← Chapters

ကောင်းကောင်းကစားခဲ့တယ်

Vol. 3 Ch. 34

ကောင်းကောင်းကစားခဲ့တယ်

Vol. 3 Ch. 34

ချင်းမင်က ထိုသို့ပြောဆိုသည်ကို ကြားချိန်၌ အဘိုးအိုသည် သတ္တိမွေးပြီး အသေးစိတ် ရှင်းပြလိုက်၏။

အမှန်အားဖြင့် စာချုပ်ကို ဖျက်သိမ်းခဲ့သူမှာ ချန်မိသားစု၏အမွေဆက်ခံသူ ချန်သခင်လေးပင်။

သူသည် ချင်းမိသားစုနှင့် စာချုပ်ကို ဖျက်သိမ်းလိုခဲ့ပြီး ချန်မိသားစုဝင်အများစုကလည်း သဘောတူခဲ့ကြသည်။

ချန်မိသားစုက စာချုပ်ကို ဖျက်သိမ်းရသည့် အကြောင်းရင်းမှာ အမှန်တကယ်ကို ချင်းမင်နှင့် သက်ဆိုင်နေသည်။ ချင်းမင်သည် ချန်မိသားစု၏သခင်မလေးနှင့် သခင်လေးတို့ကို ရိုက်နှက်ခဲ့လေ၏။

ထိုကြောင့် ချန်သခင်လေးသည် ဒေါသထွက်သွားကာ ချင်းမိသားစုနှင့် စာချုပ်ဖျက်သိမ်းရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

"တရားလွန်လိုက်တာ..."

ချင်းယွမ်က စားပွဲကို ပြင်းထန်စွာ ရိုက်ချပြီး မတ်တတ်ထရပ်ကာ ပြောဆိုသည်။

"ဒီချန်မိသားစုကတော့ အရမ်းတရားလွန်တယ်...လူငယ်မျိုးဆက်သစ်တွေကြားက ရန်ပွဲက သာမန်ကိစ္စတစ်ခုထက်မပိုဘူး....ဒီကိစ္စလေးတစ်ခုနဲ့ မိသားစုတွေ ဝင်ပါရတဲ့အဆင့်အထိ ဖြစ်သွားတာလား..."

လျိုမြို့သည် မူလကတည်းက မကြီးမားသောကြောင့် လူငယ်မျိုးဆက်သစ်များ ရန်ဖြစ်ကြခြင်းမှာ သာမန်ကိစ္စပင်။

အကယ်၍ မျိုးဆက်သစ်များကြားက ရန်ပွဲသည် မိသားစုများအကြားမှ ပဋိပက္ခအထိ ကြီးထွားလာပါက လျိုမြို့ရှိမိသားစုများသည် မည်သည့်အလုပ်မျှ လုပ်ကိုင်ရတော့မည်မဟုတ်ချေ။

သူတို့သည် တစ်နေ့လုံး လူငယ်မျိုးဆက်သစ်များ၏ကိစ္စများဖြင့်သာ အချိန်ကုန်နေပေလိမ့်မည်။

ချင်းမင်သည်လည်း ခေါင်းခါလိုက်သည်။ ချန်သခင်လေးသည် ဤမျှထိ စိတ်ထားသေးသိမ်လိမ့်မည်ဟု သူ တွေးထင်မထားခဲ့ချေ။

သူ့ကို တိုက်ခိုက်၍ မနိုင်သဖြင့် မိသားစု၏ သြဇာအာဏာကို ထုတ်သုံးပြီး ချန်မိသားစု၏ အင်အားဖြင့် သူတို့ကို အနိုင်ကျင့်နေသည်။

ထိုအချိန်တွင် ချင်းမိသားစု၏တခြားအကြီးအကဲများသည်လည်း ချန်မိသားစုနှင့် စာချုပ်ဖျက်သိမ်းသည့်သတင်းကို ကြားရပြီးနောက် အပြေးအလွှား ရောက်ရှိလာကြသည်။

"အဖေ...တကယ်တော့ သူတို့နဲ့ ကျွန်တော်တို့ ရန်ဖြစ်ပြီး အိမ်ရှေ့အထိ ရောက်လာရတဲ့အကြောင်းအရင်းက မနေ့က စခဲ့တာပါ..."

ချင်းမင်သည် မနေ့က ချန်သခင်မလေးမှ သူ၏ညီမချင်းချင်းကို အနိုင်ကျင့်ခဲ့သည့်အကြောင်းအား အသေးစိတ် ပြောပြလိုက်သည်။

"သူတို့က ဘယ်လိုသတ္တိမျိုးနဲ့ ငါတို့ချင်းမိသားစုရဲ့ရတနာလေးကို ရိုက်ရဲတာလဲ.. ငါတို့က သူတို့နဲ့ အဆုံးထိ တိုက်ခိုက်မယ်"

အကြီးအကဲများအားလုံး ဒေါသထွက်သွားကြသည်။ ချင်းချင်းသည် သူတို့၏မျက်စိရှေ့တွင် ကြီးပြင်းလာသော ကလေးဖြစ်ပြီး သူတို့၏ လက်ဝါးပေါ်မှ ရတနာလေးပင်။ ယခုချိန်၌ အပြင်လူတစ်ယောက်သည် သူမအား ရိုက်နှက်သည်ကို သူတို့ မည်သည်ကြောင့် လက်ပိုက်ကြည့်နေနိုင်မည်နည်း။

ထို့ပြင် သူတို့သည် ရိုက်နှက်ရုံမျှသာမကဘဲ ယနေ့တွင် ချင်းမိသားစုအိမ်ရှေ့တံခါးဝအထိ လာရောက်ရန်စခဲ့ပေ၏။ ဤသည်မှာ အမှန်တကယ်ကို သည်းမခံနိုင်ဖွယ် ကိစ္စတစ်ရပ်ပင်။

"ဒါပေမဲ့ ငါတို့မိသားစုမှာ ဆေးပညာရှင် မရှိဘူး... ချန်မိသားစုကို ဘယ်လိုတိုက်ခိုက်ကြမလဲ"

အကြီးအကဲတစ်ဦးက ပြောဆိုသည်။

အချိန်တစ်ခဏအတွင်းမှာပင် ဒေါသထွက်နေသော အကြီးအကဲများ၏မျက်နှာများသည် ဆားထိထားသော ခရမ်းသီးများကဲ့သို့ ညှိုးကျသွားပေ၏။

ချန်မိသားစုကို တိုက်ခိုက်မည်ဆိုသည်မှာ စကားအရာသက်သက်သာ ဖြစ်ကြောင်း သူတို့လည်း သိထားကြသည်။ သူတို့ထံတွင် ထိုကဲ့သို့စိတ်ဆန္ဒမျိုးရှိသော်လည်း အစွမ်းအစ မရှိချေ။

ချင်းမိသားစု၏ အစွမ်းထက်ဆုံး ကျင့်ကြံသူသည် သိုင်းဆရာကြီးနယ်ပယ် အထွတ်အထိပ်အဆင့်တွင်သာရှိသည်။ ချန်မိသားစုတွင်မူ မဟာသိုင်းဆရာကြီးအဆင့်ရှိသော ကျင့်ကြံသူများ ရှိနေပေ၏။

အင်အားအရ နှိုင်းယှဉ်ပါက ချင်းမိသားစုသည် ချန်မိသားစုကို မယှဉ်နိုင်ချေ။ ထို့ပြင် ချင်းမိသားစုတွင် ဆေးပညာရှင် မရှိသည့်အပြင် ချန်မိသားစုလောက်လည်း မချမ်းသာချေ။

မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ချင်းမိသားစုသည် ချန်မိသားစုထက် အစစအရာရာ နိမ့်ကျနေသည်။

ဤသည်ကိုမြင်ချိန်၌ ချင်းမင်က ခေါင်းခါယမ်းလိုက်သည်။ သူသည် ချင်းမိသားစု၏အင်အားကို တိုးမြှင့်ရန် လိုအပ်သည်ဟု ခံစားမိလေ၏။

သူ၏ဆေးနတ်ဘုရားစွမ်းအားဖြင့် အရာရာတိုင်းကို ဖြေရှင်း၍မရချေ။

သူ၏အချိန်သည် အလွန်အဖိုးတန်သည်။ ချင်းမိသားစု၏အင်အားကို တိုးမြှင့်ခြင်းသည် အရေးတကြီး လုပ်ဆောင်ရမည့် ကိစ္စတစ်ခုဖြစ်ပုံရသည်။

ထို့ပြင် ချင်းမိသားစုတွင် အင်အားရှိလာပါက သူ၏ညီမလေး လမ်းပေါ်ထွက်လျှင် အစောင့်တချို့ကို လိုက်ပါသွားစေနိုင်သည်။ ထိုသို့ဆိုပါက ချင်းချင်း အရိုက်ခံရသသည့် ဖြစ်ရပ်မျိုး ထပ်မဖြစ်စေနိုင်တော့ပေ။

ထို့ပြင် ချင်းမင်သည် သူတို့မိသားစုကို လျှို့ဝှက်၍စောင့်ကြည့်နေသော အင်အားစုတစ်ခု ရှိနေကြောင်း သိသည်။ သူတို့မိသားစု သတိလစ်ဟင်းသွားသည်နှင့် ထာဝရပျောက်ကွယ်သွားနိုင်သည်။

သူခိုးကို ဖမ်းရန် ရက်တစ်ထောင် စောင့်နိုင်သော်လည်း သူခိုးကို ကာကွယ်ရန် ရက်တစ်ထောင် စောင့်၍မရနိုင်ပေ။ ချင်းမင်သည် ကိုယ်ပိုင်အင်အားတချို့ကို မွေးမြူပြီး မိသားစု၏အင်အားကို တိုးမြှင့်ရန် တိတ်တဆိတ်ဆုံးဖြတ်လိုက်၏။

ချင်းမင်သည် မိသားစု၏စိတ်ဓာတ်ကို ကျဆင်းသွားခွင့် မပြုနိုင်ပေ။ သူသည် လူတိုင်းကို ယုံကြည်မှုတချို့ ပေးလိုသောကြောင့် ပြောဆိုလိုက်၏။

"အကြီးအကဲတို့...ငါတို့မိသားစုမှာ ဆေးပညာရှင် မရှိဘူးလို့ ဘယ်သူ ပြောလဲ"

"ငါတို့မိသားစုမှာ ဆေးပညာရှင် ရှိတယ်.. ဟုတ်လား...အကြီးအကဲတစ်ယောက်အနေနဲ့ ငါတို့မိသားစုမှာ ဆေးပညာရှင်တစ်ယောက် ရှိတာကိုတောင် ငါ ဘာလို့ မသိရတာလဲ.. မင်းက သူ့ကို ဖိတ်ခေါ်လိုက်တာလား... သူ အခုဘယ်မှာလဲ"

ဆံပင်များဖြူဖွေးနေသော အကြီးအကဲတစ်ဦးက မတ်တတ်ထရပ်ပြီး မေးမြန်းလိုက်သည်။

All Chapters