ဇနီး : ယောက်ျား၊ ကျွန်မ ယောက်ျားအဆင်ပြေပါတယ်နော် ဟုတ်တယ်မလား_၅
Vol. 26 Ch. 360
စူးယွင်ကျင်းသည် ကနဦး စိုးရိမ်ထိတ်လန့်သွားသည့် အခြေအနေကို ကျော်လွန်၍ စိတ်ပြန်လည် တည်ငြိမ်သွားခဲ့သည်။ ထို့နောက် ပြောသည်။
“မသွားဘူး။ အခု ထွက်ပြေးဖို့ နောက်ကျသွားပြီ။ သူတို့က အရှေ့တံခါးကို ပိတ်ဆို့နိုင်တယ်ဆိုရင် အနောက်တံခါးကိုလည်း ပိတ်ဆို့နိုင်မှာပဲ။ ငါ ထွက်ပြေးလိုက်ရင် သူတို့ရဲ့ထောင်ချောက်ထဲ ကွက်တိဝင်သွားလိမ့်မယ်!”
“အာ ဒါဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ!”
ထိုအခါ အစောင့်မှ စိုးရိမ်တကြီး ပြော၏။
စူးယွင်ကျင်းမှ ပြောသည်။
“ငါ အရှေ့ခြံဝင်းကို သွားမယ်”
“အာ သခင်မ၊ အဲဒီကို မသွားသင့်ပါဘူး!”
စူးယွင်ကျင်းမှ ပြောသည်။
“ဘာလို့ မသွားသင့်တာလဲ။ ဒီအခြေအနေရောက်မှတော့ တိုက်ခိုက်ဖို့ပဲရှိတယ်!”
ထိုသို့အတွေးဖြင့် စူးယွင်ကျင်းသည် ဘေးပတ်ဝန်းကျင်ကို ရှာဖွေကြည့်ရာ ကတ်ကြေးတစ်လက်ကို ရှာတွေ့လိုက်သည်။ သူမ၏ မျက်လုံးများသည် လေးနက်တည်ကြည်နေခဲ့သည်။
သူမနှင့် ချန်ကျဲ့တို့နှစ်ဦး မြို့သို့ လာခဲ့စဉ်ကတည်းက စူးယွင်ကျင်းသည် မိမိကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရသည့် ဖြစ်နိုင်ခြေအတွက် ပြင်ဆင်ထားပြီးဖြစ်သည်။ ချန်ကျဲ့သည် မက်မောစရာကောင်းလောက်သည့် ဘဝတွင် နေထိုင်နေသည်ဟု ထင်ရသော်ငြား တကယ်တမ်းတွင် ဓားဖျားထက်တွင် ဒယီးဒယိုင်လျှောက်လှမ်းနေရခြင်း ဖြစ်သည်။
ရန်သူများ၏ အလစ်တိုက်ခိုက်ခံရခြင်းသည် အနှေးနှင့်အမြန် ဖြစ်လာမည့်အရာဖြစ်၏။
သူမ စူးယွင်ကျင်းသည် ချန်ကျိုစစ်နှင့်အတူ မြို့သို့ လိုက်လာရဲပြီး အိမ်တော်သခင်မ နေရာကို အရယူခဲ့ပြီးဖြစ်ရာ ချန်ကျိုစစ်အတွက် အသက်စွန့်ရန် မိမိကိုယ်ကိုယ် ပြင်ဆင်ထားပြီးဖြစ်ပေသည်။
“ကျွန်မ ဒီဘဝကို ပျော်မွေ့နိုင်တယ်ဆိုရင် ဒီဒုက္ခကိုလည်း ခံနိုင်ရည်ရှိရမယ်။ ကျွန်မက ရှင့်ရဲ့တရားဝင်ဇနီးအဖြစ် ဆန္ဒအလျောက် လက်ခံထားခဲ့မှတော့ ယောက်ျား.. ရှင် ဒုက္ခကြုံရတဲ့အချိန်မှာ ကျွန်မ သေချာပေါက် ရှင့်ကို တစ်ယောက်တည်း ထားခဲ့မှာမဟုတ်ဘူး!”
“သခင်မ!”
စူးယွင်ကျင်း ထွက်ခွာလုနီးတွင် ယင်ဟုန်မိန်မှ ရုတ်တရက် ဟန့်တားလာခဲ့သည်။
စူးယွင်ကျင်းမှ ယင်ဟုန်မိန်ကိုကြည့်၍ ပြောသည်။
“မင်း ငါ့နောက် မလိုက်သင့်ဘူး။ ခဏနေလို့ တခါးဖျက်ဆီးခံလိုက်ရတဲ့အခါကျရင် ဒီတိုင်း ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းဆိုလိုက်ပါ။ သူတို့ အစေခံမိန်းကလေးတစ်ယောက်ကိုတော့ ဘာမှ လွန်လွန်ကြူးကြူး လုပ်မှာမဟုတ်ပါဘူး”
ယင်ဟုန်မိန်မှ ပြန်ပြောသည်။
“သခင်မ ကျွန်မ ကျွန်မ သခင်မအဖြစ် အစားထိုးနိုင်ပါတယ်”
“အစားထိုးမယ်?”
စူးယွင်ကျင်း နားမလည်ပေ။ ယင်ဟုန်မိန်မှ ပြောသည်။
“ကျွန်မက သခင်မရဲ့ အဝတ်အစားတွေကို ဝတ်လိုက်မှာမို့လို့ သခင်မက ကျွန်မရဲ့အဝတ်အစားတွေကို ဝတ်လိုက်ပါ။ ပြီးရင် ကျွန်မ အရင်ဆုံး အနောက်တံခါးကနေ ထွက်ပြေးလိုက်ပါမယ်။ အဲဒီလိုဆို သူတို့ သေချာပေါက် ကျွန်မနောက်ကို လိုက်ဖမ်းကြမှာပဲ။ အဲဒီအခါကျ သခင်မက တခြားဘက်ကို ထွက်ပြေးသွားလိုက်ပါ။ အဲဒီလိုဆို လွတ်မြောက်နိုင်ပါလိမ့်မယ်”
“မင်းကို သူတို့ဖမ်းမိသွားခဲ့ရင် ဘယ်လိုလုပ်မလဲ”
စူးယွင်ကျင်း၏ အမေးကို ယင်ဟုန်မိန်မှ ပြန်ဖြေသည်။
“ဟားဟား ဘာမှမဖြစ်ပါဘူး။ ကျွန်မက ရုပ်ဆိုးတယ်။ သူတို့ ကျွန်မကို ဘာမှ လွန်လွန်ကြူးကြူး လုပ်မှာ မဟုတ်ဘူး။ သူတို့လုပ်ခဲ့ရင်တောင်မှ ကိစ္စမရှိပါဘူး။ ကျွန်မ မကြောက်ဘူး!”
စူးယွင်ကျင်းမှ ပြောသည်။
“မရဘူး”
ထိုအခါ ယင်ဟုန်မိန်မှ ပြောသည်။
“သခင်မပဲ ကျွန်မကို ညီမလေးတစ်ယောက်လို သဘောထားတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ဒီတိုင်း သခင်မရဲ့ညီမလေးကို ဒီတစ်ကြိမ်ပဲ သခင်မရဲ့နေရာမှာ အစားထိုးခွင့်ပေးလိုက်ပါ”
“အဲဒါက ပိုလို့တောင် လက်မခံနိုင်စရာဖြစ်သေးတယ်။ ဘယ်လိုလုပ်ပြီး အစ်မအစား ညီမကို သေခွင့်ပေးနိုင်မှာလဲ။ ပြီးတော့ ငါလို အားနည်းတဲ့အမျိုးသမီးတစ်ယောက်က ထွက်ပြေးနိုင်ခဲ့ရင်တောင်မှ ဘယ်လောက်ဝေးဝေး ပြေးနိုင်မှာမို့လို့လဲ။ ငါပြောတာကို နားထောင်၊ ငါ့နောက်မလိုက်ခဲ့နဲ့။ သူတို့ဖမ်းချင်တာက ငါပဲ!”
ထိုအခါ ယင်ဟုန်မိန်မှ ပြောသည်။
“သခင်မ!”
စူးယွင်ကျင်းမှ ပြောသည်။
“ငါပြောတာနားထောင်၊ ဒီမှာပဲနေ၊ မခုခံနဲ့။ အဲဒါဆို မင်း ဘာမှဖြစ်မှာမဟုတ်ဘူး”
ထိုသို့ပြောပြီးနောက် စူးယွင်ကျင်းသည် အစောင့်ကို ပြော၏
“လာ ကျွန်မနဲ့အတူ အရှေ့ခြံဝင်းကို လိုက်ခဲ့”
အစောင့်မှ ပြန်တုံ့ပြန်၏
“သခင်မ!”
“လာစမ်း”
“ဟုတ်ကဲ့ပါ”
ထိုသို့ပြောခဲ့ပြီး စူးယွင်ကျင်းသည် အရှေ့ခြံဝင်းသို့ ဦးတည်သွားခဲ့သည်။ သူမ အရှေ့ခြံဝင်းသို့ရောက်ချိန်တွင် ရှောင်ဟူသည် ဓားထုတ်ကာ ရန်သူများနှင့် အသေအကြေတိုက်ခိုက်ရန် အသင့်ပြင်ထားပြီးဖြစ်သည်။
“ဒီနေ့ မရီးကို အန္တရာယ်ပြုချင်တယ်ဆိုရင် အဲဒါက ဘယ်သူပဲဖြစ်ဖြစ် ငါ့အလောင်းပေါ် ဖြတ်နင်းသွားမှ ရမယ်!”
ထိုအချိန်၌ လူတစ်ယောက်မှ ထိတ်လန့်တကြီး အော်ပြောလာခဲ့၏
“သခင်မက ဒီကို ဘာလို့ရောက်လာရတာလဲ”
ရှောင်ဟူလည်း လှည့်ကြည့်လာပြီး စူးယွင်ကျင်းကို မြင်သောအခါ ပြောလာခဲ့သည်။
“မရီး ဒီကို ဘာလို့ရောက်လာရတာလဲ။ မရီးကို ထွက်သွားဖို့ ကျွန်တော် ပြောခိုင်းလိုက်တယ် မဟုတ်ဘူးလား”
စူးယွင်ကျင်းမှ ပြုံးလိုက်ပြီး ပြောသည်။
“အိမ်တော်မှာ သခင်ကြီး ရှိမနေဘူး။ အဲဒီတော့ ဒီအိမ်တော်အတွက် ကျွန်မမှာ တာဝန်ရှိတယ်။ ခြံဝင်းတံခါးကို ဖွင့်လိုက်ပါ!”
“မရီး ဘာ ဘာလုပ်ဖို့စဉ်းစားနေတာလဲ”
စူးယွင်ကျင်းမှ ပြောသည်။
“ဟားဟား ဟူဇစ်၊ သူတို့က ငါ့ကို ဦးတည်ပြီး ရောက်လာကြတာ။ အဲဒီတော့ ငါတစ်ယောက်တည်းကသာ သူတို့နဲ့ စကားပြောနိုင်လိမ့်မယ်။ တံခါးဖွင့်လိုက်ပါ”
“မရီး ကျွန်တော်တို့ လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ သူတို့ကို သေတဲ့အထိ တိုက်ခိုက်ပြီး သခင်မကို ကယ်နိုင်ပါတယ်”
“တံခါးဖွင့်လိုက်ပါ။ သူတို့က လာတိုက်ခိုက်ရဲတယ်ဆိုမှတော့ အပြည့်အဝ ပြင်ဆင်ထားပြီးသား ဖြစ်လောက်မှာပဲ။ မင်းတို့ရဲ့အသက်တွေကို အဓိပ္ပာယ်မရှိဘဲ မစွန့်ပစ်လိုက်နဲ့။ ကိုယ့်အသက်ကိုယ် အဓိပ္ပာယ်ရှိမယ့်အရာတွေအတွက် ထိန်းသိမ်းထားကြပါ။ အနာဂတ်မှာ မင်းတို့ သခင်ကြီးကို တွေ့ခဲ့ရင် သူ့ကိုပြောလိုက်ပါ။ အကယ်၍ ကျွန်မရဲ့အလောင်းကို ရှာတွေ့ခဲ့ရင် ချင်းရှန်းတောင်စောင်းက ယောက္ခမဖြစ်သူရဲ့ အုတ်ဂူဘေးမှာ မြှုပ်နှံပေးပါလို့”
“မရီး အခုဘာလုပ်နေတာလဲ။ တစ်ယောက်ယောက်လာခဲ့စမ်း! သခင်မကို အဝေးကို ခေါ်သွားစမ်း!”
ရှောင်ဟူသည် ကြောက်လန့်တကြားဖြင့် အော်ဟစ်ကြိမ်းမောင်းတော့သည်။ ရှောင်ဟူ၏ အော်သံတွင် အစောင့်နှစ်ယောက်မှ ရှေ့တိုးလာခဲ့သည်။
စူးယွင်ကျင်းမှ အော်ပြောသည်။
“နောက်ဆုတ်စမ်း!”
ထိုသို့ပြောရင်း စူးယွင်ကျင်းသည် သူမ၏လည်ပင်းကို ကတ်ကြေးဖြင့် ဖိထောက်လိုက်လေသည်။
“ဘယ်သူပဲဖြစ်ဖြစ် နောက်ထပ် ခြေတစ်လှမ်းထပ်လှမ်းရဲရင် ငါ့ရဲ့သွေးတွေ ဒီနေရာမှာ ချက်ချင်း စွန်းထင်းသွားစေရမယ်!”
ဟူဇစ် : “မရီး အဆင်အခြင်မဲ့ မလုပ်ပါနဲ့၊ အလောတကြီး မဆုံးဖြတ်လိုက်ပါနဲ့!”
စူးယွင်ကျင်းမှ ပြောသည်။
“တံခါးဖွင့်လိုက်”
“အာ တံခါးဖွင့်ဖို့က… မရီး ဘာလို့ ကျိန်းသေပေါက် ဒီလိုလုပ်ရမှာလဲ”
စူးယွင်ကျင်းမှ ပြောသည်။
“ဟူဇစ်၊ သူတို့ ငါ့ကိုဖမ်းဖို့လာကြတယ်ဆိုတာ သေချာပေါက် ငါ့ကိုအသုံးချပြီး သခင်ကြီးကို ထွက်လာဖို့ ဖိအားပေးမလို့ ဖြစ်မှာပဲ။ ငါ ငါ့ရဲ့ခင်ပွန်းသည်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေလို့ မဖြစ်ဘူး။ ငါ့ကြောင့်နဲ့ သူ့ကို အရေးနိမ့်စေလို့ မဖြစ်ဘူး။ မင်းနားလည်ရဲ့လား”
“ဒါပေမဲ့ မရီး၊ မရီး ဒီလိုလုပ်တာကို ကျိုစစ်သိရင် အရမ်းဝမ်းနည်းနာကျင်ရလိမ့်မယ်”
စူးယွင်ကျင်းမှ ပြောသည်။
“ဒါဆိုလည်း ငါက တစ်ကိုယ်ကောင်းဆန်ဆန် ပြုမူခဲ့တယ်လို့ပဲ သတ်မှတ်လိုက်ပါ။ ငါသေပေးလို့ရတယ်၊ ဒါပေမဲ့ ငါ့ရဲ့ခင်ပွန်းသည်ကိုတော့ အန္တရာယ်ကျရောက်စေလို့ မဖြစ်ဘူး။ မင်းတို့အားလုံးလည်း ကောင်းကောင်းမွန်မွန် ဆက်ရှင်သန်သွားရမယ်။ မင်းတို့အားလုံးက အနာဂတ်မှာ သခင်ကြီးအတွက် အကူအညီဖြစ်နိုင်တယ်”
စူးယွင်ကျင်း၏ စကားအဆုံး၌ ဟူဇစ်မှာ မျက်ရည်များ ဝဲတက်လာခဲ့သည်။
ထိုစဉ် တံခါးသည် ဖြည်းဖြည်းချင်း ပွင့်ဟလာ၏။ အပြင်ဘက်ရှိလူများသည် တံခါးပွင့်လာသည်ကို မြင်သောအခါ အားရပါးရ ရယ်မောကြ၏။
“ငါတို့မှာ အပြင်းအထန် ခုခံကာကွယ်မှုတွေ လုပ်တော့မယ်လို့ ထင်လိုက်ရတာ၊ ဒီလောက်လွယ်လွယ်နဲ့ ပြိုလဲကုန်လိမ့်မယ်လို့ မထင်ထားမိဘူးပဲ”
ထိုအခိုက်တွင် လက်ပါးစေဖြစ်ဟန်ရသူတစ်ဦးသည် ခေါင်းဆောင်ဖြစ်သူအနီးသို့ ကပ်လာပြီး ပြော၏။
“ဖချိုက် လူထွက်လာပြီ”
စူးယွင်ကျင်းသည် လက်ထဲတွင် ကတ်ကြေးကိူ ကိုင်ထားမြဲဖြင့် ရှေ့တိုးလိုက်သည်။
ဖချိုက်သည် ဓားရှည်ကို ကိုင်စွဲထားလျက် စူးယွင်ကျင်းကို ကြည့်နေ၏။ သူ၏မျက်နှာမှာ တောက်ပနေခဲ့သည်။
“ကြည့်ရတာတော့ ဒီအမျိုးသမီးက သာမန်ရွာသူလေး မဟုတ်ဘူးပဲ”
စူးယွင်ကျင်းသည် ရန်သူများကို အေးဆေးတည်ငြိမ်စွာသာ ရင်ဆိုင်သည်။
“မင်းတို့မှာ ဘယ်သူက ခေါင်းဆောင်လဲ”
ဖချိုက်မှ ရှေ့တိုးထွက်လိုက်ပြီး ပြောသည်။
“သခင်မ”
“မင်းတို့ ဒီနေ့ ဘာအကြောင်းကြောင့် ချန်အိမ်တော်ကို ဝန်းရံရတာလဲ”
“သခင်မရဲ့ခင်ပွန်းသည်က ကျုပ်တို့ရဲ့ ခန်းမအရှင်သခင်ကို သတ်ခဲ့ပါတယ်။ အဲဒါကြောင့် မိသားစုဝင်များက စုံစမ်းစစ်ဆေးဖို့အတွက် သခင်မကို အခေါ်လွှတ်လိုက်တာပါ!”
စူးယွင်ကျင်းမှ ပြန်လှန်ပြောဆို၏။
“အကယ်၍ ကျွန်မရဲ့ခင်ပွန်းက ခန်းမအရှင်သခင်ကို သတ်ခဲ့တာဆိုရင် ရှင်တို့က ဘာလို့ သူ့ကိုသွားမဖမ်းဘဲ ကျွန်မဆီကို ရောက်လာရတာလဲ”
“ဟားဟား သခင်၅က ထွက်ပြေးသွားလို့ပါ။ အဲဒါကြောင့် ကျွန်တော်တို့က သခင်မအနေနဲ့ သခင်၅ကို ဖျောင်းဖျပေးဖို့ တောင်းဆိုချင်တာပါ”
“အကယ်၍ ကျွန်မ ရှင်တို့နဲ့လိုက်ဖို့ ငြင်းဆန်ခဲ့ရင်ရော?”
စူးယွင်းကျင်း၏ မေးခွန်းကို ဖချိုက်မှ ပြန်ပြောသည်။
“အဲဒါကို သခင်မ ဆုံးဖြတ်လို့မရပါဘူး!”
“သူ့ကို ဖမ်းလိုက်ကြ!”
“ရပ်စမ်း!”
ဖချိုက်မှ သူ၏နောက်လိုက်များကို ချီတက်ရန် အမိန့်ပေးလိုက်သည်နှင့် ရှောင်ဟူနှင့် ဆယ်ယောက်ခန့်သော အစောင့်များသည် ဓားကိုယ်စီ ဆွဲထုတ်လျက် စူးယွင်ကျင်း၏ ပတ်ပတ်လည်တွင် ခြံရံလိုက်ကြသည်။
သို့သော် စူးယွင်ကျင်းမှ အော်ပြော၏။
“ရပ်လိုက်”
ထို့နောက် စူးယွင်ကျင်းမှ ဆက်ပြောသည်။
“ကျွန်မ ရှင်တို့နဲ့ လိုက်ခဲ့ရင် သူတို့ကို လွှတ်ပေးနိုင်မလား”
ဖချိုက်မှ ပြန်ပြောသည်။
“အဲဒီလိုက စည်းမျဉ်းနဲ့ မကိုက်ညီမှာ စိုးမိပါတယ်”
ထိုအခါ စူးယွင်ကျင်းသည် သူမ၏လည်ပင်းတွင် ဖိထောက်ထားသည့် ကတ်ကြေးကို ပို၍ အားပြင်းပြင်း ဖိထောက်လိုက်ပြီး ပြော၏။
“သူတို့ကို လွှတ်ပေးလိုက် မဟုတ်ရင် အခုချက်ချင်း ငါ့သွေးတွေနဲ့ ဒီနေရာကို စွန်းထင်းသွားစေရမယ်!”
“အာ သခင်မ! မရီး!”