← Chapters

ဇနီး: ယောက်ျား၊ ကျွန်မ ရှင်ပြန်လာတာကို စောင့်နေမယ်_၂

Vol. 26 Ch. 363

ဇနီး: ယောက်ျား၊ ကျွန်မ ရှင်ပြန်လာတာကို စောင့်နေမယ်_၂

Vol. 26 Ch. 363

ထိုအခါ မနီးမဝေးတွင် ရပ်နေသည့် စစ်ရှီးသည် ဆက်လက်၍ သည်းမခံနိုင်တော့ချေ။ ကျားဖြူခန်းမ၏ ‌လမ်းမကြီးလေးခုဖြစ်သော ငြိမ်းချမ်းခြင်း၊ ယုံချန်၊ ကျားခေါင်းနှင့် အသီးအရွက်ဈေးလမ်းမကြီးတို့သည် ကျားဖြူခန်းမ၏ ရပ်တည်ရေးအတွက် အခြေခံအုတ်မြစ်များ ဖြစ်ကြသည်။ ညီနောင်များစွာမှ ‌ခန်းမအရှင်သခင်နောက်သို့ လိုက်၍ အသက်ပေးရယူခဲ့သည့် ပိုင်နက်နယ်မြေများဖြစ်သည်။

ထို့ပြင် ဤသည်မှာ ပိုင်နက်နယ်မြေချည်းသက်သက် မဟုတ်ပေ။ ညီနောင်များစွာသည် အသက်မွေးဝမ်းကြောင်းအတွက် ဤလမ်းမကြီးများတွင် မှီခိုနေကြ၏။ ဤလမ်းမကြီးများကိုပင် ထိန်းသိမ်းမထားနိုင်ပါက ကျားဖြူခန်းမ၏ ဂုဏ်သိက္ခာမှာ အဘယ်သို့ ရောက်သွားလိမ့်မည်နည်း။ ညီနောင်များ၏ အသက်မွေးဝမ်းကြောင်းမှာ အဘယ်သို့များ တည်ငြိမ်နိုင်တော့မည်နည်း။

ထို့ပြင် ခန်းမအရှင်သခင်ဟောင်း၏ အလောင်းမှာ အေးပင် မအေးစက်သေးပေ။ သို့သော် ယခု၌ ဤလူများသည် ခန်းမအရှင်သခင်ဟောင်းမှ အသက်နှင့်ရင်း၍ တိုက်ခိုက်ယူခဲ့သည့် လမ်းမကြီးများကို လိုချင်တပ်မက်နေကြသည်။ ကျားဖြူခန်းမ၏ ညီနောင်များသည်လည်း ဤကိစ္စကို အဘယ်သို့များ လက်ခံနိုင်ကြပါမည်နည်း။

သို့ဖြင့် စစ်ရှီးသည် စိတ်လိုက်မာန်ပါဖြင့် ပြောလိုက်လေသည်။ စစ်ရှီး၏စကားကြောင့် ချင်းယင်၏မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်သွားရပြီး မာဆတ်ဆတ်ဖြတ်ပြောသည်။

“မင်းက ဘာမို့လိုလဲ။ ငါက မင်းရဲ့ခန်းမအရှင်သခင်နဲ့ စကားပြောနေတာ။ မင်းက ဘာကောင်မို့လို့ ဝင်ပြောရတာလဲ။ ထွက်သွားစမ်း!”

“ခင်ဗျား၊ သခင်ကြီး ဒါကို သဘောတူလိုက်လို့ မဖြစ်ပါဘူး!”

တစ်ဖက်ရှိ နန်ပါးထျန်းသည်တော့ ဘာမျှမပြောပေ။ ဖုန်းရွှမ်ကိုသာ ကြည့်နေခဲ့သည်။ အတိအကျဆိုရသော် နန်ပါးထျန်းသည်လည်း ဖုန်းရွှမ်ကို စစ်ဆေးနေခြင်းဖြစ်သည်။ ဤသည်မှာ နာခံမှုစစ်ဆေးခြင်း ဖြစ်ပေသည်။

ချင်းယင်မှ ပြောသည်။

“ခေါင်းဆောင် ကျေးဇူးပြုပြီး တရားမျှတစွာ ဆုံးဖြတ်ပေးပါ”

အပြည့်အဝ နားလည်နေကြရာ ဤတစ်ကြိမ်တွင် ချင်းယင်သည် အားစိုက်ထုတ်ထားပြီး ပေးလျော်ရန် ထိုက်တန်ပေသည်။ နန်ပါးထျန်းမှ ရယ်မောလိုက်ပြီး ပြောသည်။

“ဟားဟား ဟုတ်ပါရဲ့။ အဲဒီတုန်းက ဆရာတူအစ်ကိုက နည်းနည်းတော့ အလွန်အကြူးလုပ်ခဲ့တယ်။ လင်းယုန်ခန်းမရဲ့ နယ်မြေဖြစ်တဲ့ ယုံချန်လမ်းမကြီးက လင်းယုန်ခန်းမရဲ့အပိုင်ပဲ ဖြစ်သင့်တာပါ”

“ဘယ်လိုသဘောရလဲ ခန်းမအရှင်သခင်ဖုန်း”

ထိုအခါ ဖုန်းရွှမ်သည် တောင်းပန်တိုးလျှိုးဟန်သော မျက်နှာအမူအရာဖြင့် ရုတ်ချည်း တုံ့ပြန်သည်။

“ဟုတ်တယ် ဟုတ်တယ်။ ယုံချန်လမ်းမကြီးက လင်းယုန်ခန်းမရဲ့အပိုင် ဟုတ်ပါတယ်”

“ကောင်းပြီ ခန်းမအရှင်သခင်ဖုန်း၊ မင်းက ပွင့်လင်းတဲ့သူပဲ၊ ငါသဘောကျတယ်။ ငါ မနက်ဖြန်ကျရင် ယုံချန်လမ်းမကို လက်လွှဲယူဖို့ လူလွှတ်လိုက်မယ်။ အဲဒီအခါကျ ခန်းမအရှင်သခင်ဖုန်း စကားမပြောင်းရဘူးနော်”

“သခင်ကြီး!”

“ပါးစပ်ပိတ်ထား။ ဟားဟား ခန်းမအရှင်သခင်ချင်း မစိုးရိမ်ပါနဲ့။ ကျွန်တော် ပြောပြီးသားစကားကို ပြန်မရုတ်သိမ်းပါဘူး”

ဖုန်းရွှမ်သည် စစ်ရှီးကို တင်းမာခက်ထန်စွာ ကြိမ်းမောင်းလိုက်သည်။ ထို့နောက် ဝမ်းပန်းတသာ ရယ်မောလျက် ချင်းယင်ကို စိတ်ချစေသည်။

“ကောင်းတယ် ကောင်းတယ်။ ခန်းမအရှင်သခင်ဖုန်းက တကယ့်ကို ဖန်းရှစ်ကျုံးထက် ပိုပြီး ခန်းမအရှင်သခင်လုပ်ဖို့ ပိုသင့်တော်တာပဲ။ ဟားဟားဟား… ကျုပ် မင်းကို အရမ်းမျှော်လင့်နေမိပြီဗျာ”

အမြတ်အစွန်းများကို ခွဲဝေပြီးနောက် ချင်းယင်သည် အလွန်ပျော်ရွှင်နေခဲ့သည်။

အို ယုံချန်လမ်းမကြီးကလည်း အသားပြည့်တဲ့အသားတစ်ပိုင်းပါပဲ။

သူ၏လင်းယုန်ခန်းမသည် ကျားဖြူခန်းမထက် အမြဲ ပို၍ နိမ့်ကျနေခဲ့သည်။ ကျားဖြူခန်းမသည် လမ်းလေးခုပိုင်ဆိုင်ပြီး လင်းယုန်ခန်းမသည် လမ်းသုံးခုသာ ပိုင်ဆိုင်၏။ သူသည် ထိုအခြင်းအရာနှင့်ပတ်သက်ပြီး အမြဲ မကျေမနပ်ဖြစ်နေခဲ့သည်။ သို့သော် ယခု၌ ယုံချန်လမ်းမဟူသည့် အသားပြည့်ရွှမ်းသည့် အသားတစ်ပိုင်းကို ကိုက်ခဲနိုင်လိုက်ပြီးဖြစ်ရာ သူ့အတွက် အကျိုးအမြတ်ကြွယ်ဝသည်ဟု ဆိုနိုင်ပေသည်။

ဤသို့ကြည့်သော် ဖန်းရှစ်ကျုံး၏ သေဆုံးမှုသည် အတော်လေး အချိန်ကိုက်ဖြစ်၏။

ဖန်းရှစ်ကျုံး၏သေဆုံးမှုဖြင့် ကျားဖြူခန်းမသည် ဖုန်းရွှမ်၏လက်ထဲသို့ ကျရောက်သွားခဲ့သည်။ ဖုန်းရွှမ်သည် ခေါင်းဆောင်မှ ခွေးတစ်ကောင်ကဲ့သို့ လေ့ကျင့်ထားသူဖြစ်သောကြောင့် မည်မည်ရရ အရေးမပါလှဟု ဆိုနိုင်ပေသည်။

ထို့ပြင် ဖုန်းရွှမ်သည် သူပိုင်ဆိုင်ထားသည့် အသားတုံးများကိုပင် ကမ်းလှမ်းနေခဲ့သေး၏။ နန်ရေကန်ကို အတွင်းခန်းမမှ ပိုင်ဆိုင်သွားပြီး သူကိုယ်တိုင်သည်တော့ ယုံချန်လမ်းမကို ပိုင်ဆိုင်ရမည်ဖြစ်၏။ သို့ဖြစ်ရာ သူသည် အနည်းဆုံးတော့ လူနှစ်ရာခန့်ပို၍ ပျိုးထောင်နိုင်တော့ပေမည်။

ချင်းယင်မှ ထိုသို့တွေးနေစဉ် ဖုန်းရွှမ်မှ ဆက်ပြောသည်။

“ခေါင်းဆောင်က ကျွန်တော့်ရဲ့ သစ္စာရှိမှုကို စမ်းသပ်စစ်ဆေးချင်တာ ကျွန်တော်သိပါတယ်”

“ကျွန်တော်က ခေါင်းဆောင်အပေါ် စိတ်နှလုံးတစ်ခုလုံးနဲ့ သစ္စာစောင့်သိတာပါလို့ပဲ ကျွန်တော်ပြောချင်တာပါ။ အဲဒါကြောင့် ကျွန်တော့်ရဲ့ ရပ်တည်ချက်ခိုင်မာပြတ်သားမှုကို ပြသဖို့အတွက် နန်ရေကန်နဲ့ ယုံချန်လမ်းမကြီးအပြင် မြောက်ပိုင်းတောင် သံသတ္တုတွင်းကိုပါ ခေါင်းဆောင်ထံ လွှဲပြောင်းပေးဖို့ ဆန္ဒရှိပါတယ်”

“ဗျာ!”

ထိုစကားတွင် စစ်ရှီးသာမက ဘေးတွင်ရပ်နေသည့် ဖချိုက်လည်း မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားပြီး ဖုန်းရွှမ်ကို ကြည့်လာကြသည်။

မြောက်ပိုင်းတောင်သတ္တုတွင်းကိုပါ ပေးလိုက်မလို့လား– သခင်ကြီး စိတ်လွတ်သွားပြီလား?

သံဆိုတာက စစ်တပ်အသုံးအဆောင်ပစ္စည်းပဲ။ ပေးမယ်ဆိုတိုင်း ပေးပစ်လို့ရတဲ့အရာ မဟုတ်ဘူးလေ။

အတိအကျဆိုသော် ကျားဖြူခန်းမ၏ လုပ်ငန်းများထဲတွင် သံသတ္တုတွင်းသည် လမ်းမများ၏ တစ်ဝက်စာခန့် ဝင်ငွေရှိသည်ဟု သတ်မှတ်နိုင်ပေသည်။ သို့သော် ဤသတ္တုတွင်း၏ အမှတ်သင်္ကေတအဓိပ္ပာယ်သည် ပို၍ ကြီးလေးသည်။

မျန့်ရွှေ၏ မြောက်ပိုင်းတောင် သံသတ္တုတွင်းသည် ချောင်ကုန်သည်အဖွဲ့နှင့် ငါးဖမ်းကုန်သည်အဖွဲ့သာလျှင် တူးဖော်ခွင့်ရရှိသည့် သတ္တုတွင်းလုပ်ငန်းဖြစ်သည်။ ထို့ကြောင့် အဖွဲ့အစည်းနှစ်ခုစလုံးကို အဓိက အင်အားကြီး အဖွဲ့အစည်းကြီးများဟု သတ်မှတ်နိုင်၏။

ချောင်ကုန်သည်အဖွဲ့နှင့် ငါဖမ်းကုန်သည်အဖွဲ့မှ သီးသန့်ဖြစ်သော ကျားဖြူခန်းမသာလျှင် သီးသန့်သတ္တုတူးဖော်နိုင်ပြီး မျန့်ရွှေ၏ နံပါတ်တစ်ခန်းမကြီးဟု ကျော်ကြားသည်။

သို့သော် သတ္တုတွင်းလုပ်ပိုင်ခွင့်ကို လက်လွှဲပေးလိုက်ပါက ‘’နံပါတစ်ခန်းမ ကျားဖြူခန်းမ'ဟူသည် ဆက်လက်၍ တည်ရှိတော့မည် မဟုတ်ပေ။

ကျားဖြူခန်းမသည် လမ်းမသုံးခုကို စီမံရသည့် သာမန်ခန်းမတစ်ခု ဖြစ်သွားလိမ့်မည်ဖြစ်ပြီး ငါးဖမ်းကုန်သည်အဖွဲ့ကို မှီခို၍သာ ရှင်သန်နိုင်တော့ပေလိမ့်မည်။

တစ်နည်းဆိုရသော် သစ္စာစောင့်သိမှုကို သက်သေပြရန်အတွက် ဖုန်းရွှမ်သည် လက်ထဲမှ လက်နက်များကို လွှတ်ချပြီး မြေပြင်တွင် ဒူးထောက်ကာ ကျားဖြူခန်းမနှင့်အတူ ခွေးတစ်ကောင်ကဲ့သို့ ‌နေထိုင်သွားတော့မည်ဖြစ်သည်။

ဖုန်းရွှမ်သည်တော့ ဘာကိုမျှ ဂရုမစိုက်ပေ။ သူဂရုစိုက်သည်မှာ အင်အားအာဏာနှင့် ခန်းမအရှင်သခင်ဟူသည့် ရာထူးနေရာသာ ဖြစ်သည်။

လက်မလွှတ်ပါဘဲနှင့် သူအဘယ်သို့များ ဖန်းရှစ်ကျုံးကို လျှို့ဝှက်ကြံစည်နိုင်ပါမည်နည်း။ သူလက်လွှတ်ပေးလိုက်ရုံဖြင့် ကျားဖြူခန်းမ၏ ခန်းမအရှင်သခင်ဖြစ်လာနိုင်ပြီး ဂုဏ်သရေ၊ အင်အားအာဏာနှင့် ချမ်းသာကြွယ်ဝမှုတို့ကို ပိုင်ဆိုင်နိုင်လိမ့်မည်။ ထို့နောက်တွင် ကျားဖြူခန်းမ၏ အဆင့်အတန်း မည်သို့မည်ပုံ ဖြစ်သွားသည်‌ဖြစ်စေ ကျားဖြူခန်းမအဖွဲ့သားများ မည်မျှ ခက်ခဲသွားရလိမ့်မည်ဖြစ်စေ သူဂရုမစိုက်ပါချေ…

သူဂရုစိုက်သည်မှာ အင်အားအာဏာသာ ဖြစ်ပါ၏။

ယခုတွင် သူသည် မိမိ၏ မွေးစားအဖေကိုပင် သတ်ခဲ့ပြီးဖြစ်ကာ ခြေတစ်လှမ်းသာ ကျန်ရစ်တော့၏။

အဲဒါကို ငါက အခုမှ လက်လွှတ်လိုက်ရမှာလား။

လက်မလွှတ်နိုင်မှာတော့ အကုန်လောင်းကြေးထပ်ရမှာပဲ!

ယခုအခြေအနေမှာ ဘာမျှမလုပ်လို့မရသည့် အခြေအနေဖြစ်ရာ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ အစွမ်းကုန် လောင်းကြေးထပ်ရန် ဖြစ်၏။

နန်ပါးထျန်း ခင်ဗျားက ကျုပ်ရဲ့ သစ္စာရှိမှုကို စမ်းသပ်ချင်တာ မဟုတ်လား။ ကောင်းပြီ၊ ကျုပ်ရဲ့သစ္စာစောင့်သိမှုကို သေချာပြပေးမယ်!

ခင်ဗျား စိတ်ကူးထားတာထက် ပိုတဲ့ သစ္စာစောင့်သိမှုကို ပြပေးမယ်!

ဖုန်းရွှမ်သည် အမှန်တကယ်ပင် နန်ပါးထျန်း မျှော်လင့်ထားသည်ထက် ကျော်လွန်ခဲ့ပါသည်။ ဖုန်းရွှမ်သည် သံသတ္တုတွင်းကိုပါ လက်လွှဲပေးလာလိမ့်မည်ဟု နန်ပါးထျန်း မျှော်လင့်မထားခဲ့ပေ။ ထို့ကြောင့် နန်ပါးထျန်းသည် အလွန်စိတ်ကျေနပ်သွားခဲ့သည်။

တကယ်လိမ္မာတဲ့ခွေးပဲ!

သူအရမ်းကျေနပ်နေခဲ့၏။

နန်ပါးထျန်းမှ ပြုံးလိုက်သည်။

“မဆိုးဘူး။ ဒါဆို ငါ ကျန်တာတွေ မင်းတို့လက်ထဲ လွှဲထားခဲ့တော့မယ်”

ထို့နောက် နန်ပါးထျန်းသည် အတွင်းခန်းမသခင် ထန်ဇီယွဲ့နှင့်အတူ ထွက်ခွာသွားခဲ့သည်။ အပြင်ရောက်သည်နှင့် နန်ပါးထျန်းမှ ထန်ဇီယွဲ့ကို မေး၏။

“မင်း ဖုန်းရွှမ်ကို ဘယ်လိုသဘောရလဲ”

“လိုက်လျောညီထွေရှိပြီး အဆင်အခြင်မဲ့တယ်။ တကယ့်ကို သန်မာတဲ့လူမျိုးပဲ။ ဒါပေမဲ့ တွက်ချက်တတ်လွန်းတာတော့ နှမြောစရာပဲ။ လူတစ်ယောက်က အမြဲ အရိပ်ထဲမှာ ပုန်းပြီးချောင်းနေမယ်ဆိုရင် သူက ကျားတစ်ကောင် မဟုတ်ခဲ့ရင်တောင်မှ ‌ကြွက်တစ်ကောင်ဖြစ်လာလိမ့်မယ်”

နန်ပါးထျန်းမှ ရယ်မော၏။

“ကြွက်တွေက ကောင်းတယ်။ ထိန်းချုပ်ရလွယ်တယ်။ ကျားဖြူခန်းမက ကြွက်တစ်ကောင်လက်ထဲ ရှိနေမယ်ဆိုရင် ငါစိတ်ချနိုင်ပြီ ဟားဟားဟား…”

အခန်းထဲ၌

ချင်းယင်သည် လက်ဝှေ့ယမ်းလျက် ဖုန်းရွှမ်ကို ပြောသည်။

“ကျုပ်သွားပြီ။ မှောင်ခိုဈေးကွက်ကိစ္စကို စိတ်မပူပါနဲ့။ ကျုပ် မင်းအတွက် သေချာစောင့်ကြည့်ပေးထားမယ်။ ဪ ဒါနဲ့ မနက်ဖြန် ယုံချန်လမ်းမကို လက်လွှဲပေးဖို့ မမေ့နဲ့ဦး။ လင်းယုန်ခန်းမက သေချာအုပ်ချုပ်ပေးပါ့မယ်”

ထိုသို့ပြောပြီးနောက် ချင်းယင်သည် လက်ဝှေ့ယမ်းလျက် ထွက်သွားတော့သည်။

ချင်းယင်၏ မောက်မာထောင်လွှားပုံကို ကြည့်လျက် စစ်ရှီးသည် ဆက်လက်၍ သည်းမခံနိုင်တော့ပေ။ အမြန်ပြေးလာပြီး ပြော၏။

“သခင်ကြီး ဘယ်လိုလုပ်ပြီး နန်ရေကန်၊ ယုံချန်လမ်းမကြီးနဲ့ သံသတ္တု‌တွင်းကို လက်လွှဲပေးဖို့ သဘောတူလိုက်ရတာလဲ။ အဲဒီလိုပေးလိုက်ရင် ကျွန်တော်တို့ကျားဖြူခန်းမက အင်အားတစ်ဝက်လောက် ဆုံးရှုံးသွားရမှာပေါ့။ ပေးလိုက်လို့ မဖြစ်ပါဘူး”

All Chapters