဟု ခံစားနေရ၏။
ငါတို့ရဲ့ဆက်ဆံရေးအရဆို ငါက ဘယ်လိုလုပ်ပြီး နီဝမ်ကျွင့်ကို သတ်နိုင်မှာတဲ့လဲ။
ပြီးတော့ ငါက အနာဂတ်မှာ ကျူးချုံပါးရဲ့လက်မှာ သေဆုံးဖို့ စီစဉ်ထားပြီးသား ဖြစ်နေခဲ့ပြီတဲ့လား။ အဲဒါကလည်း ကံကြမ္မာပဲလား။
(သမိုင်းမှာ ချန်ယုံလျန့်ဟာ ဖော်ယန်ဟူတိုက်ပွဲအတွင်းမှာ ကျူးချုံပါးထံ စစ်ရှုံးခဲ့ပြီး စစ်ပွဲအတွင်းမှာပဲ ကျဆုံးသွားခဲ့ပါတယ်တဲ့)
သို့သော် ကံကြမ္မာကို ပြောင်းလဲမရနိုင်ဟု ချန်ကျဲ့ မယုံကြည်ပါချေ။ ခြုံငုံလိုက်သော် ဤကမ္ဘာသည် သမိုင်းကြောင်းထဲမှ မွန်ဂို ယွမ်မင်းဆက်ခေတ် မဟုတ်ပါပဲ သာ့ချန်တိုင်းပြည် ဖြစ်ပေသည်။
သို့ဖြစ်ရာ ဤကမ္ဘာ၏ သမိုင်းမှတ်တမ်းများသည်လည်း သမိုင်းအစစ်အမှန်နှင့် တစ်ထပ်တည်း တူညီရန် မလိုအပ်ပေ။ ဤကမ္ဘာ၏ သိုင်းပညာများသည် ကမ္ဘာအစစ်၏ မွန်ဂို ယွမ်မင်းဆက်ခေတ်ထက် ပို၍ အင်အားကြီးမားသည် မဟုတ်ပါလော။ ထို့ပြင် မတူညီသည့်ကမ္ဘာများ ဖြစ်ကြသည့်အလျောက် သမိုင်းတွင် မှတ်တမ်းတင်ထားသည့် အဖြစ်အပျက်အချို့သည်လည်း သေချာပေါက် ကွာခြားပေလိမ့်မည်။
အနည်းဆုံးတော့ ငါ အစ်ကိုကြီးနီကို သတ်မှာ မဟုတ်ဘူး!
ထိုသို့အတွေးဖြင့် ချန်ကျဲ့ ထိုခေတ်အခါက အမည်ကျော်ကြားသည့် ပုဂ္ဂိုလ်ကြီးများကို တွေးနေခဲ့သည်။ ချန်ကျဲ့ မှတ်မိနိုင်သမျှမှာ
ကျူးယွမ်ကျန်း၊ ရွှီသာ့၊ ချန်ယွိချွမ်၊ ကျန်းရှစ်ချန်၊ ချန်ယုံလျန့်နှင့် ကျန်းတင်းပျန်းသာ ဖြစ်၏။
ချန်ကျဲ့သည် ထိုမျှသော သမိုင်းမှတ်တမ်းကိုသာ မှတ်မိ၏။ ချန်ယုံလျန့်နှင့် ကျူးယွမ်ကျန်းတို့နှစ်ဦးစလုံး၏ နံဘေးတွင် စစ်သူကြီးများ ရှိကြသည်။ ကျူးယွမ်ကျန်း၏ စစ်သူကြီးသည် ရွှီသာ့ဖြစ်ပြီး ချန်ယုံလျန့်၏ စစ်သူကြီးသည်တော့ ကျန်းတင်းပျန်းဖြစ်မည်ထင်သည်။
ဒါဆို ငါ့ရဲ့ ကျန်းတင်းပျန်းက ဘယ်ရောက်နေတာလဲ။
ငါ့ရဲ့ အင်အားကြီးစစ်သူကြီးက ဘယ်မှာများလဲ။
ချန်ကျဲ့သည် ထိုနေရာတွင်သာ ထိုင်၍ အများကြီး စဉ်းစားတွေးတောနေခဲ့သည်။
ယွမ်ခေတ်နှောင်းပိုင်းကို ပြန်စဉ်းစားကြည့်သော်ငြား ချန်ကျဲ့လည်း အများကြီး မသိပေ။ အခြေခံအနေဖြင့် သိထားရမည့် ပုဂ္ဂိုလ်ကြီးများကိုသာ သိထား၏။
ချန်ကျဲ့သည် ထိုပုဂ္ဂိုလ်ကြီးအချို့ကို ကျင်းယုံ၏ “နဂါးနိုင်ဓား”ဝတ္ထုမှတစ်ဆင့် သိရှိနေခဲ့ခြင်း ဖြစ်ပေသည်။