ချင်မင်၏ဆေးဖော်စပ်ခြင်း
Vol. 3 Ch. 42
"ပင်ကိုယ်ပါရမီတွေကို အဝါရောင်အဆင့် နက်နဲသိမ်မွေ့အဆင့် မြေကမ္ဘာအဆင့်နဲ့ ကောင်းကင်အဆင့်ဆိုပြီး ခွဲခြားထားတာကိုတော့ ခင်ဗျား သိထားပြီးသား မဟုတ်လား"
"နက်နဲသိမ်မွေ့အဆင့်နဲ့ အဝါရောင်အဆင့် ပင်ကိုယ်ပါရမီတွေကိုတော့ ဘေးဖယ်ထားလိုက်တော့...ဒီအဆင့်ပင်ကိုယ်ပါရမီတွေရဲ့ နိုးထလာတဲ့လူတွေက ဆေးတာအိုမှာ ပါရမီမရှိတဲ့လူတွေပဲ"
"ဒါဆိုရင် မြေကမ္ဘာအဆင့်နဲ့ ကောင်းကင်အဆင့်အကြောင်း ပြောကြရအောင်"
"ကျွန်တော့်ရဲ့လေ့လာတွေ့ရှိမှုအရတော့ မြေကမ္ဘာအဆင့် ပါရမီတွေ နိုးထလာတဲ့လူတွေက ပုံမှန်အနေနဲ့ ဆေးဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်ကိုပဲ ရောက်နိုင်ကြတယ်... ဆေးဧကရာဇ် အဆင့်ကို တက်လှမ်းနိုင်ဖို့ဆိုတာ သူတို့အတွက် မဖြစ်နိုင်သလောက်နီးပါးပဲ...သူတို့က ကံအရမ်းကောင်းမှသာ အဆင့်ခုနစ်ဆေးလုံးတွေကို ဖော်စပ်နိုင်ဖို့ မျှော်လင့်နိုင်လိမ့်မယ်"
"ကောင်းကင်အဆင့် ပင်ကိုယ်ပါရမီရှင်တွေကတော့ အများဆုံးအနေနဲ့ ဆေးသူတော်စင်အဆင့်အထိပဲ ရောက်နိုင်တယ်....သူတို့ထဲက အများစုက ကောင်းကင်အဆင့် ပင်ကိုပါရမီရဲ့ အကူအညီနဲ့ ဆေးအရှင်အဆင့်အထိပဲ ကျင့်ကြံနိုင်ကြတယ်...ဆေးဧကရာဇ် ဖြစ်လာဖို့ ဆိုတာကတော့ အိမ်မက်ထဲမှာပဲ ဖြစ်နိုင်တဲ့ ကိစ္စမျိုးပဲ...အခွင့်အရေးတစ်ခုကြောင့် သူတို့က ဆေးဧကရာဇ်အဆင့်ကို ရောက်ခဲ့ရင်တောင် အဆင့်ကိုးဆေးလုံး တစ်လုံး နှစ်လုံးပဲ ဖော်စပ်နိုင်တဲ့သူ ဖြစ်နေလိမ့်မယ်..."
ချင်မင်က အပြုံးနှင့် ဆက်လက်၍ ပြောဆိုသည်။
"အမှန်တော့ ကျွန်တော် ခုဏက ပြောခဲ့တာတွေက သူတို့တွေ ဆေးမီးဖိုကို မသုံးတဲ့ အခြေအနေမှာပဲ.... ဆေးမီးဖိုကို အသုံးပြုမယ်ဆိုရင် သူတို့အဆင့်တက်ဖို့ အောင်မြင်မှုနှုန်းကို တိုးမြှင့်ပေးနိုင်ပါတယ်"
"ဆေးနတ်ဘုရားအဆင့်ကိုတော့ ကောင်းကင်အဆင့် ပင်ကိုယ်ပါရမီနဲ့ ဆေးမီးဖိုရှိမှသာ တက်လှမ်းနိုင်လိမ့်မယ်....ကံကောင်းခြင်းကြီးကြီးမားမားရှိဖို့ လိုအပ်တယ်ဆိုတာကတော့ ထည့်ပြောဖို့တောင် မလိုဘူး"
"ရှေးဟောင်းခေတ်ကတည်းကနေ အခုချိန်အထိ ဆေးနတ်ဘုရားတစ်ယောက်ပဲ ရှိခဲ့တယ်... ဒီအဆင့်ရဲ့ ခက်ခဲမှုကို ခင်ဗျား တွေးတောကြည့်နိုင်တယ်"
ချင်မင်၏ စကားများသည် အလွန် ကျိုးကြောင်းဆီလျော်ပြီး အခြေအမြစ် ခိုင်မာသည်ကို ကြားချိန်၌ ချင်းယန်သည် ကူကယ်ရာမဲ့စွာဖြင့် လက်ခံလိုက်ရတော့သည်။
"အခု အဲ့ဒီအကြောင်းကို ဆက်မပြောတော့ဘဲနဲ့ ခင်ဗျား ဆေးဧကရာဇ်အဆင့်ကို ဘယ်လိုတက်လှမ်းနိုင်မလဲဆိုတာ ဆွေးနွေးကြရအောင်"
ဆေးဧကရာဇ် ဟူသော စကားလုံးကို ကြားချိန်၌ ချင်းယန်၏စိတ်ဓာတ်သည် တက်ကြွလာပေ၏။ ဤသည်မှာ သူ့ကို အချိန်အတော်ကြာ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သော ပြဿနာတစ်ခုပင်။
သူသည် ဆေးဧကရာဇ်အဆင့်တွင်ရှိသော ဆေးပညာရှင်များထံမှ အကြံဥာဏ် တောင်းခံခဲ့ဖူးသည်။ သို့ရာတွင် သူတို့သည် သူ၏ပင်ကိုယ်ပါရမီ မလုံလောက်ဟုသာ ပြောဆိုကြပြီး မည်သို့ ဖြေရှင်းရမည်ကို မပြောခဲ့ကြပေ။
နောက်ဆုံးတွင် သူသည် သူ၏ ပါရမီ မလုံလောက်မှုကြောင့် ဆေးဧကရာဇ်အဆင့်သို့ မတက်လှမ်းနိုင်ဟု သူ အနည်းငယ် ယုံကြည်လာခဲ့သည်။
ချင်မင်က ဆက်လက်၍ ပြောဆိုသည်။
"ခင်ဗျား ဆေးဧကရာဇ်အဆင့်ကို မတက်လှမ်းနိုင်ရတဲ့ အကြောင်းအရင်းက နှစ်ချက်ရှိတယ်...ပထမအချက်က ခင်ဗျားရဲ့ပင်ကိုယ်ပါရမီက မြေကမ္ဘာအဆင့်မှာ ရှိနေလို့ပဲ...ဒါက ခင်ဗျား ဆေးဧကရာဇ်အဆင့်ကို တက်လှမ်းဖို့အတွက် တကယ်ကို မလုံလောက်ဘူး"
"နောက်ထပ် အဓိက အကြောင်းရင်းတစ်ခု ရှိသေးတယ်..အဲ့ဒါကတော့ ခင်ဗျားရဲ့ အခြေခံအုတ်မြစ်က လုံလုံလောက်လောက် မခိုင်မာလို့ပဲ"
"အခြေခံအုတ်မြစ် မခိုင်မာဘူးလား" အကြီးအကဲချင်းက ခေါင်းခါယမ်းလိုက်သည်။
"မဖြစ်နိုင်ဘူး...ငါက အဆင့်တစ်ဆေးလုံးနဲ့ အဆင့်နှစ်ဆေးလုံးတွေကို အဆင့်မြင့်အဆင့်အထိ ဖော်စပ်နိုင်တယ်"
"တစ်ခါတစ်ရံမှာ ပြီးပြည့်စုံခြင်း အဆင့်ကိုတောင် ရောက်နိုင်သေးတယ်...ပြီးတော့ အဆင့်သုံးဆေးလုံးကိုလည်း အဆင့်မြင့်အဆင့်ရောက်အောင် ငါ ဖော်စပ်နိုင်တယ်"
"အဆင့်ခြောက်ဆေးလုံးကိုတောင် ငါက အလယ်အလတ်အဆင့်အထိ ဖော်စပ်နိုင်တယ်.... ငါ့မှာ သံမဏိလိုခိုင်မာတဲ့ အခြေခံအုတ်မြစ် ရှိတယ်"
ယေဘုယျအားဖြင့် ဆေးပညာရှင်အဆင့်သည် ဖော်စပ်သည့် ဆေးလုံးအဆင့်ထက် တစ်ဆင့်မြင့်နေမှသာ အလယ်အလတ်အဆင့်ဆေးလုံးကို ရရှိနိုင်ပေမည်။
ထို့ကြောင့် ဆေးဘုရင်အဆင့်တွင် အလယ်အလတ်အဆင့်ရှိသော အဆင့်ခြောက်ဆေးလုံးကို ဖော်စပ်နိုင်ခြင်းမှာ ခိုင်မာသော အခြေခံအုတ်မြစ်ရှိသည်ဟု ဆိုနိုင်ပေ၏။
"ခင်ဗျားရဲ့အခြေခံက တကယ် ခိုင်မာလို့လား..."
ချင်မင်က အပြုံးနှင့် ပြောဆိုသည်။
"ခင်ဗျားရဲ့ဆေးမီးဖိုကို ထုတ်လိုက်ပါ... ကျွန်တော်က ခင်ဗျား ကြည့်ဖို့ ဆေးတစ်အိုး ဖော်စပ်ပြမယ်...."
ချင်းမင်သည် ပို၍ကောင်းမွန်စွာ သရုပ်ပြနိုင်ရန်အတွက် ဆေးနတ်ဘုရားခန္ဓာကိုယ်ကို အသုံးမပြုရန် ဆုံးဖြတ်လိုက်သည်။
"ဟုတ်ကဲ့"
အကြီးအကဲချင်းသည် ချင်းမင်က ဆေးဖော်စပ်ပြမည်ဟု ပြောဆိုသည်ကို ကြားချိန်၌ အလွန် စိတ်လှုပ်ရှားသွားပြီး သူ၏ ဆေးမီးဖိုကို သိုလှောင်လက်စွပ်ထဲမှ ချက်ချင်း ထုတ်ယူလိုက်သည်။
ချင်မင်သည် ခေါင်းညိတ်ပြလိုက်ပြီး သူ၏သိုလှောင်လက်စွပ်ထဲမှ စိတ်ဝိညာဉ်ဆေးပင်တချို့ကို ထုတ်ယူလိုက်၏။
အကြီးအကဲချင်းက ထိုအရာများသည် သူ ရင်းနှီးသော စိတ်ဝိညာဉ်ဆေးပင်များ ဖြစ်သည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ သူ အစောပိုင်းက ဖော်စပ်ခဲ့သော ချီစုစည်းခြင်းဆေးလုံးအတွက် လိုအပ်သည့် စိတ်ဝိညာဉ်ဆေးပင်များပင်။
"သေချာ ကြည့်ထားပါ..."
ချင်းမင်သည် ဆေးမီးဖို၏နံဘေးသို့ လျှောက်လှမ်းသွားပြီး သူ၏လက်ကိုတိုက်ရိုက်တင်လိုက်ရာ မီးဖိုထဲတွင် ပြင်းထန်သော မီးတောက်တစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။
"ဒါ..."
အကြီးအကဲချင်း မှင်တက်သွားသည်။ မီးဖိုကို အပူပေးရာတွင် ဤကဲ့သို့နည်းလမ်းမျိုး ရှိပါသလော။ ညင်သာသော မီးတောက်ဖြင့် ဆေးမီးဖိုကို ဖြည်းဖြည်းချင်း အပူပေးရမည် မဟုတ်လော။ သူသည် ဤမျှထိ ပြင်းထန်သော မီးတောက်ကို မည်သည်ကြောင့် အသုံးပြုသနည်း။
ဤသို့ဆိုလျှင် မီးဖိုထဲမှအပူချိန်သည် မည်သို့ ညီမျှနိုင်မည်နည်း။
ချင်းမင်သည် အကြီးအကဲချင်း၏မျက်နှာကို မကြည့်ဘဲ မြေပြင်ပေါ်မှ စိတ်ဝိညာဉ်ဆေးပင်များအားလုံးကို ဆေးမီးဖိုအတွင်းသို့ ထည့်လိုက်သည်။
"မင်း ဘာလုပ်နေတာလဲ"
ဤအချိန်တွင် ချင်းယန်သည် ချင်းမင် အမှန်တကယ် ဆေးလုံး ဖော်စပ်တတ်ခြင်းရှိမရှိဟု သံသယတချို့ ဝင်လာသည်။
ယမန်နေ့ညက ချင်းမင်သည် သူ့အား လှည့်စားခဲ့ခြင်း ဖြစ်နေသလော....