← Chapters

ငါတို့မှာလည်း ဆေးပညာရှင်တွေ ရှိတယ်

Vol. 3 Ch. 35

ငါတို့မှာလည်း ဆေးပညာရှင်တွေ ရှိတယ်

Vol. 3 Ch. 35

ချင်းမင်က ရယ်ပြုံးပြီး အော်ခေါ်လိုက်သည်။

"ဆရာ...ကျေးဇူးပြုပြီး ထွက်လာခဲ့ပါတော့.."

"ချင်းမင်....ဆရာ့ကို ရှာနေတာ ဘာကိစ္စရှိလို့လဲ" ချင်းယန်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောပြီး အခန်းထဲသို့ ဝင်ရောက်လာသည်။

အကြီးအကဲတချို့နှင့် ချင်းမင်၏အဖေတို့သည် သူတို့၏ရှေ့မှ အဘိုးအိုကို ကြည့်လိုက်ကြ၏။

ချင်းယွမ်သည် ချက်ချင်းဆိုသလိုပင် အဘိုးအိုထံသို့ လျှောက်သွားပြီး အရိုအသေပြုကာ ပြောဆိုလိုက်သည်။

"တဆိတ်လောက်... ဆရာကြီးက ချင်းမင်ပြောတဲ့ သူ့ရဲ့ဆရာလား..."

ချင်းယန်က သူ၏မုတ်ဆိတ်ကိုသပ်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်.... ငါက ချင်းမင်ရဲ့ဆရာ ချင်းယန်ပဲ"

လူများအားလုံးသည် ချင်းယန်၏ ထူးခြားသော အရှိန်အဝါကို ကြည့်လိုက်ကြပြီး သူသည် အစစ်အမှန် အစွမ်းထက်သော အဆင့်မြင့်ပုဂ္ဂိုလ်ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိသွားကြသည်။ ချန်မိသားစု၏ဆေးပညာရှင်သည် ချင်းယန်ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။

အမှန်အားဖြင့် ချင်းယန်သည် ဆေးဘုရင်ဖြစ်ပြီး သူ၏စွမ်းအားသည် သိုင်းဘုရင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ ချန်ကုန်းမြေတစ်ခုလုံးတွင် နာမည်ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးပင်။

"ဆရာကြီးရဲ့ စွမ်းအားအဆင့်က ဘယ်လောက်ရှိလဲဆိုတာ မေးလို့ရမလား"

အကြီးအကဲတစ်ဦးက သိချင်စိတ်ပြင်းပြစွာ မေးမြန်းလိုက်သည်။

ချင်းယန်က ပြုံးရယ်ပြီး ပြောဆိူသည်။

"မင်းက ဆေးပညာအဆင့်ကို ပြောတာလား ဒါမှမဟုတ် ငါ့ရဲ့ သိုင်းပညာအဆင့်ကို ပြောတာလား"

"နှစ်ခုလုံးပါ..."

အကြီးအကဲက အနေခက်စွာဖြင့် ပြောဆိုလိုက်၏။ သူတစ်ပါး၏စွမ်းအားအဆင့်ကို ပေါ့ပေါ့ဆဆ မေးမြန်းခြင်းသည် အလွန်ရိုင်းပြရာကျပေ၏။

"ဟား ဟား ဟား..."

ချင်းယန်က ရယ်မောပြီး ပြောဆိုသည်။

"ငါ့ရဲ့သိုင်းပညာအဆင့်က မဟာသိုင်းဆရာကြီးအဆင့်မှာရှိတယ်...ဆေးပညာအဆင့်ကတော့ မဟာဆေးပညာရှင်တစ်ယောက်ပဲ"

ဤသည်မှာ ချင်းမင်နှင့်ချင်းယန်တို့ ကြိုတင်တိုင်ပင်ထားသော ကိစ္စပင်။ ယခုချိန်၌ ချင်းယန်သည် ဒဏ်ရာရနေသောကြောင့် သူ၏ကျင့်ကြံဆင့်ကို အလွန်မြင့်မားစွာ ပြောဆိုရန်မှာ မသင့်တော်ချေ။

"မဟာသိုင်းဆရာကြီးနယ်ပယ်လား.... "

အကြီးအကဲများအားလုံး အံ့အားသင့်သွားကြသည်။ သူတို့ထံသို့ မဟာသိုင်းဆရာအဆင့်ရှိသော ကျင့်ကြံသူတစ်ဦး လာရောက်ပူးပေါင်းခဲ့သလော...။

"မဟာဆေးပညာရှင်က ဘယ်အဆင့်လဲ" အကြီးအကဲတစ်ဦးက ဖျော့တော့တော့အသံဖြင့် မေးမြန်းသည်။

လျိုမြို့တွင် ဆေးပညာရှင်များ အလွန်နည်းပါးကာ သူတို့သည် ဆေးပညာရှင်များနှင့် တစ်ကြိမ်တစ်ခါမျှ ထိတွေ့ဆက်ဆံဖူးခြင်း မရှိသောကြောင့် မဟာဆေးပညာရှင်သည် မည်သည့်အဆင့်ဖြစ်သည်ကို မသိကြချေ။

ထိုအချိန်တွင် အစေခံမလေးသည် ကုလားထိုင်တစ်လုံးကို ယူလာပြီး ချင်းယန်၏ နောက်တွင် ချပေးလိုက်သည်။

ချင်းယန်သည် ထိုင်ချလိုက်၏။ သူ ထိုင်ပြီးနောက် ချင်းမင်နှင့်ချင်းယွမ်တို့ မထိုင်သေးသည်ကို တွေ့ချိန်၌ သူ ချက်ချင်းပြန်ထရပ်လိုက်သည်။

"အဟွတ်...အဟွတ်... ငါ မင်းတို့ကို ဆေးပညာရှင်ရဲ့ အဆင့်တွေအကြောင်း ပြောပြမယ်"

"ပထမဆုံးအနေနဲ့ဆေးပညာရှင်အဆင့်က သိုင်းပညာရှင်ရဲ့အဆင့်နဲ့ ကိုက်ညီတယ်.... ကျင့်ကြံသူတစ်ယောက်ကို အဆင့်တိုးစေတဲ့ ဆေးလုံးတွေကို ဖော်စပ်နိုင်ရင် အဲ့ဒါက ဆေးပညာရှင်ရဲ့ အဆင့်ပဲ... ဥပမာအနေနဲ့ ငါက မဟာဆေးပညာရှင်ဆိုရင် မဟာသိုင်းဆရာကြီးနယ်ပယ် ကျင့်ကြံသူတွေရဲ့ စွမ်းအားကို တိုးစေနိုင်တဲ့ ချီစုစည်းခြင်းဆေးလုံးကို ဖော်စပ်နိုင်တယ်...ချန်မိသားစုရဲ့ ဆေးပညာရှင်ကတော့ သိုင်းဆရာကြီးတွေရဲ့ စွမ်းအားကို တိုးစေတဲ့ ချီမြှင့်တင့်ခြင်ဆေးလုံးကိုပဲ ဖော်စပ်နိုင်တယ်.... ဒါကြောင့် သူက ဆေးပညာရှင်အဆင့်မှာပဲ ရှိတယ်"

အကြီးအကဲအားလုံး နားလည်သဘောပေါက်သွားကာ ခေါင်းညိတ်လိုက်ကြသည်။

"မဟာဆေးပညာရှင်ရဲ့အထက်မှာ ဆေးသခင် စိတ်ဝိညာဥ်ဆေးသခင် ပြီးတော့ ဆေးဘုရင်ဆိုတာတွေ ရှိသေးတယ်...အဲ့ဒီထက်မြင့်တဲ့ အဆင့်တွေကတော့ မင်းတို့သိရင်တောင် ဘာမှအသုံးမဝင်ဘူး...ဒါတွေက သိုင်းပညာရှင်တွေရဲ့ အဆင့်ဖြစ်တဲ့ သိုင်းအကြီးအကဲ သိုင်းစိတ်ဝိညာဥ် သိုင်းဘုရင်တို့နဲ့ အတူတူပဲ"

"ဒီလိုကိုး... ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး..."

ချင်းယွမ်နှင့်အကြီးအကဲများများသည် ချင်းယန်ကို အရိုအသေပြုလိုက်ကြ၏။

ချင်းယန်သည် သူတို့ကို ချက်ချင်းတွဲထူပေးလိုက်ပြီး အပြုံးနှင့် ပြောဆိုလိုက်သည်။

"ငါက ချင်းမင်ရဲ့ဆရာ....မင်းတို့အားလုံးက ချင်းမင်ရဲ့အကြီးအကဲတွေဆိုတော့ ငါတို့က မျိုးဆက်တူမိတ်ဆွေတွေ ဖြစ်သင့်တယ်"

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...ဆရာကြီးက က မဟာသိုင်းဆရာကြီးအဆင့် ကျင့်ကြံသူ ဖြစ်တဲ့အပြင် မဟာဆေးပညာရှင်တစ်ယောက်ပဲ...ခင်ဗျားရဲ့ဂုဏ်အဆင့်အတန်းက ကျွန်တော်တို့ထက် အများကြီးပိုမြင့်ပါတယ်.."

အကြီးအကဲများက တညီတညွတ်တည်း ပြောလိုက်ကြသည်။

"အဲ့ဒီလိုပဲ ထားလိုက်ပါ"

ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။

"ကျွန်တော့်ရဲ့ဆရာက အရမ်းပေါ့ပေါ့ပါးပါးနေတတ်တဲ့သူပါ... ဒီလိုမျိုး လွန်ကဲတဲ့ထုံးတမ်းတွေ မလုပ်ကြပါနဲ့တော့...တခြားလူတွေအတွက် ရယ်စရာဖြစ်နေလိမ့်မယ်"

"ဒါက မကောင်းဘူးလေ...အစွမ်းထက်တဲ့သူတွေမှာ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့စည်းကမ်းတွေ ရှိတယ်... ငါတို့က စည်းကမ်းတွေကို မဖောက်ဖျက်နိုင်ဘူး.. လူရယ်စရာဖြစ်အောင် မလုပ်နိုင်ဘူး"

အကြီးအကဲများက ခေါင်းမာမာနှင့် ငြင်းဆန်ကြသည်။

"ဒါဆိုရင် ကျွန်တော်တို့က ခင်ဗျားကို အကြီးအကဲချင်းလို့ ခေါ်မယ်... ဒီလိုဆိုရင် အဆင်ပြေမလား"

ချင်းယွမ်က ပြောဆိုလိုက်သည်။

"ကောင်းပြီလေ.. ဒါဆိုရင် ဒီလိုပဲ လုပ်ကြတာပေါ့"

ချင်းယန်က အပြုံးနှင့် ပြောဆိုလိုက်၏။

ချင်းမင်၏ဆရာအဖြစ် ဟန်ဆောင်နေရသည်မှာပင် သူ့ကို ထိုင်မရထမရ ဖြစ်နေစေလေပြီ။ ထိုကြောင့် သူသည် သူတို့၏ ရိုသေလေးစားစွာ အရိုအသေပြုခြင်းကို မည်သည်ကြောင့် လက်ခံရဲမည်နည်း။

All Chapters