← Chapters

ချင်းယန်၏ဆေးဖော်စပ်ခြင်း

Vol. 3 Ch. 37

ချင်းယန်၏ဆေးဖော်စပ်ခြင်း

Vol. 3 Ch. 37

"ဒါက အကွက်ရှစ်ကွက်ပါတဲ့ ချီစုစည်းခြင်းဆေးလုံးပဲ"

ချင်းယွမ်အပါအဝင် လူများအားလုံးက အံ့အားတသင့် ရေရွတ်လိုက်ကြသည်။

လျိုမြို့တစ်မြို့လုံးတွင် အကွက်ခုနစ်ကွက်ပါသော ဆေးလုံးကို အကောင်းဆုံးဟု ဆိုနိုင်သော်လည်း ယခုချိန်တွင်မူ ချင်းယန်က အကွက်ရှစ်ကွက်ပါသော ဆေးလုံးကို မထင်မှတ်ဘဲ ထုတ်ယူလိုက်၏။

ဤသည်မှာ အကွက်ရှစ်ကွက်ပါသော ချီစုစည်းခြင်းဆေးလုံး ဖြစ်သော်လည်း သာမန်လက်ဆောင်တစ်ခုသာ ဖြစ်သောကြောင့် ချင်းယန်အတွက် တန်ဖိုးကြီးသော အရာတစ်ခု မဟုတ်မည်မှာ သေချာပေါက်ပင်။

ချင်းယန် မည်မျှထိ ချမ်းသာကြွယ်ဝသည်ကို ခန့်မှန်းကြည့်၍ ရနိုင်သည်။

ချင်းယန်က သူ၏ နဖူးကို တို့ထိလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ဤအခြေအနေမျိုး ကြုံတွေ့နိုင်သည်ကို သိသောကြောင့် ချီစုစည်းခြင်းဆေးလုံးတချို့ကို ဖော်စပ်ထားခဲ့သည်။ ထိုသို့မဟုတ်လျှင် ဤအခြေအနေတွင် မည်သည့်လက်ဆောင် ပေးရမည်ကို သူ သိလိမ့်မည် မဟုတ်ပေ။

ထိုမိန်းကလေးသည် ချင်းမင်၏ညီမ သူ၏စိတ်နှလုံးသားအတွင်းမှ ဆရာ၏ညီမ ဖြစ်ရာ လက်ဆောင်မပေးဘဲ မည်သို့ ဖြစ်နိုင်မည်နည်း။

"မင်းက မကြာခင်မှာ သိုင်းစစ်သည်တော်အဆင့်ကို တက်လှမ်းတော့မှာပဲ..ဒီဆေးလုံးတွေက မင်းအတွက် အံကိုက်ပဲ"

ချင်းယန်က အပြုံးနှင့် ပြောဆိုသည်။

"ဘာကြီးလဲ....ပုံစံ ရှစ်မျိုးပဲရှိပြီး ဆယ်လုံးပဲပါတယ်...ဆေးအိုးတစ်ဝက်စာရှိတယ်... ချိုလည်း မချိုဘူး...တကယ်ပဲ..."

ချင်းချင်းက တီးတိုးရေရွတ်လိုက်သည်။

ဤသည်မှာ သူမ၏အစ်ကိုပေးသော ဆေးလုံးများနှင့် များစွာကွာခြားပေ၏။

ချင်ချင်း၏အသံသည် အလွန်တိုးသောကြောင့် လက်ရှိနေရာတွင်ရှိနေသူများ မကြားလိုက်ကြချေ။

ချင်းယန်ကမူ ချွင်းချက်ပင်။

သူသည် သိုင်းဘုရင်အဆင့်ရှိသော အစွမ်းထက်ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့သူပင်။ သူ၏ဒန်တျန် ပျက်စီးသွားခဲ့သော်လည်း တခြားစွမ်းရည်များကိုမူ အသုံးပြုနိုင်သေးသည်။ ထို့ကြောင့် ချင်းချင်း၏တီးတိုးရေရွတ်သံကို သူ သေချာကြားလိုက်ရပေ၏။

အဘိုးအို၏မျက်နှာ နီမြန်းသွားပြီး သူနှင့်ချင်းမင်၏ အရည်အချင်းသည် များစွာကွာခြားကြောင်း သူ သိလိုက်ရသည်။ သူမ၏ စကားကို နားထောင်ရသည်မှတဆင့် သူမသည် ချင်းမင် ဆေးဖော်စပ်သည်ကို မြင်ဖူးသည်မှာ သိသာထင်ရှားသည်။

သူ့ကို ချင်းမင်နှင့် နှိုင်းယှဉ်နေသလော...

အဟွတ်...အဟွတ်...

"ကောင်းပြီလေ... ငါ အခု ဆေးစဖော်တော့မယ်... မင်းတို့ နေရာဖယ်ပေးကြအုံး...အင်း... မင်းတို့ လုပ်ပြီးသွားပြီပဲ...ဒါဆိုရင် ငါ တိုက်ရိုက် စတင်လိုက်တော့မယ်..."

ချင်းယန်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ စာကြည့်ခန်းထဲတွင် ကြီးကျယ်ခမ်းနားသော ဆေးမီးဖိုကြီးတစ်လုံး ထွက်ပေါ်လာသည်။

သူ၏လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ချိန်၌ ချင်းယန်၏ရှေ့တွင် စိတ်ဝိညာဉ်ဆေးပင်အမျိုးမျိုး ထွက်ပေါ်လာပေ၏။

ထို့နောက် သူသည် ပလ္လင်ခွေခွေထိုင်လိုက်ရာ သူ၏ဟန်ပန်တစ်ခုလုံး ပြောင်းလဲသွားသည်။

အစောပိုင်းက သူသည် ဖော်ရွေပျူငှာသော အဘိုးအိုပုံပေါက်ခဲ့လျှင် ယခုချိန်၌မူ သူသည် သာလွန်ထူးကဲသော ဆရာသခင်တစ်ဆူ ဖြစ်နေသည်။

ချင်းယန်သည် သူ၏မျက်လုံးများကို မှိတ်လိုက်ပြီးနောက် ရုတ်တရက် ပြန်ဖွင့်လိုက်၏။ ထို့နောက် သူ၏လက်ဝါးကို ဆေးမီးဖိုပေါ်တွင် တင်လိုက်ရာ အိုးအောက်ခြေတွင် မီးတောက်များ ချက်ချင်းထွက်ပေါ်လာသည်။

အကြီးအကဲတချို့နှင့်ချင်းယွမ်တို့သည် မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ ဂရုတစိုက် ကြည့်ရှုနေကြသည်။ ဤသည်မှာ သူတို့အတွက် တစ်စုံတစ်ယောက် ဆေးလုံးဖော်စပ်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

တဖြည်းဖြည်းနှင့် မီးတောက်သည် ပို၍ကြီးမားလာပြီး ချင်းယန်က ပြောဆိုလိုက်၏။

"ဒါက ဆေးမီးဖိုကို အပူပေးတာလို့ ခေါ်တယ်... မီးဖိုတစ်ခုလုံးရဲ့ အပူချိန်ကို ညီမျှအောင် လုပ်နိုင်မှသာ ဆေးပင်တွေရဲ့ ပြောင်းလဲမှုကို ပိုပြီး ကောင်းကောင်းထိန်းချုပ်နိုင်လိမ့်မယ်..."

ဆေးမီးဖိုတစ်ခုလုံး၏အပူချိန်သည် အတိုင်းအတာတစ်ခုသို့ ရောက်ရှိချိန်၌ ချင်းယန်က စိတ်ဝိညာဉ်ဆေးပင်များကို ဖြည်းဖြည်းချင်း စတင်ထည့်လိုက်သည်။

"ဒီအဆင့်က စိတ်ဝိညာဉ်ဆေးပင်တွေထဲက အညစ်အကြေးတွေကို ဖယ်ရှားပြီးတော့ ပိုပြီး သန့်စင်သွားအောင် လုပ်တာပဲ...မင်းတို့သိတဲ့အတိုင်း စိတ်ဝိညာဉ်ဆေးပင်အားလုံးမှာ အညစ်အကြေးတွေ ရှိတယ်...ဒီအညစ်အကြေးတွေက ဆေးထဲက အဆိပ်အတောက်တွေပဲ..."

"ဒီအညစ်အကြေးတွေကို အကုန်အစင် ဖယ်ရှားပစ်လို့ မရနိုင်ဘူး...ဒါပေမဲ့ အညစ်အကြေးနည်းနည်းပါတဲ့ ဆေးလုံးဖြစ်လေလေ မျက်နှာပြင်မှာ အကွက်တွေ ပိုများလေလေပဲ...ပြီးပြည့်စုံတဲ့ အကွက်ကိုးကွက်ပါဆေးလုံးက အညစ်အကြေး အနည်းဆုံးဖြစ်ပြီးတော့ မပြောပလောက်တဲ့ ပမာဏအထိ နည်းပါးတယ်"

"ဒါက ပြီးပြည့်စုံခြင်းအဆင့် ဆေးလုံးက တန်ဖိုးအရှိဆုံး ဖြစ်နေရတဲ့ အကြောင်းအရင်းပဲ... ဆေးလုံးမှာ အညစ်အကြေး နည်းလေလေ စိတ်ဝိညာဉ်ဆေးပင်တွေ ပိုပြီးအပြည့်အဝ ပေါင်းစပ်နိုင်လေလေဖြစ်ပြီးတော့ ဆေးအာနိသင် ပိုကောင်းလာလိမ့်မယ်"

ချင်းယန်သည် စကားပြောဆိုနေရင်း စိတ်ဝိညာဉ်ဆေးပင်များကို ဆေးမီးဖိုအတွင်းသို့ ဂရုတစိုက် ထည့်လိုက်သည်။

ဆေးမီးဖိုအတွင်းတွင် စိတ်ဝိညာဉ်ဆေးပင်များ အထက်အောက် ပျံဝဲနေသည်ကို မြင်ချိန်၌ ချင်းယွမ်က သက်ပြင်းရှိုက်လိုက်သည်။ သူသည် ဆေးပညာရပ်တွင် ပါရမီမရှိကြောင်း သူကိုယ်တိုင်လည်း သိရှိထားပေ၏။

ယခင်က သူသည် ဆေးလုံးဖော်စပ်ရန် ကြိုးစားခဲ့ဖူးသည်။ သူသည် အလွယ်ကူဆုံး အဆင့်ကိုပင် ကောင်းစွာ မလုပ်နိုင်ခဲ့ဘဲ အကျိုးဆက်အနေဖြင့် အခြေခံအကျဆုံး ဆေးလုံးကိုပင် မဖော်စပ်နိုင်ခဲ့ချေ။

ဆေးဖော်ခြင်းကို ကြည့်ရသည်မှာ လွယ်ကူသော်လည်း အကယ်၍ တစ်စုံတစ်ယောက်သည် အမှန်တကယ် ကြိုးစားကြည့်မည်ဆိုလျှင် မည်မျှထိ ခက်ခဲသည်ကို သိရှိသွားပေလိမ့်မည်။

"ကောင်းပြီ...အခုက အရေးအကြီးဆုံး အချိန်ပဲ...ဆေးဖော်စပ်တာ အောင်မြင်ခြင်း မအောင်မြင်ခြင်းက ဒီအဆင့်အပေါ်မှာ မူတည်တယ်"

"ဆေးလုံးကို ပေါင်းစပ်မယ့်အချိန်က အတိအကျ ဖြစ်ရမယ်...နည်းနည်းစောသွားရင် ဆေးလုံးက အပြည့်အဝ မပေါင်းစပ်သေးတာကြောင့် အသုံးမဝင်တဲ့ဆေးလုံးတွေ ဖြစ်သွားလိမ့်မယ်"

"နောက်ကျသွားရင်တော့ ဆေးမီးတောက်က ဆေးရည်တွေကို အမှုန့်ဖြစ်သွားစေလိမ့်မယ်... နောက်ဆုံးမှာ ဆေးလုံးအဖြစ် ပေါင်းစပ်နိုင်ခဲ့ရင်တောင် ဆေးအာနိသင်တွေ ဆုံးရှုံးပြီးတော့ အညစ်အကြေးတွေ အများကြီး ပါဝင်စေလိမ့်မယ်"

ချင်းယန်၏စကားသံ ဆုံးသည်နှင့် ဆေးမီးဖိုထမှဆေးရည်များ အတူတကွ ပေါင်းစပ်သွားပြီး ဆေးလုံးတစ်လုံး ဖြစ်လာသည်။

All Chapters