← Chapters

အကွက်ရှစ်ကွက်

Vol. 3 Ch. 36

အကွက်ရှစ်ကွက်

Vol. 3 Ch. 36

ချင်းယွမ်သည် ချင်းယန် သဘောတူသည်ကို ကြားချိန်၌ ဝမ်းမြောက်စွာ ပြောဆိုလိုက်သည်။

"အကြီးအကဲချင်း....ခင်ဗျားက ကျွန်တော်တို့မိသားစုရဲ့ ဂုဏ်ထူးဆောင်ဧည့်အကြီးအကဲ ဖြစ်ချင်ပါသလား"

ချင်းမိသားစုတွင် ဂုဏ်ထူးဆောင်ဧည့်အကြီးအကဲဆိုသည်မှာ အကြီးအကဲတစ်ယောက်နှင့် တူညီပြီး သက်ဆိုင်ရာ တာဝန်များကိုလည်း ထမ်းဆောင်ရသည်။

သားဖြစ်သူက သူတို့၏မိသားစုတွင်လည်း ဆေးပညာရှင်တစ်ဦးရှိသည်ဟုဆိုကာ သူ၏ဆရာကို ခေါ်ဆောင်လာသောကြောင့် ထိုအဘိုးအိုတွင် သူတို့မိသားစု၏ ဂုဏ်ထူးဆောင်ဧည့်အကြီးအကဲ ဖြစ်လာရန် ဆန္ဒရှိနေပေမည်။ ထိုသို့မဟုတ်လျှင် ချင်မင်သည် သူတို့မိသားစုတွင်လည်း ဆေးပညာရှင်တစ်ဦးရှိသည်ဟု ပြောဆိုလိမ့်မည် မဟုတ်ပေ။

မျှော်လင့်ထားသည့်အတိုင်းပင် အဘိုးအိုက ခေါင်းညိတ်ကာ သဘောတူလိုက်၏။

"ဟား ဟား ဟား... ဒါတွေအားလုံးက ငါ့ရဲ့တပည့်က တောင်းဆိုလို့ပဲ....မဟုတ်ရင် ငါ့လို ကြီးကျယ်ခမ်းတဲ့ ဆေးပညာရှင်က မင်းတို့ ချင်းမိသားစုရဲ့ဂုဏ်ထူးဆောင်ဧည့်အကြီးအကဲ ဘယ်လိုလုပ်ပြီး ဖြစ်လာနိုင်မှာလဲ..."

ချင်းယွမ်က ချင်းမင်ကို အသိအမှတ်ပြုသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး ချင်းယန်ကို ဦးညွှတ်ကာ ကျေးဇူးတင်စကား ပြောဆိုလိုက်သည်။

"ချင်းမိသားစုကိုယ်စား ကျေးဇူးတင်ပါတယ်..."

ချင်းယန်က သူ၏လက်ကို ဝှေ့ယမ်းပြီး ပြောဆိုသည်။

"မင်းတို့ ကျေးဇူးတင်ချင်ရင် ချင်းမင်ကိုပဲ ကျေးဇူးတင်လိုက်ပါ...သူ တောင်းဆိုခဲ့တာကြောင့် ငါ့က မင်းတို့မိသားစုရဲ့ ဆေးပညာရှင် ဖြစ်လာတာပဲ"

ထိုအချိန်မှာပင် အကြီးအကဲတစ်ဦးက ရုတ်တရက် ပြောဆိုလိုက်သည်။

"အကြီးအကဲချင်း... ကျွန်တော်တို့က ဆေးပညာရှင်တစ်ယောက် ဆေးလုံးဖော်စပ်တာကို မမြင်ဖူးသေးဘူး....ကျွန်တော်တို့ကို သရုပ်ပြပေးလို့ရမလား..."

ဤအကြီးအကဲသည် ချင်းယန်အပေါ် အနည်းငယ် သံသယဝင်နေသည်။ မည်သို့ပင်ဆိုစေကာမူ သူနှင့်ချင်းယန် တွေ့ဆုံသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်က ထိုကဲ့သို့ ဆေးပညာရှင်တစ်ဦးအကြောင်းကိုလည်း သူ တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ချေ။

ချင်းယန်သည် ကျောက်တုံးထဲမှ ခုန်ထွက်လာသကဲ့သို့ ထွက်ပေါ်လာသဖြင့် လူအများကို မလုံခြုံသော စိတ်ခံစားချက်မျိုး ပေးစွမ်းနေသည်။

ချင်းယန်သည်လည်း စိတ်မဆိုးချေ။ ချင်းမိသားစုကဲ့သို့ သေးငယ်သော မိသားစုတစ်စုထံသို့ ကြီးကျယ်ခမ်းနားသော ဆေးပညာရှင်တစ်ဦး ရောက်ရှိလာသည်ကို မည်သူမျှ ယုံကြည်မည်မဟုတ်ကြောင်း သူလည်း သိရှိထားပေ၏။

သူတို့မှ ဤတောင်းဆိုချက်ကို မပြုလုပ်လျှင်ပင် သူသည် သရုပ်ပြရန် အခွင့်အရေးတစ်ခုကို ရှာဖွေရပေမည်။

"ကောင်းပြီလေ... ငါ မင်းတို့ကို လက်တွေ့ပြသမယ်....ဒီနေ့တော့ ကြီးကျယ်ခမ်းနားတဲ့ ဆေးပညာရှင်တစ်ယောက်က ဆေးလုံးကို ဘယ်လိုဖော်စပ်တယ်ဆိုတာ မင်းတို့ မြင်စေရမယ်..."

"အမ်...ဒီနေရာမှာ လူတွေအများကြီးနဲ့ စည်ကားနေတာပဲ...."

ချင်းချင်းသည် သူမဖခင်၏စာကြည့်ခန်းထဲတွင် လူအမြောက်အများရှိနေကို မြင်ချိန်၌ မနေနိုင်တော့ဘဲ ဝင်ရောက်လာသည်။

သူမသည် ချင်းမင်ကို လာရှာခြင်းဖြစ်ပေ၏။ ချင်းမင် ဤနေရာတွင် ရှိသည်ဟု ချင်းမိသားစု၏အစေခံများထံမှ ကြားသိရသောကြောင့် သူမ ရောက်လာခြင်း ဖြစ်သည်။

ဤနေရာတွင် ဤမျှထိ စည်ကားနေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ချေ။

"ဒါက..."

ချင်းယန်သည် အခန်းအတွင်းသို့ ဝင်လာသော မိန်းကလေးကို မြင်တွေ့ချိန်၌ မေးမြန်းလိုက်သည်။

ချင်းယွမ်က ချင်းချင်းကို တစ်ချက်ကြည့်ပြီး ပြောဆိုလိုက်၏။

"ဒါက ကျွန်တော့်ရဲ့သမီး.... သူရဲ့နာမည်က ချင်းချင်းပါ"

"ချင်ချင်း...အကြီးအကဲကို လာပြီး ဂါရဝမပြုသေးဘဲနဲ့ ဘာလုပ်နေတာလဲ..."

"ဟုတ်ကဲ့..."

ချင်းချင်းသည် ချင်းယွမ်ကို အနည်းငယ် ကြောက်ရွံ့သဖြင့် ခပ်သွက်သွက်လျှောက်လာပြီး မုတ်ဆိတ်ဖြူ ဆံပင်ဖြူနှင့် အဘိုးအိုကို ကြည့်ကာ ဦးညွှတ်အရိုအသေပြုလိုက်သည်။

"ချင်းချင်းက အကြီးအကဲကို ဂါရဝပြုပါတယ်.... အကြီးအကဲက အစ်ကိုပြောပြောနေတဲ့ သူ့ရဲ့ဆရာပဲဖြစ်ရမယ်...ဟုတ်တယ်မလား... တကယ်ကို အစွမ်းထက်တာပဲ...ကျွန်မ ထင်ထားတဲ့အတိုင်းပဲ"

"ဟာ... ဟား...ဟား ..."

ချင်းယန်က အကြိမ်ရေအနည်းငယ် ရယ်မောပြီး ပြောဆိုသည်။

"ငါလည်း မင်းအကြောင်းကို ချင်းမင် ပြောတာ ကြားဖူးပါတယ်"

"ကျွန်မ့အကြောင်း ဘာတွေပြောလို့လဲ"

ချင်ချင်း၏မျက်လုံးများ ဝိုင်းစက်နေကာ စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

ချင်းယန်က သူ၏မုတ်ဆိတ်ကိုပွတ်သပ်ကာ အပြုံးနှင့် ပြောဆိုလိုက်၏။

"မင်းက လိမ္မာတယ် သိတတ်တယ် ထက်မြက်ပြီး ချစ်စရာကောင်းတယ်လို့ သူက ပြောတယ်"

"တကယ်လား"

ချင်ချင်း၏မျက်နှာပေါ်တွင် အပြုံးများ ပွင့်လန်းသွားကာ သူမ၏ပါးစပ်ကိုပင် မစေ့နိုင်တော့ချေ။

"ဟား ဟား ဟား..."

အကြီးအကဲများ ချင်းယွမ်နှင့် ချင်းမင်တို့အားလုံး ရယ်မောလိုက်ကြသည်။

ထိုအချိန်မှာပင် ချင်းယန်က သူ၏သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်းငယ်တစ်ခုကို ထုတ်ယူကာ ချင်ချင်းထံသို့ ပေးလိုက်သည်။

"ပထမဆုံး တွေ့ဆုံတဲ့အထိမ်းအမှတ်အနေနဲ့ မင်းကို လက်ဆောင်လေးတစ်ခု ပေးမယ်..."

"ကျေးဇူးတင်ပါတယ်"

ချင်ချင်းသည် လက်ဆောင်ရမည်ဟု ကြားသည်နှင့် ချက်ချင်းဆိုသလိုပင် သူမ၏မျက်လုံးများ တောက်ပသွားသည်။

ထိုလက်ဆောင်ကို လက်ခံပြီးနောက် ချင်ချင်းသည် နေရာ၌ပင် ချက်ချင်းဖွင့်ကာ ဆေးလုံးတများကို ပုလင်းထဲမှ သွန်ထုတ်လိုက်သည်။

"အမ်..."

ချင်းယွမ်က တားဆီးလိုသော်လည်း ချင်းချင်း၏လှုပ်ရှားမှုသည် အလွန်မြန်ဆန်ကာ စကားမဆုံးမီမှာပင် သူမက ဆေးလုံးကို ထုတ်ယူပြီးဖြစ်သည်။

လူတစ်ယောက်၏ရှေ့တွင် လက်ဆောင်ကို ဖွင့်ခြင်းသည် အလွန်ရိုင်းပြသော အပြုအမူဖြစ်သော်လည်း ချင်းချင်းသည် ငယ်ရွယ်လွန်းသဖြင့် နားမလည်သေးချေ။

"အကွက်ရှစ်ကွက်ပါတဲ့ ဆေးလုံး...ဒါက အဆင့်မြင့် ချီစုစည်းခြင်းဆေးလုံးပဲ"

အကြီးအကဲတစ်ဦးက အံ့အားတသင့် ရေရွတ်လိုက်သည်။ သူသည် ပုလင်းထဲမှ ဆေးလုံးများကို မြင်တွေ့မိပြီးဖြစ်သည်။

ချီစုစည်းခြင်းဆေးလုံးကိုမူ သူ အလွန်ရင်းနှီးသော်လည်း အကွက်ရှစ်ကွက်ပါသော ဆေးလုံးမျိုးကိုမူ...

ဤသည်မှာ သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

All Chapters