ရန်စခြင်း
Vol. 3 Ch. 31
"ဘာလို့မဖြစ်နိုင်ရမှာလဲ ကျွန်တော်က ဒီလောက် အသက်ငယ်တာ....ကျွန်တော်ရဲ့ဆရာအဖြစ် ဟန်ဆောင်ဖို့က ဘယ်လောက်တောင် လွယ်လိုက်လဲ"
ချင်းမင်က ပြောဆိုသည်။
"မဖြစ်နိုင်တာတော့ မဟုတ်ဘူး"
ဆေးဘုရင်ချင်းယန်သည် ချီတုံချတုံဖြစ်စပြုလာပေ၏။
"ဟုတ်တယ်...ဒါပေမဲ့..."
"ဒီလိုပဲ လုပ်ကြရအောင်"
ချင်းမင်က အပြတ်ပြောလိုက်သည်။
နောက်တစ်နေ့တွင် ချင်းမင်သည် လန်းဆန်းတက်ကြွစွာ နိုးထလာပြီး အကြောဆန့်ကာ အခန်းတံခါးအပြင်ဘက်သို့ လျှောက်လှမ်းသွားသည်။
ယမန်နေ့က သူနှင့် ဆရာချင်းယန်တို့သည် ကာလအတန်ကြာ ဝေးကွာပြီးနောက် ပြန်လည်ဆုံတွေ့ခဲ့ကြရာ နှစ်ယောက်သား အချိန်ကြာကြာ စကားပြောဖြစ်ခဲ့ကြသည်။
ချင်းမင်က ချင်းယန် သယ်ဆောင်လာသော ဆေးပင်များကို အသုံးပြု၍ ဆေးလုံးအနည်းငယ် ဖော်စပ်ခဲ့လေ၏။ ထိုဆေးလုံးများအားလုံးမှာ ချင်းယန်အတွက်ပင်။
ချင်းယန်သည် သူ၏ခွန်အားကို အသုံးမချနိုင်ရသည့် အကြောင်းအရင်းမှာ သူ၏ဒန်တျန်အတွင်း၌ စိတ်ဝိညာဉ်စွမ်းအားများကို မသိုလှောင်နိုင်သောကြောင့်ပင်။
ထိုကြောင့် ချင်းမင်သည် သူ၏အလွန်ကောင်းမွန်သော ဆေးပညာကို အသုံးပြု၍ စိတ်ဝိညာဉ်စွမ်းအားများ ထုတ်လွှတ်ပေးနိုင်သည့် ဆေးလုံးတစ်မျိုးကို ဖော်စပ်ပေးလိုက်သည်။
ဤသည်ကြောင့် ချင်းယန်သည် ထိုဆေးလုံးကို သောက်သုံးလိုက်သည်နှင့် သိုင်းဘုရင်အဆင့် ခွန်အားကို ယာယီအားဖြင့် ပြန်လည်ရရှိလာပေမည်။
"ငါ့ရဲ့ သိုင်းဧကရာဇ်အဆင့် စိတ်စွမ်းအားသာ ရှိနေသေးရင် အရမ်းကောင်းမှာပဲ.."
ချင်းမင်သည် ခေါင်းခါလိုက်ပြီး ထိုလက်တွေ့မကျသော အတွေးကို ဖယ်ရှားကာ ထမင်းစားဆောင်ထံသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားလိုက်၏။
ထိုအခိုက်မှာပင် ချင်းမိသားစုအိမ်တော်၏ တံခါးမကြီးအပြင်ဘက်မှ မောက်မာထောင်လွှားသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ချင်းမင်...အခုချက်ချင်း ထွက်လာခဲ့စမ်း....နင်က ငါ့ကို ရိုက်ပြီးတော့ ထွက်ပြေးချင်တယ်ပေါ့.. နင် ပြေးလွတ်မယ်လို့ ထင်နေတာလား"
ချင်းမင်သည် မျက်မှောင်ကြုတ်ပြီး တံခါးထံသို့ လျှောက်လှမ်းသွားလိုက်သည်။ ထိုအသံသည် ချန်သခင်မလေး၏အသံဖြစ်ကြောင်း သူ ကြားရုံဖြင့် သိလိုက်သည်။
"ဘာတွေ ဆူညံနေတာလဲ"
ချင်းမင်က တံခါးမကြီးထံသို့ လျှောက်လှမ်းသွားပြီး မောက်မာထောင်လွှားစွာ အော်ဟစ်နေသော ချန်သခင်မလေးကို ပြောဆိုသည်။
ချန်သခင်မလေး၏နံဘေးတွင် အိမ်စေအမြောက်အများရှိနေကာ အနက်ရောင်ဝတ်စုံရှည် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးနှင့်အတူ တံခါး၏ပြင်ပတွင် မတ်တတ်ရပ်နေသည်။
ဤလူများ ပြဿနာရှာနေသည်ကိုမြင်ချိန်၌ ချင်းမိသားစုဝင်တချို့လည်း ထွက်လာကာ အခြေအနေကို စောင့်ကြည့်နေကြသည်။
"ဘာလဲ...နင်က အခုမှ ထွက်လာရဲတယ်ပေါ့....နင်က ချင်းအိမ်တော်ထဲမှာ ပုန်းနေပြီးတော့ ထွက်မလာရဲဘူးလို့ ငါက ထင်နေတာ..."
ချန်သခင်မလေးက အောင်နိုင်သူတစ်ယောက်၏လေသံဖြင့် ပြောဆိုလိုက်၏။
ချင်းမင်က သူ၏လက်ကိုကာပြပြီး တုံ့ပြန်လိုက်သည်။
"မင်း ပြောစရာရှိရင် မြန်မြန်ပြောစမ်း...ငါက မင်းတို့ကို ရိုက်ပြီးရင် ထမင်းသွားစားရအုံးမှာ...ငါ့ရဲ့ထမင်းစားချိန်ကို အနှောင့်အယှက်မပေးနဲ့..."
"နင်...."
ချန်သခင်မလေးသည် သည်းမခံနိုင်တော့ဘဲ သူမ၏ဘေးမှ အမျိုးသားကိုကြည့်ကာ ပြောဆိုလိုင်သည်။
"အစ်ကို ...သူ ကျွန်မကို အနိုင်ကျင့်နေတယ်... ကြည့်ပါအုံး"
သူမ၏နံဘေးမှ အနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် သူ့ကိုယ်သူ ယုံကြည်မှုရှိသော အပြုံးမျိုးကိုပြုံးကာ ရှေ့သို့တိုးလာပြီး ပြောဆိုသည်။
"ငါက ချန်မိသားစုက ချန်...."
"သွားစမ်းပါ....မင်း ဘယ်သူလဲဆိုတာ ငါက ဘာလို့စိတ်ဝင်စားရမှာလဲ...ငါ သိချင်တယ်လို့ မင်းထင်နေလား...မင်းဘယ်သူဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး...မြန်မြန်ထွက်သွားတော့"
ချင်းမင်က ထိုအမျိုးသား၏စကားကို ကြားဖြတ်ပြောဆိုလိုက်သည်။
"ဒါဆိုရင်တော့ မင်းရဲ့အရည်အချင်းကို ငါ လာစမ်းကြည့်ရမှာပေါ့"
အနက်ရောင်ဝတ်စုံဝတ်အမျိုးသား၏ အရှိန်အဝါများ စတင်မြင့်တက်လာသည်။
"သိုင်းဆရာကြီးအဆင့်...."
ချင်းမိသားစုဝင်များအားလုံး အံ့အားတသင့် အော်လိုက်ကြသည်။ ဤသည်မှာ အမှန်တကယ်ကို သိုင်းဆရာကြီးအဆင့် ကျင့်ကြံသူတစ်ယောက်ပင်။
ဤနေရာတွင် ရှိနေသော သိုင်းစစ်သည်တော်အဆင့် ချင်းမိသားစုဝင်များသည် သူ့ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။
"အံ့အားသင့်စရာပဲ...ချန်မိသားစုရဲ့ သားအကြီးဆုံးက သိုင်းဆရာကြီးအဆင့်ကို တက်လှမ်းသွားပြီ...ထိပ်သီးမိသားစုကြီးလေးခုကတော့ တကယ့်ကို နက်နဲသိမ်မွေ့ပါပေတယ်"
ချင်းမိသားစုဝင်များ၏ အံ့အားတသင့်ရေရွတ်သံများကို ကြားချိန်၌ ချန်သခင်မလေးသည် ပို၍ပင် ဂုဏ်ယူဝံ့ကြွားနေပေ၏။
"ချင်းမိသားစုက ကောင်စုတ်လေး... မင်းကြောက်နေပြီလား...မင်း ဒီနေရာကိုလာပြီး အကြိမ်ရေနည်းနည်းလောက် ဦးတိုက်အရိုအသေပြုရင် ငါ မင်းကို အလွတ်ပေးလိုက်မယ်"
"ဒါက အရမ်းတရားလွန်တာပဲ.."
"သူတို့က ငါတို့ရဲ့သခင်လေးချင်းကို ကောင်စုတ်လို့ခေါ်ရဲတဲ့အထိ အနိုင်ကျင့်ရဲတယ်... သူတို့ကို သေအောင်ရိုက်ကြစမ်း"
"သူက ငါတို့ရဲ့သခင်လေးကိုတောင် ဦးတိုက်အရိုအသေပြု ခိုင်းနေတယ်...ငါ တကယ်ကို ဘာပြောရမှန်းမသိတော့ဘူး...ငါတို့အားလုံး အတူပူးပေါင်းပြီးတော့ သူတို့ကို နောင်တရအောင်လုပ်ကြရအောင်"
"ဒါပေမဲ့.... ဒါပေမဲ့ သူတို့မှာ သိုင်းဆရာကြီးအဆင့်ရှိတဲ့လူ ပါနေပုံပဲ.. ငါတို့က သူတို့ကို တိုက်ခိုင်ရင်တောင် အနိုင်ရမှာ မဟုတ်ဘူး"
"ဒါ...ဒါကတော့..."
ချင်းမိသားစုဝင်များသည် အလွန်ဒေါသထွက်နေကြသော်လည်း ချန်သခင်လေး၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စိတ်ဝိညာဉ်စွမ်းအားလှိုင်းများကို မြင်ချိန်၌ သူတို့၏မျက်နှာများသည် ဆားထိထားသော ခရမ်းသီးကဲ့သို့ ညှိုးကျသွားပေ၏။