ဇနီး: ယောက်ျား၊ ကျွန်မ ရှင်ပြန်လာတာကို စောင့်နေမယ်_၃
Vol. 26 Ch. 364
“အဲဒီတော့ ဘာဖြစ်လဲ”
ဖုန်းရွှမ် စစ်ရှီးကို လှည့်ကြည့်လိုက်သည်။
ဖုန်းရွှမ်၏ မျက်လုံးများထဲရှိ သတ်ဖြတ်လိုခြင်းအငွေ့အသက်ဆီမှ စစ်ရှီး ခြေလှမ်းဝက်ခန့် နောက်ဆုတ်လိုက်သည်။ ထိုစဉ် ဖုန်းရွှမ်မှ ပြောသည်။
“စစ်ရှီး မင်းက ငါ့ရဲ့လက်အောက်ငယ်သားသက်သက်ပဲ။ နောက်ကို ဒီလိုအခြေအနေမျိုးကြုံလာခဲ့ရင် မင်းအနေနဲ့ ဒီလိုမျိုး ပြောချင်ရာပြောခွင့်မရှိဘူး။ ဒီနေ့လိုမျိုး နောက်ထပ်ဖြစ်လာခဲ့ရင် အစေခံနဲ့ သခင်ကြားက သစ္စာစောင့်သိမှုကို မစဉ်းစားပေးဘူးဆိုပြီး ငါ့ကို အပြစ်မတင်ပါနဲ့။ နားလည်လား”
စစ်ရှီးသည် ဖုန်းရွှမ်၏ ရုတ်တရက်ဆန်သော နှလုံးသားကင်းမဲ့ဟန်ကြောင့် ကြောက်ရွံ့သွားခဲ့သည်။ သို့ဖြင့် ထိုတဒင်္ဂအတွင်း ပြန်လည်တုံ့ပြန်ရန် မေ့လျော့သွားခဲ့၏။
ထိုအခါ ဖချိုက်သည် စစ်ရှီးကို ရုတ်ချည်း တံတောင်ဖြင့်တို့ထိ၍ သတိပေးလိုက်သည်။ ထို့နောက် ပြောသည်။
“သခင်ကြီး သူနားလည်ပါတယ်”
ဖုန်းရွှမ်သည် ဖချိုက်ကို ကြည့်လိုက်ပြီးနောက် ပြောသည်။
“ဒီနေ့ကစပြီးတော့ ကျားဖြူခန်းမက ငါတို့အပိုင်ပဲ။ ငါတို့ စည်းမျဉ်းအချို့ သတ်မှတ်ဖို့လိုတယ်။ တစ်ယောက်ယောက်က အရင်လိုမျိုး ထိန်းမနိုင်သိမ်းမရပြုမူလာခဲ့ရင် ငါသက်ညှာနေမှာ မဟုတ်ဘူး!”
“နားလည်လား စစ်ရှီး!”
စစ်ရှီးသည် ဖုန်းရွှမ်ကို နက်ရှိုင်းစွာ ငေးစိုက်ကြည့်နေခဲ့သည်။ ထို့နောက် လက်သီးယှက်အရိုအသေပြုလျက် ပြောသည်။
“ဒီငယ်သား နားလည်ပါတယ်”
“သွားတော့”
“ဟုတ်ကဲ့”
ထိုသို့ပြောပြီးနောက် စစ်ရှီး လှည့်ထွက်သွားခဲ့သည်။ ထိုအခါ ဖချိုက်မှ ဖုန်းရွှမ်ကို ပြောသည်။
“သခင်၊ စစ်ရှီးက ဒီတိုင်း အခြေအနေနဲ့ ညှိယူတာမှာ နှေးကွေးလို့ပါ။ တမင်သက်သက် သခင့်ရဲ့အာဏာကို မေးခွန်းထုတ်တာ မဟုတ်ရပါဘူး”
ဖုန်းရွှမ်မှ ပြောသည်။
“ဒီလိုဖြစ်ရတာ ပုံမှန်ဆို အလိုလိုက်လွန်းတာကြောင့်ပဲ”
ဖချိုက် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောသည်။
“သခင် ဒီနေ့ ခေါင်းဆောင်ကို အများကြီး ကတိပေးလိုက်ရင် ခန်းမထဲက တခြားသူတွေ သဘောမတူမှာ စိုးမိပါတယ်”
“ဘယ်သူလဲ”
“ဖန့်ဖူပါ”
“ဟက် သူက အိုနေပြီ။ အငြိမ်းစားယူသင့်နေပြီ”
“ပြီးတော့ သခင်၃ကရော?”
ဖုန်းရွှမ်မှ ပြောသည်။
“စိတ်ထားရိုးရှင်းလွန်းတယ်။ စီမံအုပ်ချုပ်ဖို့အတွက် မသင့်တော်ဘူး။ သူ့ကို ဖယ်လိုက်လို့ရတယ်”
“သခင်၆လည်း ရှိသေးတယ်”
“အသုံးမကျဆုံးသူက သူပဲ။ သူက ချန်ကျိုစစ်ရဲ့ နောက်လိုက်ပဲ။ ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည်ကြောင့် မဟုတ်ခဲ့ရင် ငါသူ့ကို တစ်ခုခုလုပ်ပြီးနေတာ ကြာလှပြီ။ သူနဲ့ ညီငယ်၃ကို မွေးစားအဖေရဲ့ဈာပနကို ပြင်ဆင်ဖို့အတွက်သာ တာဝန်စီစဉ်ပေးလိုက်”
“ဈာပနအခမ်းအနားပြီးရင် သူတို့ကို အရေးမပါတဲ့ ရာထူးနေရာတွေသာ ပေးထားလိုက်”
ဖချိုက်မှ ပြောသည်။
“ဒါက… သူတို့ သဘောမတူလောက်ဘူး”
ဖုန်းရွှမ်မှ ဖချိုက်ကိုကြည့်၍ ပြောသည်။
“သဘောမတူဘူးတဲ့လား။ ဟက် အဲဒါက သူတို့အပေါ် မူတည်တာမှ မဟုတ်ဘဲ။ ဒီလောကမှာ လက်သီးအားအပြင်းဆုံးသူကသာ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချနိုင်တာ။ ငါက အဲဒီသံမဏိအရိုးအဆင့်ဖုန်းရွှမ် မဟုတ်တော့ဘူး!”
ထိုအခါ ဖချိုက်မှ ပြောသည်။
“ပြီးတော့ နန်ရေကန်၊ ယုံချန်လမ်းမ၊ သံသတ္တုတွင်းတွေ မရှိတော့ရင် ကျွန်တော်တို့ရဲ့ဝင်ငွေက အနည်းဆုံး ထက်ဝက်လျော့သွားမှာပါ။ ကျွန်တော်တို့ ခန်းမထဲက အဖွဲ့သားတွေကို လျှော့ချသင့်လား”
ဖုန်းရွှမ်မှ ပြောသည်။
“မဖြစ်ဘူး။ လူအင်အားနဲ့ မြင်းတွေက ငါတို့ခန်းမ ရပ်တည်နိုင်ဖို့ အခြေခံအုတ်မြစ်ပဲ။ ငါတို့ လူအင်အားလျှော့ချလို့ မဖြစ်ဘူး။ အဖွဲ့သားတွေကို အကြောင်းကြားလိုက်။ ငါးဖမ်းလုပ်ငန်းခွန်တွေကို နှစ်ဆတင်ပြီး လမ်းမတွေရဲ့ ကာကွယ်ခကိုလည်း ၅၀ရာခိုင်နှုန်း တိုးကောက်မယ်လို့။ ပြီးတော့ ခက်ခဲကျပ်တည်းနေတဲ့ အခြေအနေတွေကြောင့် အဖွဲ့သားအားလုံးရဲ့ လစာတွေကို သုံးဆယ်ရာခိုင်နှုန်း လျှော့ချမယ်လို့လည်း ပြောလိုက်ပါ”
“အာ ညီနောင်တွက အဲဒီလိုလုပ်ဖို့ သဘောမတူလောက်ဘူးထင်တယ်နော်”
ဖုန်းရွှမ်မှ ပြောသည်။
“အင်း အဲဒီလိုဆိုရင်တော့ ငါတို့အိမ်တော်အဖွဲ့သားတွေရဲ့ လစာကို လောလောဆယ် မထိကြရအောင်။ တခြားအဖွဲ့သားတွေက မကျေမနပ်ဖြစ်တာမျိုးရှိခဲ့ရင် ထွက်သွားနိုင်တယ်။ ကျားဖြူခန်းမက သုံးမရတဲ့လူတွေကို မထားဘူး”
ထိုအခါ ဖချိုက်မှ ပြောသည်။
“ဟုတ်ကဲ့ ဒီငယ်သား အခုပဲ စီစဉ်လိုက်ပါမယ်”
ဖုန်းရွှမ်မှ ပြောသည်။
“အင်း နောက်တစ်ခုက မှောင်ခိုဈေးကို အမြဲမပြတ် စောင့်ကြည့်ထား။ ချန်ကျိုစစ်ကို ရှာတွေ့ခဲ့ရင် ချက်ချင်း ဖမ်းလိုက်။ ငါတို့ သူ့ကို လွတ်သွားလို့မဖြစ်ဘူး။ သူက ငါတို့အတွက် ခြိမ်းခြောက်မှုကြီးပဲ!”
“စိတ်ချထားပါ ခန်းမအရှင်သခင်။ မနက်ဖြန်က စပြီးတော့ မျန့်ရွှေစီရင်စုတစ်ခွင်လုံးမှာ သိုင်းလောကသတ်ဖြတ်ခြင်းအမိန့်တော်ကို ထုတ်ပြန်ပြီးဖြစ်မှာပါ”
ဖုန်းရွှမ်မှ ပြောသည်။
“ဟက် သူ့ကို သေချာပေါက် ဖမ်းရမယ်။ သူမသေမချင်း ငါစိတ်အေးနိုင်မှာ မဟုတ်ဘူး!”
ထိုအခါ ဖချိုက်သည် ချက်ချင်း အရိုအသေပြုလျက် ပြန်ပြောသည်။
“ဟုတ်ကဲ့ပါ ခန်းမအရှင်သခင်!”
…
ညသန်းခေါင်အချိန် ယီးဟုန်ဂေဟာ၌
[ဒီနေ့အတွက် နောက်ဆုံးရ သတင်းအချက်အလက်များကို မြင့်တင်ပြီးပါပြီ (အဆင့်၂)]
[သင်ဒီနေ့ မျက်မမြင်လူကြီးနှင့် ဆုံတွေ့ခဲ့ပြီး ရရှိခဲ့တဲ့ အချက်အလက်ဖြစ်ပါတယ်။ မျက်မမြင်လူကြီးက မျန့်ရွှေသား မဟုတ်ပါဘူး။ သူ့ရဲ့မျိုးရိုးနာမည်က ယွမ်ဖြစ်ပါတယ်။ သူက လောကထိပ်တန်းပညာရှင်ကြီးသုံးဦးအနက်မှ တစ်ဦးဖြစ်တဲ့ ယွမ်စန်းကျားဖြစ်ပြီး သိုင်းလောကမှာ နှစ်ပေါင်း၆၀ကြာ ထန်မင်းဆက်ခေတ်မှာ လူသိများထင်ရှားလာခဲ့တဲ့ ဂမ္ဘီရပညာရှင်ကြီး ယွမ်ထျန်းကန်းရဲ့မျိုးဆက် ဖြစ်ပါတယ်]
[၂။ သင်ဒီနေ့ ဟွားသျဲ့ကိုတွေ့ခဲ့ပြီး ရခဲ့တဲ့ အချက်အလက်ဖြစ်ပါတယ်။ ဟွားသျဲ့က နန်ပါးထျန်း အလွန်တရာ အားစိုက်ထုတ်ပြီး ရင်းနှီးမြှုပ်နှံထားတဲ့ အရည်အချင်းရှိသူတစ်ယောက် ဖြစ်ပါတယ်။ ပြီးတော့လည်း သူ ၅နှစ်ကြာ စီစဉ်ထားခဲ့တဲ့ ဖန်းရှစ်ကျုံးကို ဖြုတ်ချမည့်နည်းဗျူဟာမှာ ပါဝင်တဲ့ ထက်မြက်တဲ့ အကွက်တစ်ခုလည်း ဖြစ်ပါတယ်]
[၃။ သင်ဒီနေ့ ဖုန်းရွှမ်ကို တွေ့ခဲ့ပြီး ရရှိခဲ့တဲ့ အချက်အလက်ဖြစ်ပါတယ်။ ဖန်းရှစ်ကျုံးဟာ ဖုန်းရွှမ်ရဲ့လက်ထဲမှာ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဖုန်းရွှမ်က နန်ပါးထျန်းဆီကနေ အမွေရခဲ့တာကြောင့် သံမဏိလက်ဝါးသိုင်းကို တတ်မြောက်ပါတယ်။ ဆရာဖြစ်သူက ရေခဲစိတ်စွမ်းအင်သိုင်းနဲ့ သံမဏိလက်ဝါးသိုင်းတွေကို လက်ဆင့်ကမ်းပေးခဲ့စဉ်က နန်ပါးထျန်းက ရေခဲစိတ်စွမ်းအင်သိုင်းကို ရွေးချယ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆရာတူညီမဖြစ်သူရဲ့ အကူအညီနဲ့ ဖန်းရှစ်ကျုံး မသိအောင် သံမဏိလက်ဝါးသိုင်းကျမ်းကို ခိုးယူခဲ့ပါတယ်။ အဲဒါကြောင့် နန်ပါးထျန်းက သံမဏိလက်ဝါးသိုင်းကို တတ်မြောက်ထားပြီး ဖန်းရှစ်ကျုံးကတော့ မသိပါဘူး]
[၄။ သင်ဒီနေ့ ဖုန်းရွှမ်ကို တွေ့ခဲ့ပြီး ရရှိခဲ့တဲ့ အချက်အလက်ဖြစ်ပါတယ်။ ဖုန်းရွှမ်က နန်ပါးထျန်းပေးတဲ့ စွမ်းအင်ပြောင်းလဲခြင်းဆေးလုံးကို သောက်သုံးခဲ့တာကြောင့် သူက စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းသွားပါပြီ]
[၅။ ဒီနေ့ သင့်ရဲ့အတွေးတွေက ရှုပ်ထွေးနေတာကြောင့် ပစ်မှတ်ထားဖော်ပြရမယ့် အချက်အလက်ကို ရှာမတွေ့ခဲ့ပါဘူး။ စနစ်က အချက်အလက်တွေကို အလိုအလျောက် ပြန်စတင်ရှာဖွေပေးလိုက်ပါတယ်။ ဖန်းရှစ်ကျုံးက မသေခင်မှာ အရမ်းခံစားသွားခဲ့ရပါတယ်။ ဖုန်းရွှမ်က သူ့ကို သတ်တော့မယ်လို့ သိလိုက်တဲ့အချိန်မှာ သူအရမ်းကိုမှ မျှော်လင့်ချက်မဲ့မှုကို ခံစားလိုက်ရပါတယ်။ သူ ဖုန်းရွှမ်ကို ဆယ်စုနှစ်တစ်ခုကျော် ပျိုးထောင်ပေးခဲ့တာကြောင့် ဖုန်းရွှမ်က ဒီလောက်အထိ နှလုံးသားမဲ့ပြီး ကျေးဇူးမသိတတ်ဖြစ်လိမ့်မယ်လို့ ဖန်းရှစ်ကျုံးက လုံးဝ မျှော်လင့်မထားခဲ့ပါဘူး။ သူက လူတွေကို သေချာခွဲခြားမကြည့်ရှုတတ်ဘဲ သင့်ရဲ့အကြံပေးမှုကို လက်မခံခဲ့မိတာကို နောင်တရနေပါတယ်။ ဒါပေမဲ့ သူဟာ အဆုံးအထိ ဟွားသျဲ့အပေါ် မုန်းတီးခြင်းမရှိခဲ့ပါဘူး။ ဟွားသျဲ့က သူ့ကို မွှေးပျံ့အရိုးပျော့ဆေးကျွေးခဲ့တယ်ဆိုတာကို သိခဲ့တာတောင်မှ ဖန်းရှစ်ကျုံးက ဟွားသျဲ့ကို မမုန်းတီးခဲ့ပါဘူး။ ဖန်းရှစ်ကျုံးအနေနဲ့ အရာရာကို သင်ကိုင်တွယ်နိုင်မယ်လို့ မျှော်လင့်ရင်း သေဆုံးသွားခဲ့ရပါတယ်။]
ချန်ကျဲ့သည် စနစ်၏ အချက်ပေးသံကို နားထောင်လိုက်ရသည်တွင် မျက်လုံးများ အနည်းငယ် တောက်ပသွား၏။
အချို့သောအချက်အလက်များသည် သူလိုအပ်နေသည့်အရာများ ဖြစ်ပေသည်။
ဤသတင်းအချက်အလက်စနစ်သည် တစ်ခါတရံတွင် ပဟေဠိဖွက်သည့် လူတစ်ယောက်ကဲ့သို့ ပြုမူတတ်ကာ စကားလုံးများကို လျှိုထားပြီး သူ့ကို ခန့်မှန်းစေတတ်ကြောင်း ချန်ကျဲ့ သိသည်။
ဥပမာဆိုရသော် ဖန်းရှစ်ကျုံး၏အမှုကဲ့သို့ ဖြစ်သည်။ စနစ်မှ ထောက်ပံ့ပေးသည့် အချက်အလက်များသည် အမှုအခြေအနေကိုသာ အမြဲ ဗဟိုပြု၍ ဝေ့ဝဲနေခဲ့သည်။
ချန်ကျဲ့မှာ ခန့်မှန်းနိုင်သည့်တိုင် အမြဲလိုလို လစ်ဟာနေသည်ဟု ခံစားနေခဲ့ရ၏။
ဒါက မျက်မမြင်လူကြီးပြောတဲ့ ကောင်းကင်ဘုံအမိန့်တော်ဆိုတာလား။
ကောင်းကင်ဘုံအမိန့်တော်၏ လုပ်ဆောင်ချက်သည် မည်သည့်အချိန်တွင် မည်သို့အဖြစ်အပျက်မျိုး ဖြစ်ပျက်ရမည်ဟု ပြဌာန်းထားခြင်းဖြစ်၏။
အဲဒီကောင်းကင်ဘုံအမိန့်တော်က သတင်းအချက်အလက်စနစ်ကို သက်ရောက်မှုရှိနေတာလား။
ခေါင်းခြောက်စရာပဲ။
ကြည့်ရတာ အနာဂတ်မှာ သတင်းအချက်အလက်စနစ်က ရှုထောင့်တစ်ခုကို ဖော်ပြတဲ့အခါ ငါကလည်း သတင်းအချက်အလက်စုဆောင်းဖို့အတွက် အထူးထောက်လှမ်းရေးအဖွဲ့အစည်းတစ်ခု ဖန်တီးထားဖို့ လိုတာပဲ။ အချက်အလက်က အသုံးဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ အကြိမ်ရေများများ ကိုးကားချက်ရှိတာက အချက်အလက်ကို ပိုပြီး တိကျစေလိမ့်မယ်။
ချန်ကျဲ့ တစ်ကိုယ်တည်းတွေးလိုက်ပြီး ဒီနေ့အတွက် အချက်အလက်များကို စတင်ကြည့်ရှုသည်။
ဤအချက်အလက်သည် ချန်ကျဲ့ကို အံ့ဩသွားစေ၏။
ဒီမျက်မမြင်လူကြီးမှာ ထူးခြားတဲ့နောက်ခံရှိနေတာပဲ။ လောကထိပ်တန်းပညာရှင်ကြီးသုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ယွမ်စန်းကျား၊ ထန်မင်းဆက်ခေတ် ဂမ္ဘီရပညာရှင်ကြီး ယွမ်ထျန်းကန်းရဲ့ မျိုးဆက်ဆိုပဲ။
ဤထုတ်ဖော်ပေးထားသည့် အချက်အလက်များအားလုံးသည် အံ့အားသင့်ဖွယ်ကောင်းပေသည်။
စာစဉ်ပြီး၏