ဇနီး : ယောက်ျား၊ ကျွန်မ ယောက်ျားအဆင်ပြေပါတယ်နော် ဟုတ်တယ်မလား_၆
Vol. 26 Ch. 361
လူအုပ်ကြီးမှာ အံ့အားသင့်မှုကြောင့် ပင့်သက်ရှိုက်မိကုန်ကြ၏။
သို့သော် စူးယွင်ကျင်းသည် ဖချိုက်ကို စူးရဲစွာ စိုက်ကြည့်နေခဲ့သည်။ သူမ ဆုံးဖြတ်ချက်ချပြီးဖြစ်၏။ ရှောင်ဟူနှင့် အခြားသူများ ထွက်သွားခွင့်ရပြီးသည်နှင့်တစ်ပြိုင်နက် သူမကိုယ်သူမ သတ်သေလိုက်မည် ဖြစ်သည်။ သူမကို အသုံးချ၍ သူမ၏ခင်ပွန်းသည်ကို ခြိမ်းခြောက်ခွင့် မပြုနိုင်ပေ။
ဖချိုက် မျက်လုံးအိမ်တို့မှေးကျုံ့သွား၏။
“သခင်မက ကိုယ့်ကိုယ်ကိုယ်သတ်သေမလို့လား”
“စမ်းကြည့်ချင်လား”
စူးယွင်ကျင်းသည် ကတ်ကြေးကို လက်မဝက်ခန့် လှုပ်ရှားလိုက်၏။ ကတ်ကြေးထိပ်ဖျားသည် သူမ၏လည်ပင်းသားထဲသို့ ချက်ချင်း ထိုးစိုက်သွားခဲ့ကာ သွေးများ စီးကျလာခဲ့သည်။
ဖချိုက်သည် ထိတ်လန့်တကြားဖြင့် အော်ဟစ်တော့သည်။
“ကောင်းပြီ၊ သဘောတူတယ်! သခင်မ ကျုပ်တို့နဲ့ လိုက်ခဲ့ပေးရင် သူတို့ကို လွှတ်ပေးမယ်!”
“လုံးဝ ခွင့်မပြုဘူး။ မင်းတို့ ဒီနေ့ မရီးကို ခေါ်သွားချင်ရင် အရင်ဆုံး ငါ့အလောင်းကို နင်းသွားမှ ရမယ်!”
ရှောင်ဟူသည် သူ၏တစ်ဖက်သွားဓားရှည်ကို ကိုင်စွဲလျက် စူးယွင်ကျင်း၏ရှေ့တွင် ရပ်လိုက်သည်။ စူးယွင်ကျင်း မျက်မှောင်ကြုတ်သွားပြီး ပြော၏။
“ဟူဇစ် သွားစမ်း!”
ရှောင်ဟူမှ ပြန်ပြောသည်။
“အစ်ကိုကျိုစစ်က မရီးကို ကာကွယ်ဖို့ ကျွန်တော့်ကို အပ်နှံထားခဲ့တာ။ မရီး တစ်ခုခုဖြစ်သွားခဲ့ရင် ကျွန်တော်လည်း အသက်ဆက်ရှင်နေမှာ မဟုတ်ဘူး။ ညီနောင်တို့ မင်းတို့က နေခဲ့ဖို့ မလိုဘူး။ ထွက်သွားချင်တဲ့သူတွေက ထွက်သွားနိုင်တယ်!”
ထိုစကားတွင် အစောင့်သုံး၊လေးဦးခန့်သည် အမှန်တကယ်ပင် ထွက်ပြေးသွားခဲ့သည်။
သို့သော် ၆ယောက်ကျန်နေခဲ့သေး၏။ သူတို့အားလုံးသည် ဆုံးဖြတ်ချက်ခိုင်မာကြောင်း အတိအလင်း ကြေညာကြသည်။
“ကျွန်တော်တို့ သခင်မနဲ့အတူ သေအတူရှင်မကွာ ရင်ဆိုင်ကျော်ဖြတ်ဖို့ ဆန္ဒရှိပါတယ်!”
ထိုအခါ ရှောင်ဟူမှ ပြောသည်။
“ကောင်းပြီ! အစ်ကိုကျိုစစ် မင်းတို့ကို လူကဲခတ်မမှားခဲ့ဘူးပဲ။ ညီနောင်တို့ ဒီနေ့ ငါတို့အသက်ဆက်ရှင်နိုင်ခဲ့ရင် ငါ ချန်ရှောင်ဟူက မင်းတို့ကို ငါ့ရဲ့ဘဝတစ်သက်လုံးစာ ဂုဏ်သရေနဲ့ရင်းပြီး ကတိပေးပါတယ်။ ငါစားသောက်ရတာမှန်သမျှ မင်းတို့လည်း စားသောက်နိုင်စေရမယ်၊ ငါ့မှာ ရှိတာမှန်သမျှ မင်းတို့မှာလည်း ရှိစေရမယ်။ ညီနောင်တို့ ပုံစံဖွဲ့စည်းပြီး သခင်မကို ကာကွယ်မယ်!”
ရှောင်ဟူ၏ အော်ပြောသံအဆုံး၌ ချန်ရှောင်ဟူအပါအဝင် အမျိုးသား၇ယောက်သည် စူးယွင်ကျင်း၏ရှေ့တွင် တံတိုင်းသဖွယ် ကာရပ်လိုက်ကြသည်။
စူးယွင်ကျင်းမှ စိုးထိတ်စွာဖြင့် ပြောသည်။
“မင်းတို့ဘာလုပ်နေကြတာလဲ သွားကြစမ်း!”
ရှောင်ဟူမှ ပြန်ပြောသည်။
“မရီး၊ မရီး ဘာတွေးနေလဲဆိုတာကို ကျွန်တော်သိပါတယ်။ ဒါပေမဲ့ မရီးကို မကာကွယ်နိုင်ခဲ့ရင် ကျွန်တော် အစ်ကိုကျိုစစ်ကို ဘယ်လိုမျက်နှာပြရမလဲ။ ငါတို့ ဒီနေ့ ဒီနေရာမှာ အတူသေကြမယ် သဘောတူလား ညီနောင်တို့!”
“ဟားဟားဟား လူကြီးမင်းဟူ ပြောတာ မှန်တာပေါ့! သခင်မရယ် အမျိုးသားတွေ အရင်သေသင့်တယ်လေဗျာ။ ကျုပ်က ဒီတေလေဂျပိုးကောင်တွေကို အရင် သတ်ပြမှာမို့လို့ သခင်မက ခဏလောက် သည်းခံထားပေးပါဦး!”
“ဟားဟားဟား အားရစရာပဲ! ဒီနေ့ငါတို့ အသေအကြေတိုက်ခိုက်ကြတာပေါ့။ အကယ်၍ ငါတို့ထဲက တစ်ယောက်ယောက်များ ကံကောင်းပြီး အသက်ရှင်ကျန်ရစ်နိုင်ခဲ့ရင် ကျေးဇူးပြုပြီး ငါ့ရဲ့သက်ကြီးရွယ်အိုအမေကြီးကို ကူညီစောင့်ရှောက်ပေးပါဦး ကျေးဇူးပါပဲ!”
“မစိုးရိမ်ပါနဲ့။ ငါဒီနေ့ မသေခဲ့ရင် မင်းတို့ရဲ့အမေက ငါ့အမေပါပဲ။ ငါသေသွားခဲ့ရင်လည်း မင်းတို့တွေက ငါ့အမေကို ကူညီစောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်”
“သဘောတူတယ်! ယောက်ျားတို့ရဲ့စကားဟာ သစ္စာပဲ!”
ထိုသို့ပြောဆိုလျက် သူတို့အားလုံးသည် သေဆုံးရန် အသင့်ဖြစ်နေသည့် အမျိုးသားများ၏ အမူအရာသို့ ပြောင်းလဲသွားခဲ့ကြသည်။
ဖချိုက်သည် မျက်စိရှေ့ရှိ ပျက်စီးခြင်းကို သတိမမူမိသည့် အရူးကောင်များဟု တွေးတောလျက် အကြည့်များသည် ခက်ထန်လာခဲ့၏။ ထို့နောက် ပြောသည်။
“မင်းတို့က သေချင်နေမှတော့ ဖြည့်ဆည်းပေးလိုက်မယ်။ သူတို့ကို သတ်ကြစမ်း!”
ဖချိုက်၏ အမိန့်ပေးသံနှင့်အတူ ငါးဖမ်းကုန်သည်အဖွဲ့သားတစ်အုပ်ကြီးသည် တစ်ဟုန်ထိုး ပြေးဝင်တိုက်ခိုက်လာကြသည်။ ရှောင်ဟူတို့၇ဦးသည် အပြင်းအထန် တိုက်ခိုက်နေခဲ့ကြပြီး နှစ်ဦးမှာ သွေးအိုင်ထဲ လဲကျသွားခဲ့လေပြီ။
ကျန်လူများမှာလည်း သွေးများ ရွှဲစိုဖုံးလွှမ်းနေကြ၏။
ရှောင်ဟူသည် လူသုံးယောက်ကို သတ်ဖြတ်ပြီးနောက် မျက်လုံးများပင် နီရဲလာခဲ့သည်။ ရှောင်ဟူမှ ဟစ်ကြွေး၏။
“သတ်!”
ထိုမြင်ကွင်းတွင် ဖချိုက်သည် မျက်လုံးမှေးကျဉ်းလိုက်ရင်း နှုတ်ခမ်းတို့သည်လည်း စက်ဆုပ်ဖွယ် အပြုံးတစ်ခုကို လှစ်ဟပြလာခဲ့သည်။
“နွဲ့ပျောင်းအရွတ်အဆင့်လေးများ… ဓားတစ်ချက်ဆို လုံလောက်ပြီ!”
သို့ဖြင့် ဖချိုက်သည် ဓားကို ဝှေ့ယမ်းလျက် ရှေ့တိုးသွား၏။
ဝှစ်!
ဓားတစ်ချက်အဝှေ့တွင် ရှောင်ဟူသည် အသက်ကို ခြိမ်းခြောက်နိုင်သည့် အန္တရာယ်ကို ခံစားမိလိုက်၏။ သို့ဖြင့် သူ၏စည်းချိုးဖျက်ကျားငါးကောင်တစ်ဖက်သွားဓားသိုင်းကို ထုတ်သုံးလိုက်သည်။
သို့သော် နွဲ့ပျောင်းအရွတ်အဆင့်နှင့် သံမဏိအရိုးအဆင့်ကြား ကွာဟချက်သည် ကြီးမားလွန်း၏။ ဓားတစ်ချက်အဝှေ့တွင် ရှောင်ဟူ၏ တစ်ဖက်သွားဓားသည် လေဟာနယ်ကိုသာ ပိုင်းဖြတ်မိလိုက်ကာ လည်တိုင်မှာတော့ အေးစိမ့်မှုကို ခံစားလိုက်ရသည်။ ရှောင်ဟူ ချက်ချင်း နောက်ဆုတ်သွားရ၏။
ဝှစ်!
ရှောင်ဟူ၏ ရင်ဘတ်တွင် နက်ရှိုင်းသည့် ကန့်လန့်ဖြတ် ဓားဒဏ်ရာတစ်ချက် ဖြစ်တည်သွားခဲ့သည်။
“အား~”
ရှောင်ဟူသည် ရင်ဆိုင်ရန်ခက်ခဲသည့် ပြိုင်ဘက်တစ်ဦး ဖြစ်နေလိမ့်မည်ဟု ဖချိုက် မျှော်လင့်မထားခဲ့ပေ။ ထိတ်လန့်တကြား အော်သံနှင့်အတူ ရှောင်ဟူ၏ခန္ဓာကိုယ်သည် သွေးများ ဖုံးလွှမ်းသွား၏။ ထို့နောက် ရှောင်ဟူသည် ဟစ်ကြွေးလျက် တစ်ဖက်သွားဓားရှည်ကို ဖချိုက်ထံ ဦးတည်ခုတ်ပိုင်းသည်။
ဖချိုက် စိတ်ပျက်သွားကာ နောက်ဆုတ်ရှောင်တိမ်းလိုက်သည်။
“တစ်ချက်တည်းနဲ့ သတ်ဖို့ မတန်ဘူးပဲ”
ထို့နောက် ဖချိုက်သည် ရှောင်ဟူကို ဓားတစ်ချက်ထိုးသွင်းခြင်းဖြင့် အဆုံးသတ်ရန် ကြိုးပမ်းသည်။ ထိုဓားချက်သည် မလွဲချော်သင့်ပေ။ သို့သော် ထိုအခိုက်အတန့်၌–
အဝေးမှ မြင်းခွာသံများနှင့် ကျောက်စရစ်ခဲလွင့်စင်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ဘုန်းခနဲ အသံနှင့်အတူ ၎င်းသည် ဖချိုက်ကို ထိမှန်သွားခဲ့သဖြင့် ဖချိုက်မှာ ညည်းတွားလျက် နောက်သို့ ခြေသုံးလှမ်းဆုတ်သွားရသည်။ ထို့နောက် တန့်သွား၏။
“စွမ်းအင်ပြောင်းလဲခြင်းအဆင့်ပဲ!”
ဖချိုက် ခေါင်းမော့ကြည့်လိုက်သောအခါ တိုက်ပွဲအတွင်း တစ်ဟုန်ထိုး ပြေးဝင်လာနေသည့် မြင်းစီးသည်တစ်စုကို မြင်တွေ့လိုက်ရသည်။ ဦးဆောင်သူမှာ မီးလျံများ တောက်လောင်နေသည့်အလား အနီရဲရဲဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။
“ဘယ်သူက ငါ့ရဲ့ညီမလေးယွင်ကျင်းကို ထိခိုက်အောင် လုပ်ရဲတာလဲ!”
ထိုသို့ပြောလျက် အမျိုးသမီးသည် မြင်းကုန်းနှီးမှ ဓားတိုတစ်လက်ကို ထုတ်ယူကာ ဖချိုက်ကို ပစ်လိုက်သည်။ ၎င်းကိုမြင်လိုက်သော ဖချိုက်သည် မျက်နှာဖြူဖျော့သွားရပြီး အနီးရှိ ငါးဖမ်းကုန်သည်အဖွဲ့သားတစ်ဦးကို သူ၏ရှေ့သို့ ဆွဲကာလိုက်သည်။
အား!
ထိုအဖွဲ့သားမှာ ဓားတစ်ချက်ဖြင့် အသက်ထွက်သွားခဲ့လေသည်။
ရန်သူဘက်တွင် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင် ပါဝင်နေသည်ကို မြင်တွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ဖချိုက်သည် ဘာမျှစကားမဆိုဘဲ လှည့်ထွက်ပြေးတော့သည်။ သူ၏ လက်အောက်ငယ်သားများအတွက်လည်း ဂရုမစိုက်ပေ။
အခြားအဖွဲ့သားများသည်လည်း သူတို့၏ခေါင်းဆောင် ထွက်ပြေးသွားသည်ကို မြင်ကြသဖြင့် အလိုအလျောက် လူကွဲကုန်ကြသည်။
ထိုစဉ် တတိယသခင်မလေးဟွားသည် မြင်းစီးနင်းရင်း လက်ဝှေ့ယမ်းပြသည်။ သူမ၏ မှောင်ခိုဈေးအလုပ်သမားများသည်လည်း ဝင်ရောက်စီးနင်း၍ စတင်တိုက်ခိုက်ကြသည်။
အဘိုးကြီးကျုံးသည် ရှေ့မှဦးဆောင်၍ သူ၏ဆေးတံကြီးဖြင့် တစ်ယောက်ပြီးတစ်ယောက် အလဲတိုက်ခိုက်ပစ်၏။ ဆေးတံတစ်ချက်ဝှေ့လိုက်တိုင်းတွင် ရန်သူတစ်ယောက်အား ဒဏ်ရာရစေပေသည်။
ရှောင်ဟူသည် တတိယသခင်မလေးဟွားကို မြင်သောအခါ မြေပြင်ပေါ်သို့ ပက်လက်လှဲချလိုက်တော့သည်။
နောက်ဆုံးတော့ ရောက်လာပြီ!
ချန်ကျဲ့သည် ပြဇာတ်ရုံတွင် တစ်စုံတစ်ရာ မူမမှန်ကြောင်း သတိထားမိသဖြင့် တတိယသခင်မလေးဟွားအား အိမ်တော်ရှိ စူးယွင်ကျင်းကို စောင့်ရှောက်ပေးဖို့ တောင်းဆိုရန်အတွက် ရှောင်ဟူကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ရှောင်ဟူ တတိယသခင်မလေးဟွားဆီသို့ သွားချိန်တွင် တတိယသခင်မလေးဟွားသည် အလုပ်ကိစ္စ အပြင်သွားနေသဖြင့် မတွေ့ခဲ့ရပေ။ ထို့ကြောင့် ရှောင်ဟူသည် တတိယသခင်မလေးဟွားပြန်ရောက်ပါက ချန်အိမ်တော်သို့ ချက်ချင်းလာခဲ့ပေးပါရန်နှင့် အရေးပေါ်အခြေအနေဖြစ်ကြောင်းသာ အကြောင်းကြားနိုင်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် တတိယသခင်မလေးဟွားသည် အချိန်မီ ရောက်လာနိုင်ခဲ့၏။
တတိယသခင်မလေးဟွားသည် မြင်းစီးနေရင်း မြင်းစီးခြေနင်းကွင်းကို ကန်၍ လေပေါ် ပျံတက်လိုက်သည်။ ထို့နောက် စူးယွင်ကျင်း၏ရှေ့တွင် တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။
“ယွင်ကျင်း မင်းအဆင်ပြေရဲ့လား”
“အစ်မဟွား!”
စူးယွင်ကျင်းမှာ ခြေထောက်များ အားနည်းချည့်နဲ့သွားကာ ပြိုလဲကျလုနီးပင်။ စူးယွင်ကျင်းသည် စိတ်ဆန္ဒပြင်းပြမှုချည်းသက်သက်နှင့် အားတင်းတောင့်ခံထားခဲ့ခြင်း ဖြစ်သည်။
စူးယွင်ကျင်း၏ လည်ပင်းထက်ရှိ ဒဏ်ရာကို မြင်သောအခါ တတိယသခင်မလေးဟွားမှ ပြောသည်။
“မင်းကိုယ်မင်းကြည့်ပါဦး”
ထိုသို့ပြောလျက် အနီးတစ်ဝိုက်ရှိ သွေးကြောမှတ်တစ်ခုကို ပိတ်၍ သွေးရပ်စေလိုက်သည်။
“ကျိုစစ် ပြန်လာလို့ ဒီဒဏ်ရာကိုမြင်ရင်တော့ ရင်နာတော့မှာပဲ!”
စူးယွင်ကျင်းမှ တောင်းဆိုသည်။
“အစ်မဟွား ကျွန်မ အကူအညီတစ်ခုလောက် တောင်းချင်ပါတယ်”
“ဘာများလဲ”
“ကျိုစစ်ကို ရှာပေးနိုင်မလား။ သူ… သူ အခုဘယ်လိုနေလဲ ကျွန်မ မသိရဘူး”
တတိယသခင်မလေးဟွားသည် စူးယွင်ကျင်းကို ကြည့်၍ ပြောသည်။
“မင်းကိုယ်တိုင်က ဒီအခြေအနေဖြစ်နေတာတောင် သူ့အတွက် စိတ်ပူနေသေးတယ်။ ကောင်းပြီ။ အရင်ဆုံး ဆေးကုလိုက်ဦး။ ငါ့လူတွေ စုံစမ်းထားတာတော့ ကျိုစစ်က ထွက်ပြေးလွတ်မြောက်နေပြီး အခုထိ ဖမ်းမမိသေးဘူးတဲ့!”
ထိုအခါ စူးယွင်ကျင်းမှ ပြောသည်။
“သူ အဖမ်းမခံရဘူးဆိုရင်ပဲ အဆင်ပြေပါတယ်!”
“တော်ပြီ၊ ဒီအကြောင်း ဆက်မပြောနဲ့တော့။ ဒဏ်ရာရနေတဲ့သူတွေရော အိမ်တော်က လူတွေအကုန်လုံးကိုရော ငါ့အိမ်ဆီ ခေါ်ခဲ့လိုက်။ ဪ တန်ဖိုးရှိတဲ့ပစ္စည်းတွေလည်း သယ်ခဲ့ကြဦး”
ထိုသို့အမိန့်ပေးပြီးနောက် တတိယသခင်မလေးဟွားသည် နောက်လိုက်များကို ဦးဆောင်ထွက်သွားခဲ့သည်။
သူမ ရှိနေပါက စူးယွင်ကျင်း၏လုံခြုံရေးအတွက် စိုးရိမ်စရာမရှိတော့ပေ။ ကျန်ကိစ္စများသည်တော့ ချန်ကျိုစစ်အပေါ်၌သာ မူတည်ပေသည်။